သိုင်းလောကမှာ သူတပါးရဲ့ အတွင်းအားတွေကို စုပ်ယူနိုင်တဲ့ သိုင်းပညာကို "မိစ္ဆာပညာ"၊ "လမ်းလွဲပညာ" အဖြစ် အဖြူရောင်သိုင်းလောကသားတွေက မသင်ယူဘဲ ရှောင်ကြဉ်လေ့ ရှိပါတယ်။
ဒါပေမဲ့ သိုင်းလောကရဲ့ ဇာတ်လိုက်ကျော်တွေအထဲမှာ အဖြူရောင်သိုင်းလောကသားဖြစ်ပေမယ့် "အတွင်းအားစုပ်သိုင်း" ကို တတ်မြောက်ထားကြသူတွေလည်း ရှိပါတယ်။
သူတို့ဟာ "အတွင်းအားစုပ်သိုင်း" (ဒါမှမဟုတ်) အတွင်းအားစုပ်သိုင်းလို့ အမည်မခံတဲ့ ထူးခြားတဲ့ သိုင်းပညာတစ်ခုခုကို မမျှော်လင့်ဘဲ သင်ကြားတတ်မြောက်သွားကြသူတွေ ဖြစ်ပါတယ်။
ဒီနေရာမှာ "အတွင်းအားစုပ်သိုင်း" တတ်မြောက်ထားကြသူတွေအဖြစ် စာအုပ်တွေကို ကိုးကားအတည်ပြုတာ ဖြစ်ပါတယ်။ ဘာသာပြန်စာအုပ် မထွက်ထားတဲ့ သိုင်းဇာတ်လမ်းတွဲတွေကိုတော့ ထည့်သွင်းမထားပါဘူး။
ဒါ့အပြင် အတွင်းအားစုပ်သိုင်း တတ်မြောက်ထားကြသူတွေအထဲမှာလည်း ဇာတ်လိုက်တွေကိုပဲ စာရင်းပြုစုထားတာ ဖြစ်ပါတယ်။ အတွင်းအားစုပ်သိုင်း တတ်မြောက်ထားကြပေမယ့် ဇာတ်လိုက်မဟုတ်တဲ့သူတွေကတော့ ဒီစာရင်းမှာ မပါဝင်ပါဘူး။
သိုင်းဇာတ်လမ်းတွဲ အကြည့်များကြသူတွေကတော့ သွမ်ယိ ရဲ့ "ပေမိန်နတ်သိုင်း"၊ လင့်ဟူချုန်း ရဲ့ "ကြယ်ငင်မိစ္ဆာသိုင်း"၊ သင်းချွန်းချိုး ရဲ့ "အတွင်းအားချေဖျက်သိုင်း' စတာတွေကို ကောင်းကောင်းသိကြမှာပါ။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည် တည်တံ့ပါစေ။