တစ်ခေတ်မှာ တစ်ယောက်ဆိုသလို "အနက်ရောင်ဧည့်သည်" နဲ့ "အရိုးစုဘီလူး" တို့ဟာ သိုင်းလောကရဲ့ အထူးချွန်ဆုံး ပုဂ္ဂိုလ်တွေဖြစ်ကြပေမယ့် နှစ်ယောက်စလုံးဟာ အနက်ရောင်သိုင်းသမားတွေဖြစ်ကြတာကြောင့် သိုင်းလောကဟာ အမြဲစိုးတထိတ်ထိတ် ရှိနေခဲ့ရပါတယ်။
"အနက်ရောင်ဧည့်သည်" ဟာ ထူးခြားတဲ့ အနက်ရောင်ဓါးတစ်ချောင်း ကိုင်ဆောင်ပြီး "ရှောင်လင်"၊ "ဝူတန်" အပါအဝင် သိုင်းလောကတစ်ခုလုံးကို မွှေနှောက်နိုင်ခဲ့သလို "အရိုးစုဘီလူး" ကလည်း "သွေးနီဓါးသိုင်း"၊ "သွေးလက်ဝါး"၊ "ဘီလူးမာန်စွယ် လက်နက်ပုန်း" တို့နဲ့ သိုင်းလောက ကို ချုပ်ကိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
မရဏတောင်ကြားတိုက်ပွဲမှာတော့ "အနက်ရောင်ဧည့်သည်" နဲ့ "အရိုးစုဘီလူး" တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီးနောက် နှစ်ယောက်စလုံးဟာ သိုင်းလောကကနေ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ကြပါတယ်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် "ထန်မင်းဆက်" ရဲ့ အကျော်ကြားဆုံး စာပေပညာရှိကြီး "ဖုန်ကျိုးတာ" ဟာ မြေးဖြစ်သူ "ဖုန်ကျယ်ဖန့်" နဲ့အတူ "ဟန်ကျိုးမြို့" က စံအိမ်ကြီးမှာ အေးချမ်းစွာ နေထိုင်ခဲ့ပါတယ်။
တစ်ရက်မှာတော့ လက်တစ်ချောင်း ပြတ်နေတဲ့ အနက်ရောင်ဝတ်စုံဝတ် အမည်မသိ သိုင်းသမားတစ်ယောက်ရဲ့ လက်ချက်နဲ့ "ဖုန်ကျိုးတာ" အပါအဝင် စံအိမ်တစ်ခုလုံး အသတ်ခံခဲ့ရပြီး ဘီရိုအောက်မှာ ပုန်းအောင်းနေတဲ့ ကလေးငယ် "ဖုန်ကျယ်ဖန့်" နဲ့ စံအိမ်အနောက်ဘက် ဝါးအိမ်ကလေးမှာ နေထိုင်တဲ့ အထိန်းတော် "ဝူတောက်ထုံး" တို့ နှစ်ယောက်သာ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ကြပါတယ်။
"ဖုန်ကျယ်ဖန့်" လေးဟာ အဖိုးဖြစ်သူကို သတ်ဖြတ်သွားတဲ့ လူသတ်သမားကို လက်စားချေနိုင်ရေးအတွက် သိုင်းပညာသင်ကြားဖို့ ရှောင်လင်ကျောင်း ကို ဦးတည်ထွက်ခွာလာခဲ့ပေမယ့် လမ်းခရီးမှာ ကျုံးလျောင်တောင် ဘီလူးသုံးကောင် က သူတို့နေထိုင်ရာ "အရိုးနီတောင်ကြား" ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ကျုံးလျောင်တောင် ဘီလူးသုံးကောင်ဟာ ထင်ရာစိုင်းတတ်တဲ့ အဖြူမကျ၊ အနက်မကျ သိုင်းသမားတွေဖြစ်ပြီး တချိန်က သိုင်းလောကမှာ မွှေနှောက်ခဲ့တဲ့ "အရိုးစုဘီလူး" ရဲ့ ပညာအမွေခံတပည့်တွေလည်း ဖြစ်တာကြောင့် "ဖုန်ကျယ်ဖန့်" လေးက ဘီလူးသုံးကောင်ရဲ့ တပည့်အဖြစ် သိုင်းပညာသင်ကြားဖို့ ၃ နှစ်တိုင်တိုင် ငြင်းဆန်နေထိုင်ခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ "ဖုန်ကျယ်ဖန့်" ဟာ ဘီလူးသုံးကောင် ရဲ့စေတနာကို နားလည်လာပြီး ပညာအမွေကို ဆက်ခံခဲ့တာကြောင့် သိုင်းလောကထဲ စတင်ဝင်ရောက်လာချိန်မှာတော့ "အရိုးစုဘီလူး" ရဲ့တပည့်အဖြစ် အများက "ဖုန်ကျယ်ဖန့်" ကို အမြင်စောင်းခဲ့ကြပါတယ်။
အခြေအနေတွေကို ပိုဆိုးစေခဲ့တာက သိုင်းလောက အတွေ့အကြုံနည်းပါးလှသေးတဲ့ လူငယ်လေး "ဖုန်ကျယ်ဖန့်" ဟာ အရိုးစုဘီလူးရဲ့ "သွေးနီဓါးသိုင်း" အရှိန်ကို မထိန်းနိုင်သေးတာကြောင့် ကနဦး တိုက်ပွဲမှာ "ကျန်းနန်သုံးဖော်" ထဲက ဉာဏ်ကြီးရှင် "မာယန်ဖုံး" ကို လက်ပြတ်သွားတဲ့အထိ တိုက်ခိုက်မိခဲ့တာပါပဲ။
ဒါ့အပြင် မိန်းမလှလေးတွေဖြစ်တဲ့ ပန်းခူးလက် "စုလျံ" နဲ့ ပုလွေမယ်လေး "ပိုင်ဟွားဟွား" တို့ရဲ့ကြားမှာ မေတ္တာရေး ရှုပ်ထွေးသွားစေခဲ့တာကလည်း "ဖုန်ကျယ်ဖန့်" ရဲ့ အခြေအနေကို မြွေပူရာကင်းမှောင့် ဖြစ်စေခဲ့ပြန်ပါတယ်။
"ပိုင်ဟွားဟွား" နဲ့ သဝန်တိုမိတဲ့ "စုလျံ" က ဉာဏ်ကြီးရှင် "မာယန်ဖုံ" နဲ့ ပူးပေါင်းပြီး "ဖုန်ကျယ်ဖန့်" ကို သိုင်းလောကသားတွေနဲ့ ရန်တိုက်ပေးခဲ့တာကြောင့် "ဖုန်ကျယ်ဖန့်" လည်း "ဘီလူးသုံးကောင်" ရဲ့ ပညာအမွေအပြင် ကယ်ပါဂိုဏ်း အကြီးအကဲဟောင်း အရက်အိုး "ကုန်းယန်းချီ" နဲ့ "ကလေးဘုန်းကြီး" တို့ရဲ့ ပညာတွေရထားသူ ဖြစ်တဲ့တိုင်အောင် အများနဲ့တစ်ယောက် တိုက်ပွဲမှာ ရှုံးနိမ့်ပြီး မြစ်ဝါမြစ်ထဲ ခုန်ချသတ်သေသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အရမ်းကို စိတ်နာကျည်းသွားတဲ့ "ပိုင်ဟွားဟွား" ဟာ ရုပ်ဆိုးလူငယ် "ဟောင်တူး"ရဲ့ အကူအညီကို ရယူပြီး "ခွန်းလွန်ဂိုဏ်း" အပါအဝင် "ဖုန်ကျယ်ဖန့်" နဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့ကြသူအားလုံးကို လိုက်လံ လက်စားချေ သတ်ဖြတ်ပါတော့တယ်။
အဲဒီအချိန်မှာ သိုင်းလောကမှာ "ဝမ်းတ" ဦးဆောင်တဲ့ "မဟူရာဂိုဏ်း" က သြဇာကြီးမားလာပြီး တဖြည်းဖြည်းနဲ့ "ဝမ်းတ" က သိုင်းလောကခေါင်းဆောင် ဖြစ်လာသလို ဉာဏ်ကြီးရှင် "မာယန်ဖုံး" ကလည်း "ဒုဂိုဏ်းချုပ်" အဖြစ် တန်ခိုးထွားလာခဲ့ပါတယ်။
မြစ်ဝါမြစ်ထဲ ခုန်ချခဲ့တဲ့ "ဖုန်ကျယ်ဖန့်" ကတော့ နတ္တိဂိုဏ်းချုပ် "ဖုံယောင်" နဲ့ မြေးမလေး "ဖုံအင်း" တို့ရဲ့ ကယ်တင်ပေးခဲ့မှုကြောင့် အသက်မသေဘဲ တစ်နှစ်ခန့် ကုသမှုခံယူပြီးနောက် သိုင်းလောကထဲ ပြန်လာခဲ့ပါတယ်။
ဒီအခါ "ဖုန်ကျယ်ဖန့်" မသေသေးတာကို သိသွားတဲ့ "မာယန်ဖုံး" က အပြတ်ရှင်းဖို့ အဆိပ်မာယာရှင် "ရှောင်ယင်" ကို စေခိုင်းခဲ့ပေမယ့် "ဖုန်ကျယ်ဖန့်" ကို ချစ်မိသွားတဲ့ "ရှောင်ယင်" က ခင်ပွန်းအဖြစ် အတင်းအကျပ် ပေါင်းသင်းနေထိုင်ခဲ့တဲ့အခါ "စုလျံ"၊ "ပိုင်ဟွားဟွား"၊ "ရှောင်ယင်" နဲ့ "ဖုန်ကျယ်ဖန့်" တို့ ချစ်မှုရေးရာ ရှုပ်ထွေးလာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သိုင်းလောကမဟာမိတ်အဖွဲ့ခေါင်းဆောင် "ဝမ်းတ" ရဲ့ "မဟူရာဂိုဏ်း" က သိုင်းလောကကို ချုပ်ကိုင်ဖို့ကြိုးစားလာပြီး "ဝမ်းတ" ကို ကြိုးကိုင်နေတဲ့ အမည်မသိလူတစ်ယောက် ပေါ်ထွက်လာတဲ့အခါ ... ။
📚 လုံးချင်း
ဒေါင်းလုပ်ရယူရန် ဒီမှာ နှိပ်ပါ။