အခုဖော်ပြပေးမှာကတော့ "Jin Yong Universe" မဟုတ်တဲ့ Universe ငယ်တစ်ခုအကြောင်း ဖြစ်ပါတယ်။ "Jin Yong Universe" ကို လူသိများပေမယ့် ဒီ Universe ကတော့ သိုင်းလောကသားတွေ လူသိနည်းပါတယ်။
အဲဒါကတော့ စာရေးဆရာ "လျှံယုစိမ်း" (Liang Yusheng) ရဲ့ လက်ရာတွေဖြစ်တဲ့ "လေလိုက်သိုင်းနဲ့ အရိုင်းမိစ္ဆာ" (၉ အုပ်တွဲ)၊ "နှင်းတောင်ထိပ်က လပြည့်ည" (၄ အုပ်တွဲ)၊ "တစ်ဇွတ်ထိုးသိုင်းသမား" (၁၀ အုပ်တွဲ)၊ "မိုးယက္ခဒေဝီ" (၆ အုပ်တွဲ)၊ "တစ်ကွက်လျှိုဓါးသမား" (၁၀ အုပ်တွဲ)၊ "ရန်ပယ်ဓါး" (၆ အုပ်တွဲ) နဲ့ "တိဗက်နယ်က မေတ္တာပန်း" (၅ အုပ်တွဲ) သိုင်းစာစဥ်တွေပဲ ဖြစ်ပါတယ်။
(တချို့စာအုပ်တွေမှာတော့ ဘာသာပြန်စာရေးဆရာအမည်ကို "လျှံယုစိမ်း" လို့ ဖော်ပြမထားပါဘူး။ ဒါပေမဲ့ ဖော်ပြထားချက် အများစုက "လျှံယုစိမ်း" ဖြစ်တာရယ်၊ တခြား ဘာသာပြန်စာရေးဆရာအမည် ဖော်ပြထားချက်တွေဟာလည်း ၁၀၀ ရာခိုင်နှုန်းမှန်ကန်မယ်လို့ အတပ်မပြောနိုင်တာရယ်ကြောင့် အားလုံးကို "လျှံယုစိမ်း" ရေးတယ်လို့ပဲ ယေဘုယျ သတ်မှတ်ထားလိုက်ပါတယ်။)
သမိုင်းကြောင်း ရှည်လျားလှတဲ့ ဒီစာစဥ်တွဲကြီးမှာ မန်ချူးသိမ်းပိုက်မှုအောက် ကျရောက်ခဲ့တဲ့ ဟန်တရုတ်တွေရဲ့ တော်လှန်ရေးကာလကို အခြေပြု ဇာတ်အိမ်တည်ထားပြီး ပထမစာစဥ်တွဲမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေရဲ့ တပည့်သားမြေး အစဥ်အဆက်က နောက်ပိုင်းစာစဥ်တွဲတွေမှာ အဓိကဇာတ်ကောင်တွေ ဖြစ်လာကြပါတယ်။
"လေလိုက်သိုင်းနဲ့အရိုင်းမိစ္ဆာ" စာစဥ်မှာ ထင်ရှားတဲ့ ဇာတ်ကောင်တွေကတော့ "မိုးတောင်ဂိုဏ်း(ထင်းစန်းဂိုဏ်း)" က "ထန်းရှောင်လန်"၊ "မန်းစန်းတောင်ဂိုဏ်း" က "လီဆုလျန်"၊ "ကျိုက်ခွမ်း"[မျိုးချစ်စာဆို၊ နောင်တွင် လီဆုလျန် ရဲ့ ခင်ပွန်းဖြစ်လာ]၊ "ဖုံးအင်း"[ထန်းရှောင်လန် ရဲ့ဆရာ ဖုံးကွမ်းချောင် ရဲ့မြေး၊ နောင်တွင် ထန်းရှောင်လန်း ရဲ့ ဇနီးဖြစ်လာ]၊ "ဖုံးလင်"[ထန်းရှောင်လန် ရဲ့ဆရာ ဖုံးကွမ်းချောင် ရဲ့မြေး] စသူတွေ ဖြစ်ပါတယ်။
"နှင်းတောင်ထိပ်က လပြည့်ည" စာစဥ်မှာ အဓိက ဇာတ်ကောင်တွေက "ထန်းရှောင်လန်" ရဲ့သား "ထန်ကျင်းထျန်း" [ထန်ကျင်းထင်း လို့ မောင်နှင်းဆွေ က ရေးပါတယ်]၊ "အဆိပ်နဂါးမင်း" ရဲ့ တပည့် အရူးမြွေဟောက် "ကျင်းဆုယီ" [ကျန်းဆက်ရီ လို့ မောင်နှင်းဆွေ က ရေးပါတယ်]၊ နီပေါမင်းသမီးတစ်ပါးဖြစ်သူ နှင်းတောင်နတ်မယ် "ဝါပင်"၊ တရုတ်အရာရှိကြီး "ချန်ကျီး" ရဲ့သား "ချိန်ထျန်းယီ" [ချန်ထင်း လို့ မောင်နှင်းဆွေ က ရေးပါတယ်]၊ အိမ်ဖော်အဖြစ် ကြီးပြင်းလာခဲ့ပြီး အိမ်သားအဖြစ်မြှောက်စားခံရတဲ့ စကားအလွန်များသူ "ကျန်းနန်"[ ကျန်နန်း လို့ မောင်နှင်းဆွေ က ရေးပါတယ်] စသူတွေဖြစ်ပြီး ယခင်စာစဥ်က "ထန်းရှောင်လန်" [ ထန်ရှောင်လန် လို့ မောင်နှင်းဆွေ က ရေးပါတယ်]၊ "ဖုံးအင်း" နဲ့ "ဖုံးလင်" အမြွာညီအစ်မ [ဖုံးရင် နဲ့ ဖုံးလင် လို့ မောင်နှင်းဆွေ က ရေးပါတယ်] စသူတွေလည်း ပြန်လည်ပါဝင်လာပါတယ်။
"တစ်ဇွတ်ထိုးသိုင်းသမား" စာစဥ်မှာတော့ "ကျင်းဆုယီ"[အဆိပ်နဂါးမင်း ရဲ့ တပည့်]၊ "ကုကြီးဝှာ" [ မန်းစန်းတောင် ဂိုဏ်းချုပ် လီဆုလျန် ရဲ့ တပည့်၊ နောင်တွင် မန်းစန်းတောင် ဂိုဏ်းချုပ်ဖြစ်လာ]၊ "ကျန်းနန်" [ချိန်ထျန်းယီ ရဲ့ အိမ်ဖော်၊ ကျင်းဆုယီ ရဲ့ အမည်ခံတပည့်]၊ "မင်းဆင်ထုံး" [ကုကြီးဝှာ ရဲ့ ဖခင်]၊ "လိဆင့်နန်" [သိုင်းလူစွမ်းကောင်း ကျောင်းပေမိန်း ရဲ့ မျိုးဆက်၊ မိုးယက္ခဂိုဏ်း] စသူတွေဖြစ်ပြီး "ထန်းရှောင်လန်" လည်း "မိုးတောင်ဂိုဏ်းချုပ်ကြီး" အဖြစ် ပြန်လည်ပါဝင်လာပါတယ်။
"မိုးယက္ခဒေဝီ" စာစဥ်မှာတော့ "ကျန်းဟိုင်ထန်း" [ကျန်းနန် ရဲ့သား၊ ကျင်းဆုယီ ရဲ့တပည့်]၊ "ကုကျိုးလန်" [မန်းစန်းတောင်ဂိုဏ်းချုပ် ကုကြီးဝှာ ရဲ့ တပည့်၊ နောင်တွင် မန်းစန်းတောင်ဂိုဏ်းချုပ်ဖြစ်လာ]၊ "ရှန့်ကျင်း" [ကျင်းဆုယီ ရဲ့ တပည့်] စသူတွေက အဓိက ဇာတ်ကောင်တွေ ဖြစ်ပါတယ်။
"တစ်ကွက်လျှိုဓားသမား" စာစဥ်မှာတော့ "လီကွမ်းရှု" [မျိုးချစ်ပုဂ္ဂိုလ် လီဝန်ချင် ရဲ့သား]၊ "ကျန်းရှောင်ဟူ"[ကျန်းဟိုင်ထန်း ရဲ့ သမီး]၊"ရဲ့လိမ်ဖုန်း"[ကျန်းဟိုင်ထန်း ရဲ့ တပည့်ကြီး]၊ "ယီဝန်ရှု"["ကုကျိုးလန်" ရဲ့ တူ] စသူတွေဖြစ်ပြီး ယခင်စာစဥ်တွဲတွေမှာ အဓိကဇာတ်ကောင်တွေ ဖြစ်ခဲ့တဲ့ "ကျန်းနန်"၊ "ကျန်းဟိုင်ထန်း" နဲ့ "ကုကျိုးလန်" တို့လည်း သိုင်းထိပ်သီးကြီးတွေအဖြစ် ပြန်လည်ပါဝင်လာပါတယ်။
"ရန်ပယ်ဓါး" စာစဥ်မှာ ပါဝင်တဲ့ အဓိကဇာတ်ကောင် "ကျင်းကြူလျှိုး" ဟာ "တစ်ဇွတ်ထိုးသိုင်းသမား" စာစဥ်မှာ ပါဝင်တဲ့ "ကျင်းဆုယီ" နဲ့ "ကုကြီးဝှာ" တို့ရဲ့ သားဖြစ်သလို အခြား ဇာတ်ကောင်တစ်ဦးဖြစ်သူ "လိနန်းရှင်း" ဟာလည်း "မိုးယက္ခဂိုဏ်း" ရဲ့ ဂိုဏ်းချုပ်ဟောင်း "လိဆင့်နန်" ရဲ့မြေး ဖြစ်ပါတယ်။
"မိုးကျော်သူ" ရဲ့"တိဗက်နယ်က မေတ္တာပန်း" စာစဥ်မှာ ပါဝင်တဲ့ ဇာတ်လိုက်တွေကတော့ မျိုးဆက်အနည်းငယ်ဝေးတဲ့ နောက်ပိုင်းမျိုးဆက်တွေ ဖြစ်ပါတယ်။ ရှေ့ကစာစဥ်တွေနဲ့ ဇာတ်လမ်းအရ တိုက်ရိုက် စပ်ဆက်မှု မရှိပါဘူး။
"တက္ကသိုလ်နေလင်းအောင်" ရဲ့ "ဓါးတစ်ချက် သွေးတစ်စက် အသက်တစ်သက်" စာစဥ်ကတော့ "မိုးကျော်သူ" ရဲ့ "တိဗက်နယ်မှ မေတ္တာပန်း" စာစဥ်နဲ့ ဇာတ်လမ်းသဘောတချို့ ဆင်တူသလို ဇာတ်ကောင်အမည်တချို့လည်း ဆင်တူပါတယ်။ ဒါပေမဲ့ ရှေ့က ဇာတ်လမ်းတွေနဲ့ စပ်ဆက်မှု နည်းပါးပါတယ်။