စာအုပ် - ရုပ်ရှင် တူတွဲယှဥ်ကဏ္ဍမှာ အခုဖော်ပြပေးမယ့် သိုင်းစာစဥ်ကတော့ "ဘုန်းကြွယ်" ဘာသာပြန်ဆိုထားတဲ့ "အိမ်ရှေ့စံနှင့် ကြောင်ပေါက်လေး" ဖြစ်ပါတယ်။
"အိမ်ရှေ့စံနဲ့ကြောင်ပေါက်လေး" စာစဥ်ဟာ ၁၈ နှစ်တိုင်တိုင် မြုပ်ကွယ်နေတဲ့ နန်းတွင်းလုပ်ကြံမှုကြီးတစ်ခုကို ခက်ခက်ခဲခဲ ဖော်ထုတ်ခဲ့ရတဲ့အကြောင်းဖြစ်ပါတယ်။
"ရန်ကျုံးဘုရင်" ရဲ့ မြောက်နန်းစံမိဖုရား "ဝေ့ကျင်းကျင်း" ဟာ အတွင်းဝန် "ကိုဟိုင်" နဲ့ ပူးပေါင်းပြီး တောင်နန်းစံမိဖုရား "ရင်စုစု" က မွေးဖွားလာတဲ့ သားတော်ကို သူ့ရဲ့သားတော်အဖြစ် ခိုးယူခဲ့တဲ့အပြင် "တောင်နန်းစံမိဖုရား" ကိုလည်း "ကြောင်ကလေး" မွေးဖွားကြောင်း လုပ်ကြံစွပ်စွဲခဲ့တဲ့အတွက် ဘုရင်က အမျက်မာန်ရှကာ "ရင်စုစု" ကို "အပယ်ဆောင်" ကို ပို့ခဲ့ပါတယ်။
ရာထူးကျပြီး "အပယ်ဆောင်" ရောက်သွားတဲ့ တောင်နန်းစံမိဖုရား "ရင်စုစု" ကို အတွင်းဝန် "ကိုဟိုင်" က မီးရှို့လုပ်ကြံခဲ့ပေမယ့် ရံရွေတော် "နန်အိ" က လူချင်းလဲပြီး အသက်စွန့်ကာကွယ်ပေးခဲ့တာကြောင့် အသက်ရှင်ခဲ့တဲ့ "တောင်နန်းစံမိဖုရား" ဟာ "ရှန်းရှန်းကျေးရွာ" မှာ ၁၈ နှစ်ကြာ ဇာတ်မြှုပ်နေထိုင်ရင်း နယ်လှည့်လာတဲ့ တရားသူကြီး "ပေါင်ချိန်" ထံ တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ဒီအမှု ကြုံတွေ့ရပြီးနောက်ပိုင်းမှာ "ပေါင်ချိန်" ရဲ့ တရားစီရင်မှုကို မင်းမျိုးမင်းနွယ်တွေ၊ ရာထူးရာခံရှိသူတွေ၊ ငွေရှင်ကြေးရှင်တွေက နှောင့်ယှက်ဟန့်တားခြင်း မပြုနိုင်အောင် ဘုရင်ကိုယ်တိုင် "လက်သုံးတော်ဓါး" ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
📚 စာအုပ်ဖတ်ရန် 📚
📖 အိမ်ရှေ့စံနှင့် ကြောင်ပေါက်လေး (ဘုန်းကြွယ်)
📺 ရုပ်ရှင်ကြည့်ရန် 📺
▪️အိမ်ရှေ့မင်းသားနှင့် တောကြောင်လဲလှယ်သောအမှု
#စာအုပ်ရုပ်ရှင်တူတွဲယှဥ်