"ပူတာလနန်းတော်" ဆိုတာ သိုင်းလောကသားတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား အမည်နာမတစ်ခု ဖြစ်ပါလိမ့်မယ်။ သိုင်းစာအုပ်ပေါင်းများစွာမှာ "တိဗက်" ဒေသနဲ့အတူ "ပူတာလနန်းတော်" အကြောင်းလည်း ပါဝင်လေ့ရှိပြီး အထူးသဖြင့် "မိုးကျော်သူ" ရဲ့ "ပူတာလကျောင်းတော်သား" စာအုပ်ကတော့ အထင်ရှားဆုံး ဖြစ်ပါတယ်။
ဒါကြောင့် "သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "သုတစုံလင် သိုင်းလောကတခွင်" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက "ပူတာလနန်းတော်" အကြောင်း ဖြစ်ပါတယ်။
"ပူတာလနန်းတော်" (Potala Palace) ဟာ တိဗက်နိုင်ငံ၊ "လာဆာမြို့" (Lhasa) မှာ တည်ရှိပြီး တိဗက်ဗုဒ္ဓဘာသာနဲ့ တိဗက်ရိုးရာအုပ်ချုပ်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။
"ပူတာလနန်းတော်" ရဲ့ မူလနေရာဟာ "တိဗက်အင်ပါယာကို တည်ထောင်ခဲ့သူ"၊ "တိဗက်မှာ ဗုဒ္ဓဘာသာ ပျံ့ပွားစေခဲ့သူ"၊ "တိဗက်အက္ခရာဖန်တီးခဲ့သူ" စတဲ့ ဂုဏ်ပုဒ်ပေါင်းများစွာနဲ့ ထင်ရှားခဲ့တဲ့ ၃၃ ဆက်မြောက် တိဗက်ဘုရင် "Songtsen Gampo" ရဲ့ ခံတပ်ဟောင်းနေရာလည်း ဖြစ်ပါတယ်။
၁၆၄၅ ခုနှစ်မှာ ပဉ္စမမြောက် ဒလိုင်းလားမား "Lozang Gyatso" က လက်ရှိ "ပူတာလနန်းတော်" ကို စတင်ဆောက်လုပ်ခဲ့ပြီး အဆောက်အအုံဟာ အရှေ့နဲ့ အနောက် ၁၃၀၀ ပေ၊ တောင်နဲ့မြောက် ၁၁၅၀ ပေနဲ့ နံရံတွေကတော့ ပျမ်းမျှ ၉ ဒသမ ၈ ပေ အထူရှိပါတယ်။
အခန်းပေါင်း ၁၀၀၀ ကျော်၊ နတ်ကွန်း ၁၀၀၀၀ နဲ့ ရုပ်ပွားတော် ၂၀၀၀၀၀ လောက်ပါဝင်ပြီး အမြင့် ၃၈၄ ပေရှိတဲ့ အဲဒီ ၁၃ ထပ် အဆောက်အအုံကြီးကို အမြင့် ၃၇၀၀ မီတာရှိတဲ့ Lhasa တောင်ကြားအလယ်က ပေ ၉၈၀ ကျော်မြင့်တဲ့ Marpo Ri တောင်ကုန်းထိပ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။
"ပူတာလနန်းတော်" မှာ ဒလိုင်းလားမားရဲ့ ပလ္လင်တော်နဲ့ သီးသန့်ခန်း၊ ပင်မ အခမ်းအနားခန်းမ၊ ပရိသတ်ခန်းမ စသဖြင့် အဆောင်ဆောင် အခန်းခန်းနဲ့ ဖွဲ့စည်းတည်ဆောက်ထားသလို ပန်းချီ၊ ပန်းပု၊ ကော်ဇော၊ ကန့်လန့်ကာ၊ ကြွေထည်၊ ရွှေ၊ ငွေ၊ ကျောက်စိမ်း စတဲ့ ပစ္စည်းပေါင်းများစွာနဲ့ အလှဆင်ထားပြီး ဘာသာရေးစာပေ၊ ရှေးဟောင်းစာပေ၊ သမိုင်းမှတ်တမ်းမှတ်ရာတွေလည်း များစွာရှိပါတယ်။
"ပူတာလနန်းတော်" ပင်မအဆောက်အအုံကို ၃ နှစ်ကြာ တည်ဆောက်ခဲ့ပြီး ပရိဘောဂတွေနဲ့တကွ အတွင်းခန်းတွေကိုတော့ ၄၅ နှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့ရပါတယ်။
၁၆၄၉ ခုနှစ်မှာ ဒလိုင်းလားမားနဲ့ သူရဲ့အစိုးရဟာ "ပူတာလနန်းတော်" ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ "နန်းတော်ဖြူ" (Potrang Karpo) ကို ပြောင်းရွှေ့ခဲ့ပြီး ၁၆၅၉ ခုနှစ်အထိ ဆောင်းရာသီနန်းတော်အဖြစ် အသုံးပြုခဲ့ပါတယ်။
၇ ရာစုမှာ တည်ဆောက်ခဲ့တဲ့ ဗုဒ္ဓဘာသာ ဘာသာရေးဆိုင်ရာအဆောက်အအုံ "ဂျော်ဟန်ဘုရားကျောင်း" (Jokhang Temple) ၊ ၁၈ ရာစုမှာ တည်ဆောက်ခဲ့တဲ့ ဒလိုင်းလားမားရဲ့ နွေရာသီ ဥယျာဥ်နန်းတော်ဟောင်း "နိုဘူလင်ကာ" (Norbulingka) တို့နဲ့အတူ "ပူတာလနန်းတော်" ကို တိဗက်အနုပညာလက်ရာတွေရဲ့ မူလအစအဖြစ် တင်စားကြပါတယ်။
နောက်ပိုင်းမှာတော့ "ပူတာလနန်းတော်" ဟာ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်တဲ့ ပြတိုက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
"ပူတာလနန်းတော်" ဆီ လာရောက်လည်ပတ်သူဦးရေကို တစ်ရက်လျှင် ၁၆၀၀ သာကန့်သတ်ထားသလို လူစုလူဝေးမဖြစ်စေဖို့အတွက်လည်း ၂၀၀၃ ခုနှစ်ကစပြီး လည်ပတ်ချိန်ကို တစ်ရက်လျှင် ၆ နာရီသာ ခွင့်ပြုပေးထားပါတယ်။
၂၀၀၆ ခုနှစ်၊ မီးရထားလမ်းဖွင့်လှစ်ပြီးနောက်မှာတော့ ဧည့်သည်ဦးရေကို တစ်ရက် ၂၃၀၀ အထိ တိုးမြှင့်လည်ပတ်ခွင့်ပြုခဲ့ပြီး အဆောက်အအုံခေါင်မိုး ပျက်စီးမှုက ကာကွယ်နိုင်ဖို့အတွက်တော့ ခေါင်မိုးပေါ် တက်ရောက်လည်ပတ်မှုကို ပိတ်ပင်တားမြစ်ခဲ့ပါတယ်။
၁၉၅၉ ခုနှစ်၊ တိဗက်အရေးတော်ပုံအတွင်းမှာတော့ "ပူတာလနန်းတော်" အစိတ်အပိုင်းတချို့ အနည်းငယ်ထိခိုက်ပျက်စီးခဲ့ရပါတယ်။
၁၉၉၄ ခုနှစ်မှာ ယူနက်စကို က "ပူတာလနန်းတော်" ကို ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ "ဂျော်ဟန်ဘုရားကျောင်း"၊ ၂၀၀၁ ခုနှစ်မှာ "နိုဘူလင်ကာ ဥယျာဥ်နန်းတော်" တို့ကို ထပ်တိုးသတ်မှတ်ခဲ့ပါတယ်။
အစိုးရကလည်း "ပူတာလနန်းတော်"၊ "နိုဘူလင်ကာဥယျာဥ်နန်းတော်" နဲ့ "ဂျော်ဟန်ဘုရားကျောင်း" နေရာသုံးခုစလုံးကို ဦးစားပေးကာကွယ်ထားတဲ့ နေရာတွေအဖြစ် ဥပဒေပြဌာန်းကာကွယ်ထားပြီး နန်းတော်ဧရိယာတဝိုက်မှာ ၂၁ မီတာထက်မြင့်တဲ့အဆောက်အအုံ ဆောက်လုပ်ခြင်းကို တားမြစ်ထားပါတယ်။
#သုတစုံလင်သိုင်းလောကတခွင်
#ပူတာလနန်းတော်
#ပူတာလကျောင်းတော်