"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "သုတစုံလင် သိုင်းလောကတခွင်" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက တရုတ်ရိုးရာ ကိုယ်ခံပညာရပ်တစ်ခုဖြစ်တဲ့ "ထိုက်ကျိ" (ခေါ်) "ထိုက်ကျိချွမ်" အကြောင်း ဖြစ်ပါတယ်။
"ထိုက်ကျိ" ဆိုတာ ရှောင်လင်ဘုန်းတော်ကြီး "ကြွယ်ရွှမ်" (Jueyuan) ရဲ့ တပည့်တစ်ဦးဖြစ်သူ "ကျန်းစန်းဖုန်း"(Zhang Sanfeng) က တီထွင်ခဲ့တဲ့ သိုင်းပညာရပ်တစ်ခုဖြစ်တယ်လို့ အတော်များများက လက်ခံထားခဲ့ကြပေမယ့် သူ့ရဲ့အကြောင်းက ဒဏ္ဍာရီ ဆန်လွန်းလှပါတယ်။
တာအို ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ "ကျန်းစန်းဖုန်း" ဟာ ဝူတန်တောင်မှာ နေထိုင်စဉ် ကြိုးကြာ နဲ့ မြွေတို့ရဲ့ ရန်ပွဲကို တွေ့မြင်ပြီးနောက် ထိုက်ကျိကို တီထွင်ဖို့ အကြံဉာဏ်ရလာတယ်လို့ ဒဏ္ဍာရီအရ အသိအမှတ် ပြုထားခဲ့ကြပေမယ့်လည်း ခေတ်သစ်သုတေသန ရလဒ်တွေကတော့ "ကျန်းစန်းဖုန်း" နဲ့ သူ့ရဲ့ တပည့် "ဝမ်ဇုန်ယု" (Wang Zongyue) တို့ကို ကျော်ဖြတ်ပြီး "ချန်းဝန်တင်" (Chen Wangting) ကို ထိုက်ကျိ တီထွင်သူအဖြစ် မီးမောင်းထိုးပြနေခဲ့ပါတယ်။
အခိုင်အမာ တွေ့ရှိချက်တွေအရ ယနေ့ခေတ် "ထိုက်ကျိ" သိုင်းပညာဟာ ၁၆ ရာစုမှာ "ချန်းဝန်တင်" (Chen Wangting) ရဲ့ "ချန်းမိသားစု" က စတင်ခဲ့ပြီး နှစ်ပေါင်း ၄၀၀ လောက်အတွင်းမှာ ပုံစံ အမျိုးမျိုး ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။
ထင်ရှားတဲ့ "ထိုက်ကျိ" သိုင်းဆရာတွေဖြစ်ကြတဲ့ "ချန်းဝန်တင်" (Chen Wangting, 1580 - 1660)၊ "ချန်းချန်ရှင်း" (Chen Changxing, 1771 - 1853)၊ "ယန်လူချန်း" (Yang Luchan, 1799 - 1872)၊ "ဝူယုရှန်း" (Wu Yuxiang, 1812 - 1880)၊ "ဝူချွန်းယု" (Wu Quanyou, 1834 - 1902)၊ "ဆန်းလုတန်" (San Lutang, 1860 - 1933) တို့ဟာ "ထိုက်ကျိ" ကို မူကွဲအမျိုးမျိုး ဆင့်ပွားတီထွင်ခဲ့ကြသူတွေပါ။
သူတို့ရဲ့ တီထွင်မှုအပေါ်လိုက်ပြီး "ချန်းပုံစံ" ထိုက်ကျိ၊ "ယန်ပုံစံ" ထိုက်ကျိ၊ "ဝူပုံစံ" ထိုက်ကျိ၊ "ဝူ (ဟောင်) ပုံစံ" ထိုက်ကျိ၊ "ဆန်းပုံစံ" ထိုက်ကျိ ဆိုပြီး အဓိက ပုံစံ ၅ မျိုး ကွဲပြားသွားခဲ့တာလည်း ဖြစ်ပါတယ်။
၁။ ချန်း ပုံစံ ထိုက်ကျိ
၁၆ ရာစုမှာ တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်၊ ဝမ်ရှမ်း စီရင်စု၊ ချန်းကျေးရွာ (Chen's Village) မှာ နေထိုင်တဲ့ ချန်းမိသားစုဟာ ထူးခြားတဲ့ ကိုယ်ခံပညာပုံစံတစ်မျိုးကို လေ့ကျင့်ခဲ့ကြပြီး ချန်းမိသားစု ရဲ့ ကိုယ်ပိုင်ပုံစံ ဖြစ်လာစေခဲ့ပါတယ်။
ချန်းကျေးရွာ ရဲ့ နဝမမြောက်ခေါင်းဆောင် ဖြစ်သူ "ချန်းဝန်တင်" (Chen Wangting) ဟာ ချင်မင်းဆက် အစောပိုင်းကာလမှာ ဗိုလ်ချုပ်ရာထူး က အနားယူခဲ့သူဖြစ်သလို ရှောင်လင်ကွန်ဖူးပညာကိုလည်း ကျွမ်းကျင် တတ်မြောက်ထားသူဖြစ်တဲ့အတွက် သူ့ရဲ့ ထိုက်ကျိမှာ ရှောင်လင်အငွေ့အသက်တချို့ ပါဝင်နေခဲ့ပါတယ်။
ထိုက်ကျိပုံစံ ၅ မျိုးထဲမှာတော့ "ချန်းဝန်တင်" ရဲ့ "ချန်း ပုံစံ ထိုက်ကျိ" ဟာ ရှေးအကျဆုံးဖြစ်ပြီး တခြား ပုံစံတွေက "ချန်းပုံစံ" ကနေတဆင့် ဆင်းသက်လာကြတာ ဖြစ်ပါတယ်။
ချန်း ပုံစံ ထိုက်ကျိ ဟာ နှလုံးဆိုင်ရာ လေ့ကျင့်ခန်းတွေအတွက် အထောက်အကူပြုသလို လေ့ကျင့်သူရဲ့ အသက်အရွယ်၊ ခန္ဓာကိုယ် အနေအထားအလိုက် မတူညီတဲ့ နည်းလမ်းတွေနဲ့ အပြင်း၊ အပျော့ ရွေးချယ် လေ့ကျင့်နိုင်ပါတယ်။
၂။ ယန် ပုံစံ ထိုက်ကျိ
"ယန် ပုံစံ ထိုက်ကျိ" ကို ဟိုပေပြည်နယ်၊ ဂွမ်ပင်းစီရင်စု က ဆင်းရဲသားလူငယ်လေး "ယန်လုချန်း" (Yang Luchan) က တီထွင်ခဲ့တာပါ။
သူဟာ ထိုက်ကျိပညာ ကို အရူးအမူး စွဲလမ်းလွန်းသူ ဖြစ်တာကြောင့် ပညာသင်ကြားခွင့်ရဖို့ "ချန်းကျေးရွာ" မှာ ဆွံ့အ နားမကြားသူအဖြစ် ဟန်ဆောင်ကာ အစေခံ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
အဲဒီခေတ်က မိသားစုသိုင်းပညာကို မိသားစုဝင်တွေသာ သင်ကြားခွင့်ရတာကြောင့် "ယန်လုချန်း" ဟာ ထိုက်ကျိ ကို သင်ကြားခွင့်မရှိဘဲ လေ့ကျင့်ရေးခန်းမမှာ ချန်းမိသားစုဝင်တွေ လေ့ကျင့်နေတာကို ခိုးကြည့်ပြီး ညအခါမှ တိတ်တဆိတ်ပြန်လည် လေ့ကျင့်ခဲ့ရပါတယ်။
တစ်ရက်မှာတော့ ခိုးကြည့်နေတဲ့ "ယန်လုချန်း" ကို ဖမ်းမိသွားခဲ့ပြီး အပြစ်စီရင်ဖို့ တိုင်ပင်နေကြတုန်းမှာ "ယန်လုချန်း" က ခွင့်လွှတ်ပေးဖို့ အကြိမ်ကြိမ်တောင်းပန်ခဲ့တာကြောင့် ချန်းကျေးရွာ ရဲ့ ၁၄ ဆက်မြောက်ခေါင်းဆောင် "ချန်းချန်ရှင်း" (Chen Changxing) က ထူးခြားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။
အဲဒါကတော့ "ယန်လုချန်း" ကို အရွယ်တူ ချန်းမိသားစုဝင်တွေနဲ့ တစ်ဦးချင်း ယှဥ်ပြိုင်ပြီး ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးဖို့ ဖြစ်ပါတယ်။
တကယ်တမ်း ရင်ဆိုင်တိုက်ခိုက်တဲ့အခါ မိမိဘာသာ ခိုးကြည့်သင်ကြားခဲ့ရတဲ့ "ယန်လုချန်း" က စနစ်တကျ သင်ယူထားတဲ့ အရွယ်တူ ချန်းမိသားစုဝင် အားလုံးကို အနိုင်ယူခဲ့တာကြောင့် "ချန်းချန်ရှင်း" က သဘောကျသွားခဲ့ပြီး တပည့်အဖြစ် သတ်မှတ်လိုက်တဲ့အတွက် "ယန်လုချန်း" ဟာ ချန်းမိသားစုဝင် မဟုတ်တဲ့ ပထမဆုံး ထိုက်ကျိပညာရှင် ဖြစ်လာခဲ့ပါတယ်။
ပင်ကိုယ်ပါရမီရှိသူ "ယန်လုချန်း" ဟာ ချန်းကျေးရွာမှာ ၁၈ နှစ်ကြာ သင်ယူခဲ့ပြီးနောက် ပြင်ပမှာ အခြေချရင်း ချန်း ပုံစံကနေ ကွဲထွက်လာတဲ့ သူ့ရဲ့ကိုယ်ပိုင်ဟန်တစ်ခုကို ဖန်တီးနိုင်ခဲ့သလို အဲဒီခေတ်က သူ့ကို စိန်ခေါ်လာခဲ့သူအားလုံးကိုလည်း အနိုင်ယူနိုင်ခဲ့တာကြောင့် "အရှုံးမဲ့ ယန်" (Yang Wudi) လို့ အမည်တွင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ "ယန်လုချန်း" ရဲ့ "ယန် ပုံစံ ထိုက်ကျိ" ကို တရုတ်ဧကရာဇ်မိသားစုက အလွန်သဘောကျခဲ့တာကြောင့် ၁၈၅၀ ပြည့်နှစ်မှာ ပီကင်း က နန်းတော်စောင့်တပ် အရာရှိတွေကို သင်ကြားပေးဖို့ ငှားရမ်းခဲ့ပါတယ်။
အဲဒီ စစ်သည်တော်တွေအထဲမှာ အထူးချွန်ဆုံးဖြစ်လာသူကတော့ "ဝူ ပုံစံ ထိုက်ကျိ" ကို တီထွင်သူ "ဝူချွန်းယု" (Wu Quanyou) ပဲ ဖြစ်ပါတယ်။
"ယန် ပုံစံ ထိုက်ကျိ" ရဲ့ ကျက်သရေရှိလှတဲ့ ဖြည်းဖြည်းချင်း ဝေ့ဝိုက် လှုပ်ရှားဟန်တွေက ကိုယ်ခန္ဓာကျန်းမာ ပျော့ပြောင်းမှုကို တိုးတက်စေပါတယ်။
၃။ ဝူ ပုံစံ ထိုက်ကျိ
"ဝူ ပုံစံ ထိုက်ကျိ" ကို တီထွင်ခဲ့သူက "ဝူချွန်းယု" (Wu Quanyou) ပါ။
သူဟာ "တော်ဝင်တပ်ဖွဲ့ " လို့ခေါ်တဲ့ မန်ချူးနန်းတော်စောင့်တပ်ဖွဲ့ က အရာရှိငယ်တစ်ဦးဖြစ်ပြီး ကွန်ဖူးပညာကို ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်ပါတယ်။
"ဝူချွန်းယု" ဟာ ထိုက်ကျိသိုင်းပညာကို "ယန် ပုံစံ ထိုက်ကျိ" ဆရာ "ယန်လုချန်း" ဆီက သင်ယူတတ်မြောက်ခဲ့တာဖြစ်ပေမယ့် အရာရှိငယ်တစ်ဦးသာ ဖြစ်တာကြောင့် "ယန်လုချန်း" နန်းတော်စောင့်တပ်ဖွဲ့ကို လာရောက်သင်ကြားပေးချိန်မှာတော့ အနီးကပ်တပည့်အဖြစ် သင်ကြားခွင့် မရခဲ့ပါဘူး။
နှစ်ပေါင်းအတန်ကြာတဲ့အခါမှ "ယန်လုချန်း" အသက်အရွယ်ရလာချိန်မှာ အနီးကပ် သွားရောက် ပြုစုပေးရင်း "ယန်လုချန်း" ရဲ့ အကြီးဆုံးသားဖြစ်သူ "ယန်ပန့်ဟို" (Yang Banhou) ထံကတဆင့် ပညာအမွေ ဆက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်က အနားယူပြီးနောက်မှာတော့ "ဝူချွန်းယု" ဟာ ပီကင်းမြို့မှာ သိုင်းသင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ခဲ့ပြီး ထိုက်ကျိပညာ နဲ့ ကွန်ဖူးပညာ ပေါင်းစပ်ထားတဲ့ "ဝူ ပုံစံ ထိုက်ကျိ" ကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။
"ဝူ ပုံစံ ထိုက်ကျိ" ဟာ တခြားသော ထိုက်ကျိ ပုံစံတွေထက် လှုပ်ရှားမှုနှေးကွေးပြီး အပေါ်ပိုင်းခန္ဓာကိုယ် ယိမ်းနွဲ့မှုကို နောက်ခြေထောက် က ဟန်ချက်ညီညီ လိုက်ပါ ထိန်းညှိပေးခြင်းဖြင့် ညင်ညင်သာသာ တုံ့ပြန်လေ့ ရှိပါတယ်။
၄။ ဝူ (ဟောင်) ပုံစံ ထိုက်ကျိ
"ဝူ (ဟောင်) ပုံစံ ထိုက်ကျိ" ကို တီထွင်ခဲ့သူက "ဝူယုရှန်း" (Wu Yuxiang) ဖြစ်ပါတယ်။
သိုင်းပညာကို ဝါသနာပါတဲ့ မြေပိုင်ရှင် သူဌေးသား "ဝူယုရှန်း" ဟာ ချန်းကျေးရွာ က ထွက်ခွာလာတဲ့ "ယန်လူချန်း" နဲ့ ဆုံတွေ့ခဲ့ရာက မိတ်ဆွေတွေ ဖြစ်ခဲ့ကြပြီး ထိုက်ကျိသိုင်းပညာကို အနည်းငယ် သင်ယူတတ်မြောက်ခဲ့ပါတယ်။
အဲဒီနောက် "ဝူယုရှန်း" ဟာ ချန်းကျေးရွာ က "ချန်းချန်ရှင်း" မိသားစုထံ ကိုယ်တိုင်သွားရောက်ပြီး တပည့်ခံခဲ့ပေမယ့် လက်မခံခဲ့တာကြောင့် အခြား ချန်းရွာသား တစ်ဦးဖြစ်သူ "ချန်းချင်းပင်" ထံမှာ အနည်းငယ် သင်ယူခဲ့ပြန်ပါတယ်။
"ဝူယုရှန်း" ဟာ ဆရာကောင်းတွေနဲ့ ထိုက်ကျိသိုင်းပညာကို ကြပ်ကြပ်မတ်မတ် သင်ကြားခွင့်မရခဲ့ပေမယ့် ထိုက်ကျိပညာရှင်ကြီး "ဝမ်ဇုန်ယု" ရဲ့ "ထိုက်ကျိနည်းပညာ" စာအုပ်ကို မထင်မှတ်ဘဲ ရခဲ့တဲ့အတွက် "ယန်လုချန်း"၊ "ချန်းချင်းပင်" တို့ရဲ့ သိုင်းပညာနဲ့ "ဝမ်ဇုန်ယု" ရဲ့ စာအုပ်ကို ပေါင်းစပ်တီထွင်ခဲ့ရာက "ဝူ (ဟောင်) ပုံစံ ထိုက်ကျိ" ပေါ်ပေါက်လာခဲ့ပါတယ်။
အပြင်ပိုင်းလှုပ်ရှားမှုတွေမှာ တခြား ထိုက်ကျိပုံစံတွေနဲ့ ဆင်တူပေမယ့် အတွင်းပိုင်းအာရုံစူးစိုက်မှုကို အလေးပေးထားတဲ့ "ဝူ (ဟောင်) ပုံစံ ထိုက်ကျိ" ဟာ ထိုက်ကျိပုံစံ ၅ မျိုးထဲမှာ လူကြိုက်အနည်းဆုံးဖြစ်ပြီး မူရင်း တရုတ်နိုင်ငံမှာတောင် လေ့ကျင့်သင်ကြားသူ အနည်းငယ်ပဲ ရှိပါတယ်။
၅။ ဆန်း ပုံစံ ထိုက်ကျိ
"ဆန်း ပုံစံ ထိုက်ကျိ" ကို တီထွင်ခဲ့သူက ဟိုပေ ပြည်နယ်သား၊ ကွန်ဖြူးရှပ် နဲ့ တာအိုပညာရှင် "ဆန်းလုတန်" (San Lutang) ဖြစ်ပါတယ်။
"ဆန်းလုတန်" ဟာ အပျော့သိုင်းပညာတွေဖြစ်တဲ့ "ရှင်းဂျီချွမ်" (xingyiquan) နဲ့ "ပါ့ကွချောင်း" (baguazhang) ပညာရပ်တွေကိုလည်း ကျွမ်းကျင်သူဖြစ်ပြီး ထိုက်ကျိသိုင်းပညာကိုတော့ "ဝူ (ဟောင်) ပုံစံ" ထိုက်ကျိပညာရှင် "ဟောင်ဝေချန်း" ထံမှာ သင်ကြားခဲ့တာပါ။
"ထိုက်ကျိ" ရဲ့ ပျော့ပျောင်းညင်သာမှု၊ "ရှင်းဂျီချွမ်" ရဲ့ ခြေထောက်နဲ့ခါး လှုပ်ရှားမှု၊ "ပါ့ကွချောင်း" ရဲ့ ဖဝါးလှုပ်ရှားမှုတွေကို ပေါင်းစပ်ထားတဲ့ "ဆန်း ပုံစံ ထိုက်ကျိ" ဟာ စက်ဝိုင်းပုံ လက်လှုပ်ရှားမှုတွေနဲ့ လျှင်မြန်တဲ့ ခြေလှမ်းတွေကြောင့် အကနဲ့ သဏ္ဌာန်တူပြီး ထိုက်ကျိ ပုံစံ ၅ မျိုးမှာ နောက်ဆုံးမှ တီထွင်ခဲ့တာ ဖြစ်ပေမယ့် ကျော်ကြားအောင်မြင်မှုအရတော့ နံပါတ် ၄ နေရာမှာ တည်ရှိနေပါတယ်။
"သိုင်းလောက Page" ကနေ အခု ဖော်ပြပေးခဲ့တာက ထိုက်ကျိသိုင်းပညာရဲ့ အဓိက ပုံစံကွဲ ၅ ခု ဖြစ်ပြီး လူသိနည်းပါးသလို အောင်မြင်မှုလည်း မကြီးမားခဲ့တဲ့ တခြား ပုံစံကွဲတွေလည်း ရှိပါသေးတယ်။
တကယ်တော့ "တာအိုဝါဒ" နဲ့ "ထိုက်ကျိ" ဟာ ခွဲခြားမရအောင် စပ်ဆက်နေပါတယ်။ တာအို ရဲ့ အဓိကအချက်က ဆန့်ကျင်ဘက်နှစ်ခုဖြစ်တဲ့ "ယင်" (Yin) နဲ့ "ယန်" (Yang) အကြားမှာ ဟန်ချက်ညီအောင် နေထိုင် ကျင့်ကြံခြင်းဖြစ်ပါတယ်။
အဖိုဓါတ်ဖြစ်တဲ့ "ယန်" မှာ အဖြူ၊ အလင်း၊ အပူ စတဲ့ သဘောတရားတွေရှိပြီး အမဓါတ် ဖြစ်တဲ့ "ယင်" မှာ အမည်း၊ အမှောင်၊ အအေး စတဲ့ သဘောတရားတွေ ပါရှိပါတယ်။ "ယင်" နဲ့ "ယန်" ဟာ စကြဝဠာအတွင်းရှိ အရာအားလုံးမှာ တည်ရှိနေပြီး အပြန်အလှန် ကျေးဇူးပြုနေတဲ့ သဘာဝစွမ်းအင်ကြီးတွေဖြစ်တယ်လို့ ဆိုပါတယ်။
တာအိုဝါဒအရ လူသားတွေရဲ့ ကိုယ်ခန္ဓာဟာလည်း စကြဝဠာတစ်ခုနဲ့ သဘောတရားအတူတူပဲဖြစ်တာကြောင့် ခန္ဓာကိုယ်ဟန်ချက်ညီစေဖို့ ဆန့်ကျင်ဘက်အင်အားစုတွေကို ညီညွတ်စွာလုပ်ဆောင်နိုင်ဖို့ လိုပါတယ်။
"ထိုက်ကျိ" ဟာ ဒီအခြေခံမူတွေကို ပေါင်းစပ်ထားတာကြောင့် ထိုက်ကျိ လေ့ကျင့်ခြင်းဟာ တာအိုဘာသာကို ကျင့်သုံးတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ တာအိုဝါဒီတွေက ယုံကြည်ကြပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည် တည်တံ့ပါစေ။
#သုတစုံလင်သိုင်းလောကတခွင်