"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "သုတစုံလင် သိုင်းလောကတခွင်" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက သိုင်းလောကသားတွေနဲ့ ရင်းနှီးနေပြီးသားဖြစ်တဲ့ "တာ့လီပြည်" အကြောင်း ဖြစ်ပါတယ်။
"တာ့လီပြည်" ဟာ လက်ရှိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တောင်ပိုင်းမှာတည်ရှိပြီး ကာလကြာရှည် ကိုယ့်မင်း ကိုယ့်ချင်း ရပ်တည်နိုင်ခဲ့တဲ့ နိုင်ငံငယ်လေးတစ်ခု ဖြစ်ပါတယ်။
တကယ်တမ်းတော့ "တာ့လီပြည်" ဟာ ရှေးဦးဗမာတွေနဲ့ နီးစပ်တဲ့ မျိုးနွယ်စု၊ နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ တာ့လီပြည်ရယ်လို့ မပေါ်ထွန်းသေးခင်က အဲဒီနေရာဟာ "နန်ချောင်" (Nanzhao) တို့ရဲ့ ဒေသ ဖြစ်ပါတယ်။ "နန်ချောင်" ကို "နန်စော" လို့ ရှေးဦး ဗမာတွေက ခေါ်ဝေါ်ခဲ့ကြပါတယ်။
"နန်ချောင်" တွေမှာ ဘာသာစကားအမျိုးမျိုး၊ မျိုးနွယ်စုအမျိုးမျိုးရှိကြပြီး အထက်တန်းလွှာလူတန်းစားတွေဟာ ဗမာစကားနဲ့ နီးစပ်တဲ့ တိဗက် - မြန်မာ ဘာသာစကားအုပ်စုဝင် "နော့ဆူ" ဘာသာစကားကို သုံးစွဲခဲ့ကြပါတယ်။
မျိုးနွယ်စု အသီးသီးနဲ့ ကိုယ်ပိုင်ပြည်ထောင်ငယ်အမျိုးမျိုးနဲ့ တည်ရှိနေခဲ့ရာက သက္ကရာဇ် ၇၃၇ ခုနှစ်မှာ ဘုရင် "ဖီလော်ကော့" (Piluoge) က ပြည်ထောင်ငယ်တွေကို စုစည်းပြီး "နန်ချောင်ပြည်" ကို ထူထောင်ခဲ့ပါတယ်။
အဲဒီအချိန်က "နန်ချောင်" မှာရှိတဲ့ လူမျိုးနွယ်စုတွေနဲ့ ပတ်သက်ပြီး ယနေ့ထိတိုင် ပညာရှင်တွေ ငြင်းခုန်နေကြဆဲပါ။ တရုတ်ပညာရှင်တွေက "နန်ချောင်ပြည်" ရဲ့ အုပ်ချုပ်သူ လူတန်းစားဟာ "ပိုင်" ( Bai) သို့မဟုတ် "ယီ" (Yi) မျိုးနွယ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရုတ်လူမျိုးမဟုတ်တဲ့ ပညာရှင်တွေကတော့ "နန်ချောင်ပြည်" ကို "တိုင်းရှမ်း" (Tai) လူမျိုးတွေနဲ့ အဓိကဖွဲ့စည်းထားပြီး နောက်ပိုင်းမှာ တောင်ဘက်ပိုင်းကို ပြောင်းရွှေ့ရင်း အခုခေတ် မြန်မာ၊ လာအို၊ ထိုင်း နိုင်ငံတွေဆီ ပျံ့နှံ့နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သက္ကရာဇ် ၇၄၈ ခုနှစ်၊ ဘုရင် "ဖီလော်ကော့" ကံကုန်ပြီးနောက် သားတော် "ကော်လော်ဖင့်" (Geluofeng) ဘုရင်လက်ထက်ကစပြီး နောက်ပိုင်းမင်းဆက်တွေမှာ "နန်ချောင်" တွေဟာ အင်အားကြီးမားလာတဲ့အတွက် အိမ်နီးချင်းဒေသတွေကိုပါ နယ်မြေချဲ့ထွင်လာခဲ့ပါတယ်။ သက္ကရာဇ် ၈၂၀ မှာ "နန်ချောင်" တွေဟာ လက်ရှိ မြန်မာနိုင်ငံအထဲက ပျူမြို့ပြနိုင်ငံတွေကိုပါ တိုက်ခိုက်ခဲ့ပါတယ်။
သက္ကရာဇ် ၇၅၅ ခုနှစ်နောက်ပိုင်း နန်းတွင်းရေး မတည်ငြိမ်မှုတွေကြောင့် တရုတ်ပြည် ဖရိုဖရဲဖြစ်နေချိန်မှာ "နန်ချောင်" တွေဟာ "တိဗက်" နဲ့ မဟာမိတ်ဖွဲ့ပြီး တရုတ်မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။
သက္ကရာဇ် ၈၇၀ နောက်ပိုင်းမှာတော့ "နန်ချောင်" ဟာ နန်းလုပွဲတွေကြောင့် စည်းလုံးမှုအင်အားကျဆင်းလာခဲ့ပြီး သိမ်းပိုက်ထားခဲ့တဲ့ နယ်မြေတွေကိုလည်း တဖြည်းဖြည်း စွန့်လွှတ်ခဲ့ရပါတယ်။ သက္ကရာဇ် ၉၀၂ မှာ အမတ်အကြီးတစ်ယောက်က အိမ်ရှေ့မင်းသား အပါအဝင် ဘုရင့်မျိုးနွယ်တွေကို သုတ်သင်ပစ်လိုက်တဲ့အတွက် "နန်ချောင် မင်းဆက်" အဆုံးသတ်ခဲ့ရပါတော့တယ်။
အဲဒီနောက်ပိုင်း "နန်ချောင်ဒေသ" မှာ မင်းဆက်သုံးခု ["Da Changhe" (၉၀၂-၉၂၈)၊ "Tianxing" (၉၂၈-၉၂၉)၊ "Da Yining" (၉၂၉-၉၃၇)] ပေါ်ပေါက်ခဲ့ပေမယ့် တိုင်းပြည်အင်အား ကြီးမားခြင်း မရှိခဲ့သလို မျိုးနွယ်စုအားဖြင့်လည်း စည်းလုံးခြင်း မရှိခဲ့ပါဘူး။
ရှေးယခင်က "နန်ချောင်တိုင်းပြည်" ရဲ့ အချုပ်အခြာအာဏာကို ကြီးစိုးထားခဲ့တဲ့ "ရှမ်း" (Tai) တွေဟာလည်း တဖြည်းဖြည်း သြဇာအာဏာကျဆင်းလာခဲ့ပြီး နေရပ်စွန့်ခွာပြောင်းရွှေ့ခြင်း၊ မျိုးနွယ်စု သွေးနှောခြင်းတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒါကြောင့် သက္ကရာဇ် ၉၃၇ ခုနှစ်မှာတော့ "ရှမ်း" (Tai) နဲ့ တခြားမျိုးနွယ်စုတွေ သွေးနှောရာက အင်အားကြီးမားလာတဲ့ "သွမ့်" (Duan) မျိုးနွယ်၊ "သွမ့်စစ်ဖျင်" (Duan Siping) က "တာ့လီပြည်" (Dali Kingdom) ကို စတင်ထူထောင်ခဲ့ပါတယ်။
ခေတ်ပြိုင် တရုတ်ဘုရင်တွေဟာ "တာ့လီပြည်" ကို လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး ရင်းနှီးတဲ့ဆက်ဆံရေး ထားရှိခဲ့ကြပါတယ်။ "Song" မင်းဆက်ကို တည်ထောင်သူ "Song Taizu" လက်ထက်မှာ "Dadu" မြစ်တောင်ဘက်ရှိ မြေအားလုံးကို တာ့လီပိုင်နယ်မြေအဖြစ် ကြေညာပေးခဲ့ပါတယ်။
"တာ့လီမင်းဆက်" တွေကတော့ "Duan Siping" (၉၃၇–၉၄၄)၊ Duan Zhengming (၁၀၈၁–၁၀၉၄)၊ Duan Zhengchun (၁၀၉၆–၁၁၀၈)၊ Duan Zhixing (၁၁၇၂–၁၂၀၀)၊ Duan Xingzhi (၁၂၅၁–၁၂၅၄) ဖြစ်ပါတယ်။
သက္ကရာဇ် ၁၂၅၃ ခုနှစ်မှာ "တာ့လီပြည်" ကို "မွန်ဂို" တွေ သိမ်းပိုက်ခဲ့ပြီး တာ့လီဘုရင်တွေကို "ယွမ်မင်းဆက်" (Yuan Dynasty) ရဲ့ အုပ်ချုပ်မှုအောက်မှာ မျိုးနွယ်စုအကြီးအကဲ (Tusi) တွေအဖြစ် ဆက်လက်အုပ်ချုပ်ခွင့်ပေးခဲ့ပါတယ်။
၁၃၈၂ ခုနှစ်မှာတော့ "ယူနန်" ကို မင်ဘုရင် (Ming) က သိမ်းပိုက်ပြီး "မွန်ဂို" ဦးဆောင်တဲ့ "ယွမ်မင်းဆက်" ရဲ့ အုပ်ချုပ်မှုက ဖယ်ရှားခဲ့ပါတယ်။
"တာ့လီ" ဘုရင်တွေဟာ ဘာသာတရား ကိုင်းရှိုင်းသူတွေအဖြစ် ကျော်ကြားပြီး "တာ့လီမြို့တော်" ကတော့ ဗုဒ္ဓဘာသာ သင်ကြားလေ့လာရာ နေရာဌာနကြီး ဖြစ်လာပါတယ်။
"တာ့လီ"ဘုရင်တွေလက်ထက်မှာ ဗမာနိုင်ငံနဲ့ တာ့လီနိုင်ငံအကြား ဆက်သွယ်မှုအားကောင်းပြီး ပုဂံပြည်ထူထောင်ရာမှာ တာ့လီ က အကူအညီပေးခဲ့တယ်လို့ အချို့က ယူဆပါတယ်။
ယနေ့ခေတ်မြေပုံအရ "တာ့လီပြည်" ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တောင်ပိုင်းမှာတည်ရှိပြီး "ယွင်လင်တောင်တန်း" က တာ့လီကို အရှေ့နဲ့ အနောက် နှစ်ပိုင်းပိုင်းထားပါတယ်။
အရှေ့ဘက်မှာ တာ့လီမြို၊ Midu မြိုနယ်၊ Xiangyun မြိုနယ်၊ Binchuan မြိုနယ်၊ Eryuan မြိုနယ်၊ Jianchuan မြိုနယ်၊ Heqing မြိုနယ်တိုတည်ရှိပြီး အနောက်ဘက်မှာ Yangbi မြိုနယ်၊ Weishan မြိုနယ်၊ Nanjian မြိုနယ်၊ Yongping မြိုနယ်၊ Yunlong မြိုနယ်တို တည်ရှိပါတယ်။
#သတစုံလင်သိုင်းလောကတခွင်
#တာ့လီပြည်