ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက သဏ္ဌာန်မဲ့နတ်ဓားသိုင်း အကြောင်းပါ။
သဏ္ဌာန်မဲ့နတ်ဓားသိုင်း (Six Meridian Divine Swords) ဆိုတာဟာ Jin Yong ရဲ့ Demi-Gods and Semi-Devils ဝတ္ထုထဲက သွမ့်တော်ဝင်မျိုးနွယ်ရဲ့ ထိပ်တန်းသိုင်းပညာရပ်တစ်ခု ဖြစ်ပါတယ်။
[သဏ္ဌာန်မဲ့နတ်ဓားသိုင်းကို ၀ရဇိန်ခြောက်သွယ် နတ်လက်ညှိုးသိုင်း၊ ခြောက်ကြောနတ်ဓါးသိုင်း လို့လည်း ခေါ်ကြပါတယ်။ ဆရာမိုးကျော်သူကတော့ အရိပ်မဲ့ဓါးသိုင်းလို့ သုံးပါတယ်]
သိုင်းလောကမှာ ရှောင်လင် လက်ညှိုးသိုင်း၊ မက်မွန်ကျွန်း လက်ညှိုးသိုင်း၊ ယိယန် လက်ညှိုးသိုင်း စသဖြင့် လက်ညှိုးနဲ့ လက်ချောင်းကို အသုံးပြုရတဲ့ သိုင်းပညာတွေ အတော်များများ ရှိပါတယ်။ အဲဒီအထဲမှာ သဏ္ဌာန်မဲ့နတ်ဓားသိုင်းကလည်း တစ်ခု အပါအဝင်ပါပဲ။
သဏ္ဌာန်မဲ့နတ်ဓားသိုင်းလို့ တင်စားခေါ်ဝေါ်ပေမယ့် တကယ်တမ်းတော့ ဓါးမပါပါဘူး။ အတွင်းအားကို အသုံးပြုရတဲ့ လက်နက်မဲ့ သိုင်းပညာပါ။
ခန္ဓာကိုယ်ထဲက အတွင်းအားလမ်းကြောင်းကြီး ခြောက်ခု ကနေ လက်ချောင်းတွေဆီကို အတွင်းအားပို့ဆောင်ပြီး ဓားတစ်လက်ပမာ အသုံးပြုတိုက်ခိုက်ရတာဖြစ်ပါတယ်။
ထူးခြားလှတဲ့ ဒီသိုင်းပညာဟာ ရန်သူရဲ့ ဓါးကို ချိုးဖဲ့ချေဖျက်နိုင်တဲ့အပြင် အဝေးပစ်လက်နက်တစ်ခုသဖွယ်လည်း ပစ်လွှတ်တိုက်ခိုက်နိုင်ပါတယ်။
အတွင်းအားလမ်းကြောင်း ခြောက်ခုလုံးက အတွင်းအားတွေကို ပေါင်းစပ်အသုံးပြုနိုင်ခဲ့ပြီဆိုရင် သဏ္ဌာန်မဲ့နတ်ဓားသိုင်းဟာ မိုးကြိုးပစ်တဲ့အလား အစွမ်းထက်လာပါတော့တယ်။
ယိယန်လက်ညှိုးသိုင်း (Yi Yang Finger) နဲ့ သဏ္ဌာန်မဲ့နတ်ဓားသိုင်းတို့ဟာ တာ့လီပြည်က သိုင်းပညာတွေဖြစ်တာနဲ့အညီ တစ်ခုနဲ့ တစ်ခု ခပ်ဆင်ဆင်တူညီပေမယ့် သဏ္ဌာန်မဲ့နတ်ဓားသိုင်းက ပိုမိုအစွမ်းထက်ပြီး လေ့ကျင့်အောင်မြင်သူလည်း နည်းပါတယ်။
သွမ့်တော်ဝင်မျိုးနွယ်တွေအထဲမှာ ဒီသိုင်းပညာကို စတင်တီထွင်ခဲ့သူ သွမ့်စစ်ဖျင် (Duan Si Ping) နဲ့ နောက်ပိုင်းမျိုးဆက်ထဲက သွမ်ယိ (Duan Yu) တို့နှစ်ယောက်ပဲ သဏ္ဌာန်မဲ့နတ်ဓားသိုင်းကို အောင်အောင်မြင်မြင် အသုံးပြုနိုင်ခဲ့ကြပါတယ်။
အကြောင်းကတော့ ဒီသိုင်းပညာကို အသုံးပြုနိုင်ဖို့အတွက် အတွင်းအား အများအပြား လိုအပ်လို့ပါပဲ။
သွမ်ယိဟာ အတွင်းအားစုပ်သိုင်းပညာတစ်မျိုးဖြစ်တဲ့ ပေမိန်နတ်သိုင်း (Divine Skill of the Northern Darkness) ကိုပါ တတ်မြောက်ထားသူ ဖြစ်တာကြောင့် သဏ္ဌာန်မဲ့နတ်ဓားသိုင်းအတွက် လိုအပ်တဲ့ အတွင်းအားကို ရရှိနိုင်ခဲ့ပါတယ်။
အစပိုင်းမှာ နည်းလမ်းတကျ အသုံးမပြုတတ်သေးပေမယ့် သွေးသောက်အစ်ကိုကြီးဖြစ်သူ ချောင်ဖုန်း (Qiao Feng) ရဲ့ လမ်းညွှန်မှုနဲ့ သဏ္ဌာန်မဲ့နတ်ဓားသိုင်းကို တဖြည်းဖြည်း စနစ်တကျ အသုံးပြုလာနိုင်ခဲ့ပါတယ်။
သွမ့်မျိုးနွယ်တွေဟာ သွမ်ယိ ကွယ်လွန်ပြီးနောက် ရာစုနှစ် နှစ်ခုအကြာ၊ ကြီးငါးကြီး စာရင်းဝင် တောင်ပိုင်းဧကရာဇ် သွမ့်ကျိချင်း (Duan Zhixing) [ဆရာတော် Yideng] လက်ထက်အထိ ယိယန်လက်ညှိုးသိုင်းကို လက်ဆင့်ကမ်း သယ်ဆောင်လာနိုင်ခဲ့ကြပေမယ့် သဏ္ဌာန်မဲ့နတ်ဓားသိုင်းကိုတော့ ဆက်လက် အမွေဆက်ခံနိုင်စွမ်း မရှိကြတော့ပါဘူး။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#သဏ္ဌာန်မဲ့နတ်ဓားသိုင်း
#SixMeridianDivineSwords
#wikiwuxiathinelawka