ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက ယိယန်လက်ညှိုးသိုင်း အကြောင်းပါ။
ယိယန်လက်ညှိုးသိုင်း (Yi Yang Finger/One Yang Finger/Singular Solar Finger) ဟာ တာ့လီပြည်က သွမ့်တော်ဝင်မျိုးနွယ် (Dali Duan Clan) တွေရဲ့ မူပိုင်သိုင်းပညာတစ်ခု ဖြစ်ပါတယ်။
Jin Yong ရဲ့ Demi-Gods and Semi-Devils ဝတ္ထုထဲမှာ သွမ်ယိ (Duan Yu) အသုံးပြုခဲ့တဲ့ သိုင်းပညာပေါ့။
[ယိယန်လက်ညှိုးသိုင်းကို နေခြည်လက်ညှိုးသိုင်း၊ နေလလက်ချောင်းသိုင်း၊ နေမင်းရောင်ခြည်လက်ချောင်းသိုင်း စသဖြင့်လည်းခေါ်ပါတယ်။ လက်တစ်ချောင်းအပူသိုင်းလို့ ဆရာ မိုးကျော်သူက ဘာသာပြန်ပြီး ဆရာ တက္ကသိုလ် ဘုန်းကြွယ်ကတော့ လက်တစ်ချောင်း လျှပ်လိုက် အကြောထိုးသိုင်းလို့ ဘာသာပြန်ပါတယ်]
အတွင်းအားကို လက်ညှိုးထိပ်မှာ စုစည်းပြီး ပစ်လွှတ်ရတဲ့ ဒီသိုင်းပညာဟာ ရန်သူကို အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန်ရစေပြီး သိုင်းပညာကိုလည်း ဖျက်ဆီးပစ်နိုင်ပါတယ်။
ဒါ့အပြင် အဆိပ်မိတာမျိုး၊ အတွင်းဒဏ်ရာ ရလာတာမျိုးမှာ ယိယန်လက်ညှိုးသိုင်းကို အသုံးပြုပြီး ကုသလို့ရပါတယ်။
ဒီသိုင်းပညာရဲ့ အဓိက အားနည်းချက်က အတွင်းအားကို စိုက်ထုတ်သုံးစွဲရတဲ့အတွက် တခြားသိုင်းပညာတွေလို အချိန်အကြာကြီး အသုံးပြုလို့မရတာပါပဲ။ ပြီးတော့ တဖက်ရန်သူက ကိုယ့်ထက် အတွင်းအားကြီးမားသာလွန်မယ်ဆိုရင် ထိရောက်မှုက အားနည်းသွားနိုင်ပါသေးတယ်။
သွမ့်တော်ဝင်မျိုးနွယ်တွေအားလုံး တတ်မြောက်ထားတဲ့ သိုင်းပညာဖြစ်တာကြောင့် ကောင်းကင်နဂါးကျောင်း (Celestial Dragon Temple) က ဘုန်းကြီးတော်ကြီးတွေ၊ သွမ့်ကျန်းချွန်း (Duan Zhengchun)၊ သွမ့်ကျန်းမင် (Duan Zhengming)၊ သွမ့်ရန်ချင်း (Duan Yanqing) နဲ့ သွမ့်ကျိချင်း (Duan Zhixing) တို့ဟာလည်း ဒီသိုင်းပညာကို တတ်မြောက်ကြပါတယ်။
သွမ့်မျိုးနွယ်ပြင်ပအနေနဲ့တော့ အလယ်ပိုင်းသူတော်စင် ဝမ်ချုံရန် (Wang Chongyang) ဟာ တောင်ပိုင်းဧကရာဇ် သွမ့်ကျိချင်း (Duan Zhixing) ဆီသွားပြီး သူ့ရဲ့ ကောင်းကင်ဘုံအတွင်းအား (First Heaven Skill/Pre-Heaven Skill/Innate Heaven) နဲ့ ယိယန်လက်ညှိုးသိုင်း (Yi Yang Finger) ကို လဲသင်ခဲ့ပါတယ်။
ပြီးတော့ အဲဒီ ပညာနှစ်မျိုးကို ပေါင်းစပ် အသုံးပြုပြီး အနောက်ပိုင်းအဆိပ်ဘုရင် အိုးရန်ဖုန်း (Ouyang Feng) ရဲ့ ဖားပြုတ်သိုင်း (Toad Skill) ကို အနိုင်ရခဲ့ဖူးပါတယ်။
သွမ့်မျိုးနွယ်ရဲ့ နာမည်ကျော် သဏ္ဍာန်မဲ့နတ်ဓားသိုင်း (Six Meridian Divine Swords) ကို အသုံးပြုနိုင်ဖို့အတွက် ယိယန်လက်ညှိုးသိုင်းကို တတ်မြောက်ထားဖို့ လိုပါတယ်။ ယိယန်လက်ညှိုးသိုင်းဟာ သဏ္ဍာန်မဲ့နတ်ဓားသိုင်းရဲ့ အခြေခံပါပဲ။
သဏ္ဍာန်မဲ့နတ်ဓားသိုင်းကတော့ ခန္ဓာကိုယ်ရဲ့ အတွင်းအားလမ်းကြောင်း ခြောက်ခုကနေ လက်ချောင်းတွေဆီကို အတွင်းအားထုတ်လွှတ်ပြီး ဓားအဖြစ်တိုက်ခိုက်ရတဲ့ အတွင်းအားပညာဖြစ်တာကြောင့် ယိယန်လက်ညှိုးသိုင်းထက် အစွမ်းပိုထက်ပါတယ်။
[အရှေ့ပိုင်းဆေးဆရာ ဟွမ်ယောက်ရှီ(Huang Yaoshi) ရဲ့ မက်မွန်ကျွန်း လက်ညှိုးသိုင်း (Finger Flicking Skill) ကလည်း ယိယန်လက်ညှိုးသိုင်းလို အဝေးကတိုက်ခိုက်နိုင်တဲ့ သိုင်းပညာတစ်ခုပါပဲ။ ကွဲပြားသွားတာကတော့ မက်မွန်ကျွန်း လက်ညှိုးသိုင်းက အတွင်းအားနဲ့ တိုက်ခိုက်မှုအပြင် ကျောက်ခဲ၊ သစ်စေ့ စတဲ့ ပြင်ပအရာဝတ္ထုတွေကိုပါ ပစ်လွှတ်တိုက်ခိုက်နိုင်တာပါ]
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ယိယန်လက်ညှိုးသိုင်း
#YiYangFinger
#wikiwuxiathinelawka