သိုင်းလောကသားတွေကို ဒီနေ့ မျှဝေပေးချင်တာက ရှောင်လင်အကြောပြောင်းသိုင်းလို့လည်း ခေါ်တဲ့ ယိကျင်း အကြောပြောင်းသိုင်း (Yijin Jing/Muscle Tendon Changing Method) အကြောင်းပါ။
[Yijin Jing ဟာ ရှောင်လင်ကျောင်းမှာ ယနေ့တိုင် ရှိပါတယ်။ Jin Yong က သူ့ရဲ့သိုင်းစာစဥ်တွေမှာ တကယ်ရှိတဲ့ ပညာရပ်တစ်ခုရဲ့ အမည်ကို ယူသုံးထားတာပါ။ ဒီနေရာမှာတော့ သိုင်းစာစဥ်တွေမှာပါတဲ့ Yijin Jing အကြောင်းပဲ ဖော်ပြမှာဖြစ်တဲ့အတွက် ပြင်ပက တကယ့် Yijin Jing နဲ့ ကွဲလွဲပါတယ်]
ယိကျင်းကျင်းဟာ ရှောင်လင်ကျောင်းတော်ရဲ့ အထင်ကရ သိုင်းပညာရပ်တစ်မျိုး ဖြစ်ပါတယ်။ အရှင်ဗောဓိဓမ္မ (Bodhidharma) တီထွင်ခဲ့တဲ့ သိုင်းကျမ်း နှစ်စောင်ဖြစ်တဲ့ "ယိကျင်းကျင်း" (Yijin Jing) နဲ့ "ရှီးစွေ့ကျင်း" (Xisui Jing) တို့အထဲက တစ်ခုပါ။
ဒဏ္ဍာရီတွေအရ ယိကျင်းကျင်းကို အရှင်ဗောဓိဓမ္မ ရှောင်လင်ကျောင်းကနေ ထွက်ခွာသွားပြီး (သို့မဟုတ်) ကွယ်လွန်ပြီး နှစ်အတန်ကြာမှ သူ့ရဲ့သင်္ချိုင်းဂူအတွင်း (သို့မဟုတ်) ဘုရားကျောင်းနံရံအတွင်းမှာ ဝှက်ထားခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Jin Yong Universe ရဲ့ အစောပိုင်းဖြစ်တဲ့ Demi-Gods and Semi-Devils မှာ ယိကျင်းကျင်းက ရှိနေပါပြီ။ "သံရုပ်ဆိုး" လို့ ခေါ်ကြတဲ့ "ယို့ထန်ကျီး" ဟာ ဒီသိုင်းပညာကို မမျှော်လင့်ဘဲ ရသွားခဲ့ပါတယ်။
တကယ်တော့ ယိကျင်းအကြောပြောင်းသိုင်းက တိုက်ခိုက်ရေး အထူးပြုတဲ့ ပညာမဟုတ်ဘဲ အတွင်းအားကို အထူးပြုထားလို့ အတွင်းအားကျင့်စဥ်လို့ ယေဘုယျ ပြောနိုင်ပါတယ်။
ဒါပေမဲ့ ဝမ်ချုံရန် (Wang Chongyang) ရဲ့ ကောင်းကင်ဘုံ အတွင်းအားသိုင်း (First Heaven Skill) တို့၊ ကြွယ်ယွမ်ဆရာတော် (Jueyuan) ရဲ့ နေစကြာသိုင်း (Nine Yang Manual) တို့လို အတွင်းအားပညာ သီးသန့်မဟုတ်သလို ရှောင်ယောင်းကျိ (Xiaoyao Zi) ရဲ့ ပေမိန်နတ်သိုင်း (Beiming Power) တို့၊ လိမ့်ဝေါ်ရှင်း (Ren Woxing) ရဲ့ ကြယ်ငင်မိစ္ဆာသိုင်း (Star Absorbing Skill) တို့လို အတွင်းအားစုပ်သိုင်းလည်း မဟုတ်ပါဘူး။
အဲဒီလိုပဲ ကျန်းဝူကျိ (Zhang Wuji) ရဲ့ စကြ၀ဠာ အားပြောင်းအားလွှဲသိုင်း (Heaven and Earth Great Shift) တို့၊ မုရုံလုံချန် (Murong Longcheng) ရဲ့ ကြယ်တံခွန်လှည့်ပြောင်းသိုင်း (Shifting North Star) တို့လို အားပြောင်းအားလွဲသိုင်းလည်း မဟုတ်ပြန်ပါဘူး။
သူက အတွင်းအားကို ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းနိုင်ရုံသာမက အကြောတွေကိုပါ လိုသလို ပြောင်းရွှေ့ထားနိုင်တဲ့ ပညာဖြစ်ပါတယ်။
ပြီးတော့ ယိကျင်းကျင်းက အတွင်းအား တိုးပွားဖို့၊ ပွားများဖို့ဆိုတာထက် အတွင်းအားကို သန့်သန့်စင်စင် အန္တရာယ်ကင်းကင်းနဲ့ စနစ်တကျ လှည့်ပတ်စီးဆင်းဖို့ကိုပဲ ဦးစားပေးပါတယ်။
ဒါကြောင့် သိုင်းလောက၏ စိန်ခေါ်သံ (The Smiling, Proud Wanderer) ထဲမှာ လင့်ဟူချုန်း (Linghu Chong) က ကြယ်ငင်မိစ္ဆာသိုင်းကြောင့် အတွင်းအားတွေ ကမောက်ကမဖြစ်ပြီး ဒုက္ခရောက်နေတာကို ယိကျင်းကျင်းနဲ့ ပြန်လည်ကုစားရတာ ဖြစ်ပါတယ်။
ယိကျင်းကျင်း အကြောပြောင်းသိုင်းဟာ ရှောင်လင်ကျောင်းတော်ရဲ့ မူပိုင်ပညာရပ်ဆိုပေမယ့် ဝါစဥ်ကြီး ပုဂ္ဂိုလ်တိုင်း တတ်မြောက်တာတော့ မဟုတ်ပါဘူး။
သိုင်းလောက၏ စိန်ခေါ်သံမှာ ရှောင်လင်ဂိုဏ်းချုပ် ဖန်းကျန့်ဆရာတော် (Fangzheng) က ယိကျင်းကျင်းကို တတ်မြောက်ပါတယ်။
[ကန့်သတ်ချက်တွေကြောင့် ဝါစဥ်ကြီး ပုဂ္ဂိုလ်တိုင်း တတ်မြောက်တာ မဟုတ်ပေမယ့် ဂိုဏ်းချုပ်တိုင်းတော့ တတ်မြောက်ထားလိမ့်မယ်လို့ ယူဆရပါတယ်]
ရှောင်လင်ဂိုဏ်း ပြင်ပမှာတော့ Demi-Gods and Semi-Devils မှာ "ယို့ထန်ကျီး" နဲ့ The Smiling, Proud Wanderer မှာ လင့်ဟူချုန်းတို့ နှစ်ယောက်ပဲ ယိကျင်းကျင်းကို တတ်မြောက်ကြပါတယ်။
ထူးခြားတာက ယိကျင်းကျင်း တတ်မြောက်ထားသူတွေဟာ အတွင်းအားစုပ်သိုင်းပညာတွေနဲ့ တိုက်ခိုက်လာမှုကို တားဆီးနိုင်တာပဲ ဖြစ်ပါတယ်။
Demi-Gods and Semi-Devils မှာ ယို့ထန်ကျီးက သွမ်ယိ ရဲ့ ပေမိန်နတ်သိုင်း အတွင်းအားစုပ်မှုကို ကာကွယ်နိုင်ခဲ့သလို The Smiling, Proud Wanderer မှာလည်း ဖန်းကျန့်ဆရာတော်က လိမ့်ဝေါ်ရှင်း ရဲ့ ကြယ်ငင်မိစ္ဆာသိုင်း အတွင်းအားစုပ်မှုကို ကာကွယ်နိုင်ခဲ့ပါတယ်။
သိုင်းလောကထဲက သိုင်းပညာရပ်ပေါင်းစုံကို မက်မက်မောမော စုဆောင်းလေ့ရှိတဲ့ မုရုံမိသားစု (Murong Family) က မုယုံပေါ် (Murong Bo) ဟာ ယိကျင်းကျင်းကို လိုချင်တဲ့အတွက် ရှောင်လင်ကျောင်းမှာ နှစ်ပေါင်း ၂၀ ကျော် ပုန်းအောင်းရှာဖွေနေခဲ့ဖူးပါတယ်။
ယိကျင်းကျင်းဟာ နေစကြာသိုင်း (ဝါ) ကျိုယန်ကျင်း (Nine Yang Manual) လိုပဲ အတွင်းအားဆိုင်ရာ ရောဂါတွေကို ဆေးကုသဖို့ သုံးနိုင်ပါတယ်။
အထူးသဖြင့် တခြားသော အတွင်းအားပညာ တတ်ထားသူတွေအတွက် ဒီပညာက အရမ်းကို အသုံးဝင်ပါတယ်။ တခြား အတွင်းအားပညာတွေကြောင့် ကမောက်ကမ တိုးပွားနေတဲ့ အတွင်းအားတွေကို ယိကျင်းကျင်းနဲ့ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပါတယ်။
(ဒါကြောင့် မုယုံပေါ်က အသည်းအသန် လိုချင်တာပါ။ သွမ်ယိတို့၊ ရွှီကျူတို့လို ပေမိန်တတ်တဲ့သူတွေ ယိကျင်းကျင်းနဲ့ တွဲသုံးရင် ရှယ်ပါပဲ။ ယိကျင်းကျင်း တမျိုးတည်းတတ်ရင်တော့ အဲဒီလောက်ကြီး မဟုတ်ပြန်ဘူး။ လွမ်းငွေ့ဝေဖြာမှာ ယို့ထန်ကျီး ကြမ်းပေမယ့် သွမ်ယိကို မနိုင်ပါဘူး။ သိုင်းလောက၏ စိန်ခေါ်သံမှာ ရှောင်လင်ဂိုဏ်းချုပ် ဖန်းကျန့်ဆရာတော် ယိကျင်းကျင်း တတ်ပေမယ့် လိမ့်ဝေါ်ရှင်းကို မနိုင်ပါဘူး)
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည် တည်တံ့ပါစေ။
#ယိကျင်းကျင်း
#YijinJing
#wikiwuxiathinelawka