ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက ဖိရှဲ့ဓားသိုင်းအကြောင်းပါ။
ဖိရှဲ့ဓားသိုင်း (Bixie Swordplay/Evil Resisting Sword Art) ဟာ နေကြာသိုင်းကျမ်း (Sunflower Manual) ကနေ ခွဲထွက်လာတဲ့ ဓါးသိုင်းပညာရပ်တစ်မျိုး ဖြစ်ပါတယ်။
ကျင်းယုံရဲ့ သိုင်းလောက၏ စိန်ခေါ်သံ (The Smiling၊ Proud Wanderer) ဝတ္ထုမှာ ပါဝင်တဲ့ နာမည်ကျော် သိုင်းပညာပါ။
[ဖိရှဲ့ဓားသိုင်းကို တက္ကသိုလ် နေလင်းအောင်က "ဘီလူးမီးဓားသိုင်း" လို့ ဘာသာပြန်ပြီး တက္ကသိုလ် ဝင်းကြွယ်ကတော့ "မိစ္ဆာရှင်းဓါးရေးကျမ်း" လို့ သုံးပါတယ်]
ဖိရှဲ့ဓါးသိုင်း ဖြစ်ပေါ်လာပုံကလည်း နေကြာသိုင်းကျမ်း (Sunflower Manual) ဖြစ်ပေါ်လာပုံနဲ့ စပ်ဆက်နေပါတယ်။
နေကြာသိုင်းကျမ်းကို ယွမ်မင်းဆက်ခေတ် (Yuan Dynasty) မှာ "နေနဲ့ကြာ သိုင်းမောင်နှံ" က ရေးသားခဲ့ပါတယ်။
နေနဲ့ကြာ သိုင်းမောင်နှံလို့ ခေါ်တာက ခင်ပွန်းရဲ့နာမည်မှာ "နေ"ဆိုတဲ့ စာလုံးပါပြီး ဇနီးသည်နာမည်မှာတော့ "ကြာပန်း"ဆိုတဲ့ စာလုံးပါလို့ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ နေနဲ့ကြာ သိုင်းမောင်နှံဟာ စိတ်ကတောက်ကဆဖြစ်ပြီး လမ်းခွဲသွားကြတဲ့အတွက် နေကြာသိုင်းကျမ်းကိုလည်း ဘယ်သူမှ တပေါင်း တစည်းတည်း တတ်တဲ့သူ မရှိတော့ပါဘူး။
ထပ်မံ ပြုပြင်ခဲ့တဲ့ Version သစ်အရဆိုရင်တော့ နေကြာသိုင်းကျမ်းကို ယွမ်မင်းဆက်ခေတ် (Yuan Dynasty) မှာ နန်းတွင်း ကုန်းကုန်းတစ်ယောက်က တီထွင် ပြုစုခဲ့ပါတယ်။ သူကွယ်လွန်ပြီးနောက်မှာတော့ နှစ်ပေါင်း ၃၀၀ လုံးလုံး နေကြာသိုင်းကျမ်းကို တတ်မြောက်တဲ့သူ မရှိတော့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်သူပဲ တီထွင်တီထွင်နောက်ဆုံးတော့ သိုင်းလောက၏ စိန်ခေါ်သံဇာတ်လမ်း မစတင်ခင် နှစ် ၁၀၀ လောက်မှာ အဲဒီ နေကြာသိုင်းကျမ်းဟာ ဖူထျန်း ရှောင်လင်ကျောင်းကို ရောက်လာခဲ့ပါတယ်။
ရှောင်လင်ကျောင်းထိုင် ဆရာတော် ဟုန်ယဲ့ (Hongye) ဟာ နေကြာသိုင်းကျမ်းကို မလေ့ကျင့်သင့်တဲ့ သိုင်းပညာမှန်းသိလို့ လေ့ကျင့်ခွင့် ပိတ်ပင်တားမြစ်ထားခဲ့ပါတယ်။
တစ်နေ့တော့ ဟွာစန်းဂိုဏ်းက ယွဲ့စု (Yue Su) နဲ့ ချိုက်ကျိဖုန်း (Cai Zifeng) တို့ဟာ ရှောင်လင်ကျောင်းကိုသွားရင်း နေကြာသိုင်းကျမ်းကို အမှတ်မထင်တွေ့ရှိခဲ့ကြတယ်။
သူတို့နှစ်ယောက်ဟာ နေကြာသိုင်းကျမ်းကို ခိုးယူဖို့ မဖြစ်နိုင်တဲ့အတွက် တယောက်တစ်ဝက်စီ အလွတ်ကျက်မှတ်ပြီး ဟွာစန်းဂိုဏ်းကိုပြန်လာခဲ့တယ်။
ဒါပေမဲ့ သူတို့ကျက်လာခဲ့တဲ့ အပိုင်းတပိုင်းစီကို ချရေးပြီး ဆက်စပ်ကြည့်တဲ့အခါ ဘယ်လိုမှဆက်စပ်လို့မရဘဲ မအောင်မြင်တဲ့ သိုင်းကျမ်းကြီး ဖြစ်သွားပါတော့တယ်။
အဲဒီမှာ သူ့ကိုငါ အပြစ်တင်ရင်း ဟွာစန်းဂိုဏ်းပါ နှစ်ခြမ်းကွဲသွားတယ်။ ယွဲ့စုက အတွင်းအားကို အထူးပြုတဲ့ အတွင်းအားဂိုဏ်း (Qi Specialize Gang) ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး ချိုက်ကျိဖုန်းက ဓားသိုင်းကို အလေးထားတဲ့ ဓားဂိုဏ်း (Sword Specialize Gang) ရဲ့ ခေါင်းဆောင် ဖြစ်လာပါတယ်။
[ဘာသာပြန်စာအုပ်တွေမှာတော့ လေဂိုဏ်းနဲ့ ဓါးဂိုဏ်းလို့ သုံးပါတယ်။ လင့်ဟူချုန်းရဲ့ ဆရာရင်း ယွဲ့ပုချွင် (Yue Buqun) က လေဂိုဏ်းဝင်ဖြစ်ပါတယ်။ တုကူးဓါးကိုးကွက် သင်ပေးတဲ့ ဖုန်းချင်းရန် (Feng Qingyang) ကတော့ ဓါးဂိုဏ်းဝင်ပါ]
ဒီကိစ္စကို ရှောင်လင်ကျောင်းထိုင်ဆရာတော်က သိသွားတဲ့အခါ ယွဲ့စုနဲ့ ချိုက်ကျိဖုန်းကို ပြန်ပြီး သင့်မြတ်အောင် စေ့စပ်ပေးဖို့နဲ့ နေကြာသိုင်းကျမ်းကို ဆက်မလေ့ကျင့်အောင် ဖျောင်းဖျဖို့ ဆရာတော် တူယွမ် (Duyuan) ကို စေလွှတ်လိုက်ပါတယ်။
ဆရာတော် တူယွမ်ဟာ ဉာဏ်ပညာ ထက်မြက်သလို သိုင်းပညာမှာလည်း ထူးချွန်တဲ့ ဘုန်းကြီးတစ်ပါးပါ။ သူက ယွဲ့စုနဲ့ ချိုက်ကျိဖုန်းတို့ရဲ့ သိုင်းကျမ်းကို ကြည့်ပြီး အစပ်အဟပ်မိတဲ့ သိုင်းကျမ်းတစ်ခုဖြစ်လာအောင် ပြုပြင်ဖန်တီး ပေးလိုက်တယ်။
ပြောရရင် ရှောင်လင်ကျောင်းက နေကြာသိုင်းကျမ်းအစစ်နဲ့ တစ်ထေရာတည်း မတူပေမယ့် လေ့ကျင့်လို့မရတဲ့ သိုင်းကျမ်းအလွဲကြီး ဖြစ်မနေတော့ဘူးပေါ့။
အဲဒီမှာတင် ဖိရှဲ့ဓါးသိုင်းရဲ့ဇာတ်လမ်းက စပါတော့တယ်။ ဆရာတော် တူယွမ် ကိုယ်တိုင် နေကြာသိုင်းကျမ်းကို အရမ်းစိတ်ဝင်စားသွားခဲ့တယ်။
အဲဒါနဲ့ သူကလည်း ယွဲ့စုနဲ့ ချိုက်ကျိဖုန်းတို့ရဲ့ သိုင်းကျမ်းကို အလွတ်ကျက်မှတ်ပြီးတော့ သူကိုယ်တိုင်တီထွင်ထားတဲ့ ဓားသိုင်းကွက်တွေနဲ့ ပေါင်းစပ်ပြီး ဖိရှဲ့ဓားသိုင်းကို ထပ်မံ တီထွင်လိုက်တယ်။
ဒါတင်မက ရှောင်လင်ဘုန်းတော်ကြီးအဖြစ်ကနေ လူထွက်ပြီး လင်ယွမ်ထူ (Lin Yuantu) ဆိုတဲ့ အမည်နဲ့ ဖုဝေး သယ်ယူပို့ဆောင်ရေးဌာန (Fuwei Security Service) ကို တည်ထောင်ခဲ့တယ်။
[တက္ကသိုလ် နေလင်းအောင်ကတော့ မင်္ဂလာအာမခံဌာန လို့ သုံးပါတယ်]
လင်ယွမ်ထူရဲ့ ဖိရှဲ့ဓါးသိုင်းဟာလည်း မိစ္ဆာပညာတစ်မျိုးပါပဲ။ ဒါကြောင့် လင်ယွမ်ထူက သူ့ရဲ့ မျိုးဆက်တွေကို မလေ့ကျင့်ရဘူးလို့ မှာကြားခဲ့တယ်။
ဒီလိုနဲ့ မြေးဖြစ်သူ လင်ဖင်ကျိ (Lin Pingzhi) လက်ထက်ရောက်မှ ဖိရှဲ့ဓါးသိုင်းကျမ်းကို ဟွာစန်းဂိုဏ်းချုပ် ယွဲ့ပုချွင် (Yue Buqun) က ရသွားပြီး နှစ်ယောက်လုံး လေ့ကျင့်ခဲ့ကြတယ်။
[တက္ကသိုလ် နေလင်းအောင်က လင်မိန်ကျက် လို့ သုံးပါတယ်။ တက္ကသိုလ် ဝင်းကြွယ်ကတော့ လင်းဖင်းကျည် လို့အမည် ဖလှယ်ပါတယ်]
ဖိရှဲ့ဓါးသိုင်းကျမ်းဟာ ရှောင်လင်ကျောင်းက မူရင်း နေကြာသိုင်းကျမ်း၊ ဟွာစန်းဂိုဏ်းက ဆင့်ပွား နေကြာသိုင်းကျမ်းတို့နဲ့ သဘောတရားချင်း ဆင်တူပေမယ့် အနည်းငယ်စီ ကွဲလွဲပါတယ်။
နေကြာသိုင်းကျမ်းထဲမှာ ဘယ်လက်နက်ကိုပဲ အသုံးပြုရမယ်လို့ ပုံသေ သတ်မှတ်ထားတာ မရှိဘဲသုံးစွဲသူရဲ့ တီထွင်နိုင်စွမ်းအပေါ်မှာ မူတည်ပြီး ဘယ်အရာကိုမဆို လက်နက်အဖြစ် အသုံးပြုနိုင်ပါတယ်။
ဖိရှဲ့ဓါးသိုင်းကျမ်းကတော့ လက်နက်အဖြစ် ဓါးကို အထူးပြု သုံးစွဲရတဲ့ ဓါးသိုင်းကျမ်း ဖြစ်ပါတယ်။
တူညီတာကတော့ ဒီသိုင်းပညာတွေကို လေ့ကျင့်မယ်ဆိုရင် ယောက်ကျားဘဝကို စွန့်လွှတ်ရမှာပဲ ဖြစ်ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ဖိရှဲ့ဓါးသိုင်း
#BixieSwordplay
#wikiwuxiathinelawka