သိုင်းလောကသားတွေကို ဒီနေ့ မျှဝေပေးချင်တာက နဂါးနိုင်လက်ဝါးသိုင်း ၁၈ ကွက် အကြောင်းပါ။
နဂါးနိုင်လက်ဝါးသိုင်း ၁၈ ကွက် (Eighteen Subduing Dragon Palms) ဟာ ခွေးရိုက်တုတ်သိုင်း (The Dog Beating Staff Technique) နဲ့အတူ ထင်ရှားတဲ့ သူဖုန်းစားဂိုဏ်း (Beggar Sect) ရဲ့ သိုင်းပညာဖြစ်ပါတယ်။
ဒါပေမဲ့ မြောက်ပိုင်းစုန့်ခေတ် (Northern Song Dynasty)၊ ၆ ဆက်မြောက် ဂိုဏ်းချုပ် ဝမ်ကျင့်ထုံး (Wang Jiantong) လက်ထက်အထိ နဂါးနိုင်လက်ဝါးသိုင်းဆိုတာ သူဖုန်းစားဂိုဏ်းမှာ မရှိသေးပါဘူး။ ၇ ဆက်မြောက် သူဖုန်းစား ဂိုဏ်းချုပ်ကြီး ချောင်ဖုန်း (Qiao Feng) ရဲ့ လက်ထက်မှာ ရှောင်လင်ကျောင်းတော်က သင်ကြားလာခဲ့တဲ့ "မိုးနဂါးသိုင်း ၂၈ ကွက်" (Twenty-Eight Dragon-Subduing Palms) ကို နဂါးနိုင်လက်ဝါးသိုင်း ၁၈ ကွက်အဖြစ် ပြုပြင်ပြောင်းလဲခဲ့ပါတယ်။
အဲဒီလို ပြုပြင်ပြောင်းလဲတဲ့နေရာမှာ သူ့ရဲ့ သွေးသောက်ညီတစ်ဦးဖြစ်တဲ့ ရှောင်လင်ကိုယ်တော်လေး ရွှီကျူ (Xu Zhu) ကလည်း ပါဝင်ကူညီပေးခဲ့ပါတယ်။ ဒီလိုနဲ့ နဂါးနိုင်လက်ဝါးသိုင်း ၁၈ ကွက်ဟာ သူဖုန်းစားဂိုဏ်းရဲ့ ဝိသေသ သိုင်းပညာရပ်အဖြစ် ခေတ်အဆက်ဆက်မှာ လက်ဆင့်ကမ်း သယ်ဆောင်သွားခဲ့ကြပါတယ်။
နဂါးနိုင်လက်ဝါးသိုင်းကို "နဂါး" ရဲ့ စွမ်းအားနဲ့ ပုံသဏ္ဍာန်ကို မှီငြမ်းပြီး လေ၊ မြေ၊ မီး၊ ရေ အစရှိတဲ့ သဘာဝတရားနဲ့ လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထားတာပါ။
နဂါးနိုင်လက်ဝါးသိုင်းရဲ့ ထူးခြားချက်က ပြင်းထန်တဲ့ ရိုက်ချက်တွေပါပဲ။ အသုံးပြုသူရဲ့ အတွင်းအားပေါ်မူတည်ပြီး အင်အား ပြင်းထန်တာကြောင့် ရန်သူကို အထိအခိုက်များစေပါတယ်။ ဒါကြောင့် ယန် (Yang) စွမ်းအင်ကို အခြေခံတဲ့ သိုင်းပညာတွေအထဲမှာ အကောင်းဆုံးသိုင်းပညာတစ်ခုအဖြစ် သတ်မှတ်ခံရတာပါပဲ။
ချောင်ဖုန်းဟာ နဂါးနိုင်လက်ဝါးသိုင်းကို အမြင့်ဆုံး အဆင့်ထိ ကျွမ်းကျင်ပိုင်နိုင်ပြီး သူ့ဘဝတစ်လျောက်လုံး ယုံယုံကြည်ကြည် အသုံးပြုခဲ့ပါတယ်။
၁၈ ယောက်မြောက် ဂိုဏ်းချုပ် ဟုန်ချီကုန်း (Hong Qigong) လက်ထက်မှာ နဂါးနိုင်လက်ဝါးသိုင်းကို တိုးတက်အောင် ထပ်မံပြုပြင်နိုင်ခဲ့ပေမယ့် ၁၉ ယောက်မြောက် ဂိုဏ်းချုပ် ဟွမ်းယုံ (Huang Rong) နဲ့ ၂၀ ယောက်မြောက် ဂိုဏ်းချုပ် (Lu Youjiao) တို့ရဲ့နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ယုတ်လျော့ အားနည်းသွားခဲ့ပါတယ်။
၂၅ ယောက်မြောက်ဂိုဏ်းချုပ် ရှီးဟော်လုံ (Shi Huolong) လက်ထက်ရောက်လာတဲ့အခါ နဂါးနိုင်လက်ဝါးသိုင်း ၁၈ ကွက်မှာ ၁၂ ကွက်ပဲ တတ်မြောက်ပါတော့တယ်။
သူဖုန်းစားဂိုဏ်းချုပ် မဟုတ်ပေမယ့် နဂါးနိုင်လက်ဝါးသိုင်းကို စနစ်တကျ သင်ယူပြီး အကောင်းဆုံး အသုံးချနိုင်ခဲ့သူကတော့ ကောကျင့် (Guo Jing) ပါပဲ။
[နောက်တစ်ယောက်က စုန့်ချင်စူး ဖြစ်ပါတယ်။ သူကလည်း ဝူတန်ဂိုဏ်းက ထုတ်ပယ်ခံရပြီး အော်မေ့ဂိုဏ်းကို ရောက်သွားပြီးတဲ့နောက် ကျိုးကျစ်လော့ ဆီကတဆင့် နဂါးနိုင်လက်ဝါးသိုင်းကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူကတော့ သက်ဆိုးမရှည်ခဲ့ပါဘူး]
သူဖုန်းစားဂိုဏ်းရဲ့ နာမည်ကျော် နဂါးနိုင်လက်ဝါးသိုင်း ၁၈ ကွက် ဆိုတာကတော့ အောက်ပါအတိုင်းပါပဲ။
၁။ မာနနဂါး နောင်တပွား
Proud Dragon Repents
အမြင့်ကနေ အနိမ့်ကို ထိုးနှက်တိုက်ခိုက်တဲ့ တိုက်ကွက်ဖြစ်ပြီး ရန်သူကို တိုက်ခိုက်ပြီးနောက် ဆင့်ကဲတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ အားကောင်းပါတယ်။
၂။ မိုးယံလွင့်ပျံ နဂါးမာန်
Dragon Soars in the Sky
အမြင့်ကနေ ခုန်ပျံတိုက်ခိုက်တဲ့ တိုက်ကွက်ဖြစ်ပြီး ရန်သူ့ကိုသာမက ပါဝင်ကူညီသူတွေကိုပါ တိုက်ခိုက်ဖို့ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုအတွက် သင့်တော်ပါတယ်။
၃။ ရွှေနဂါးမင်း လယ်ကွင်းဆင်း
Dragon is Seen in the Fields
ရန်သူတစ်ဦးကို အဓိက ဦးတည်ပြီး အစွမ်းကုန်တိုက်ခိုက်ရင်းနဲ့ မိမိရဲ့ အင်အားကို ပြန်လည်ရယူဖို့ သင့်တော်တဲ့ တိုက်ကွက်ဖြစ်ပါတယ်။
၄။ ငန်းရိုင်းပမာ လှပစွာ
Swan Descends Gracefully
ရန်သူကို အလွယ်တကူ ထိခိုက်စေမယ့် တိုက်ကွက်ဖြစ်ပြီး ရန်သူ့ရဲ့ အားနည်းချက်ကိုလည်း အမြန်ရှာဖွေနိုင်ပါတယ်။
၅။ ပုန်းလျှိုနဂါး ရေအောက်သွား
Submerged Dragon is Forbidden
ကာကွယ်မှုကို အဓိကထားပြီး ထိခိုက်မှုကို အမြင့်ဆုံး လျော့နည်းစေမယ့် တိုက်ကွက်ဖြစ်တာကြောင့် မိမိထက် သိုင်းပညာပိုမြင့်မားတဲ့ ရန်သူကို ရင်ဆိုင်ဖို့ သင့်တော်ပါတယ်။
၆။ မြစ်မင်းမဟာ ဖြတ်သန်းကာ
Crossing Great Rivers
ရန်သူကို သီးခြားဖြစ်စေပြီး လှည့်လည်တိုက်ခိုက်ရတဲ့၊ ကာကွယ်မှုနဲ့ တိုက်ခိုက်မှုကို ပေါင်းစပ်ထားတဲ့ တိုက်ကွက်ဖြစ်ပါတယ်။
၇။ ခူကောင်အလား တွန့်လိမ်သွား
Bend of the Measuring Worm
ရန်သူရဲ့ အားနည်းချက်ကို တဖြည်းဖြည်းချင်း စစ်မြှူရှာဖွေရင်း အကောင်းဆုံးအခွင့်အရေးမှာ အပြင်းထန်ဆုံး တိုက်ခိုက်ရတဲ့ တိုက်ကွက်ဖြစ်ပါတယ်။
၈။ ချောက်နက်အတွင်း နဂါးသက်ဆင်း
Diving into the Abyss
မတိုက်ခိုက်ခင်၊ သိုင်းဟန်ခင်းကျင်းစဥ်မှာပဲ မိမိရဲ့စွမ်းအားကို ထုတ်ဖော်ပြသပြီး ရန်သူကို ထိတ်လန့်စေတဲ့ တိုက်ကွက်ဖြစ်ပါတယ်။
၉။ ရေသောက်ဆင်းလာ နဂါးအမြွှာ
Twin Dragons Fetch Water
ရန်သူကို ဝဲယာနှစ်ဖက် တစ်ပြိုင်နက်တိုက်ခိုက်ပြီး ဖိအားပေးတဲ့ တိုက်ကွက်ဖြစ်ပါတယ်။
၁၀။ အမြီးဝှေ့ယမ်း နဂါးကြမ်း
Divine Dragon Swishes its Tail
တိုက်ပွဲအတွင်းမှာ အမှားပြုလုပ်မိတဲ့ ရန်သူရဲ့ အားနည်းချက်ကို အဓိက ဖိနှိပ်တိုက်ခိုက်တဲ့ တိုက်ကွက်ဖြစ်ပါတယ်။
၁၁။ စွန့်စွန့်စားစား နတ်နဂါး
A Sudden Advent
မမျှော်လင့်တဲ့ အချိန်မှာ ရန်သူကို ရုတ်တရက်တိုက်ခိုက်တဲ့ တိုက်ကွက်ဖြစ်ပြီး လက်ဦးရယူမှုကို အဓိကထားပါတယ်။
၁၂။ ခြောက်ကောင်နဂါး အချိန်ကိုက်သွား
Timely Riding the Six Dragons
အချိန်ကိုက် လှုပ်ရှားမှုနဲ့ အလျှင်အမြန် တုံ့ပြန်မှုကိုအခြေခံတဲ့ တိုက်ကွက်ဖြစ်ပြီး တစ်ယောက်နဲ့ အများ တိုက်ခိုက်နေရသလို ရန်သူကို ဗျာများသွားစေပါတယ်။
၁၃။ မိုးတိမ်မည်းကာ မိုးမရွာ
Dark Clouds But No Rain
ရန်သူက တုံ့ပြန်လာနိုင်တဲ့ တိုက်ကွက်တွေကို မိမိက ကြိုတင် စဥ်းစားတွေးတောပြီး ပရိယာယ်ဆင် တိုက်ခိုက်တဲ့ တိုက်ကွက်ဖြစ်ပါတယ်။
၁၄။ အရှုံးထဲမှာ အမြတ်ရှာ
With a Loss Comes Confidence
ရန်သူရဲ့ အားနည်းချက်တွေကို ရှာဖွေအသုံးချပြီး မိမိအတွက် အနိုင်ရယူတဲ့ တိုက်ကွက်ဖြစ်ပါတယ်။
၁၅။ တောရိုင်းနက်ထဲ နဂါးရန်ပွဲ
Dragon Fights in the Wilderness
ရန်သူများစွာကို တိုက်ခိုက်နိုင်တဲ့ ပေါင်းစပ်တိုက်ကွက်ဖြစ်တာကြောင့် အများနဲ့ ရင်ဆိုင်ရချိန်မှာ အသုံးပြုဖို့ သင့်တော်ပါတယ်။
၁၆။ ရေခဲနဂါး လမ်းလျောက်သွား
Treading on Ice
လျှင်သွက်လက်တဲ့ လှုပ်ရှားမှုတွေနဲ့ ရန်သူကို ကျုံးသွင်းတိုက်ခိုက်တဲ့ တိုက်ကွက်ဖြစ်ပါတယ်။
၁၇။ သိုးရိုင်း ခြံသွင်း နဂါးမင်း
Ram Charges into the Fence
ရန်သူကို ချောင်ပိတ်ပြီး စွမ်းအားအပြည့် အလဲထိုးတိုက်ခိုက်တဲ့ တိုက်ကွက်ဖြစ်ပါတယ်။
၁၈။ မိုးမြေတုန်သွား နဂါးလက်ဝါး
Tremors that Shook the Land
ရန်သူကို သွေးပျက်ခြောက်ခြားသွားစေတဲ့ အင်အားအပြည့်အဝပါတဲ့ တိုက်ကွက်ဖြစ်ပါတယ်။
၁၉။ ရေနက်ထဲတွင် ငါးပျော်ရွှင်
Fish Frolics in the Depths
ဒါကတော့ နံပါတ်မရှိတဲ့ တိုက်ကွက်ပါ။ ရေအောက်မှာ ငါးကလေးတွေ လှုပ်ရှားသွားလာနေတဲ့ ပုံသဏ္ဍာန်အတိုင်း လွတ်လွတ်လပ်လပ် လှုပ်ရှားရင်း ရန်သူကို ပွဲသိမ်းပေးတဲ့ တိုက်ကွက်ဖြစ်ပါတယ်။
[နဂါးနိုင်လက်ဝါးသိုင်း ၁၈ ကွက်ဟာ အနောက် ကျိုးမင်းဆက်ကာလ (Western Zhou Period) က ယိကျင်းဗေဒင်ကျမ်း (Yi Jing) ကို အခြေခံပြီး အမည်ပေးထားတာပါ။
ဒါကြောင့် တရုတ်ဘာသာနဲ့ တရုတ်ယဥ်ကျေးမှုကို ကောင်းကောင်းနားလည်တဲ့ သူတွေမှပဲ သိုင်းကွက်အမည်တွေကို မှန်မှန်ကန်ကန် ဘာသာပြန်ပေးနိုင်ပြီး တိုက်ခိုက်ပုံ နည်းစနစ်တွေကိုလည်း တိတိကျကျ ရှင်းပြနိုင်မှာ ဖြစ်ပါတယ်။
အခုဖော်ပြခဲ့တဲ့ သိုင်းကွက်အမည်တွေနဲ့ တိုက်ခိုက်ပုံနည်းစနစ်တွေတော့ ကျနော့်ရဲ့ အာဘော်သက်သက်ပါ။ သိုင်းစာပေ ဝါသနာရှင်တစ်ယောက်အနေနဲ့ English Version က တဆင့် ဖတ်ရလွယ်အောင် မြန်မာအမည်တွေ ပေးထားတာဖြစ်ပါတယ်။ မိမိတို့ သဘောကျသလို စိတ်ကြိုက် ပြောင်းလဲ အမည်ပေးနိုင်ပါတယ်]
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#နဂါးနိုင်လက်ဝါးသိုင်း
#EighteenSubduingDragonPalms
#wikiwuxiathinelawka