နေကြာသိုင်းလို့ ဆိုလိုက်တာနဲ့ မိန်းမလျာဇာတ်ကောင်ကြီး တုန်းဖန်းပုပိုက်ကို ပြေးမြင်ကြလိမ့်မယ် ထင်ပါတယ်။
ဒီနေ့တော့ သိုင်းလောကသားတွေကို တုန်းဖန်းပုပိုက်ရဲ့ နေကြာသိုင်းအကြောင်း မျှဝေပေးချင်ပါတယ်။
နေကြာသိုင်းကျမ်း (Sunflower Manual) ကို ယွမ်မင်းဆက်ခေတ် (Yuan Dynasty) မှာ "နေနဲ့ကြာ သိုင်းမောင်နှံ" က ရေးသားခဲ့ပါတယ်။
နေနဲ့ကြာ သိုင်းမောင်နှံလို့ ခေါ်တာက ခင်ပွန်းရဲ့နာမည်မှာ "နေ"ဆိုတဲ့ စာလုံးပါပြီး ဇနီးသည်နာမည်မှာတော့ "ကြာပန်း"ဆိုတဲ့ စာလုံးပါလို့ ဖြစ်ပါတယ်။
ထူးခြားတာက နေကြာသိုင်းကျမ်းထဲမှာ ဘယ်လက်နက်ကိုပဲ အသုံးပြုရမယ်လို့ ပုံသေ သတ်မှတ်ထားတာ မရှိပါဘူး။ သုံးစွဲသူရဲ့ တီထွင်နိုင်စွမ်းအပေါ်မှာ မူတည်ပြီး ဘယ်အရာကိုမဆို လက်နက်အဖြစ် အသုံးပြုနိုင်ပါတယ်။
ဒါပေမဲ့ နေနဲ့ကြာ သိုင်းမောင်နှံဟာ နောက်ပိုင်းမှာ စိတ်ကတောက်ကဆဖြစ်ပြီး လမ်းခွဲသွားကြတဲ့အတွက် နေကြာသိုင်းကိုလည်း ဘယ်သူမှတပေါင်း တစည်းတည်း တတ်မြောက်တဲ့သူ မရှိတော့ပါဘူး။
ထပ်မံ ပြုပြင်ခဲ့တဲ့ Version သစ်အရဆိုရင်တော့ နေကြာသိုင်းကျမ်းကို ယွမ်မင်းဆက်ခေတ် (Yuan Dynasty) မှာ နန်းတွင်း ကုန်းကုန်းတစ်ယောက်က တီထွင် ပြုစုခဲ့ပါတယ်။ သူကွယ်လွန်ပြီးနောက်ပိုင်း နှစ်ပေါင်း ၃၀၀ လုံးလုံး နေကြာသိုင်းကို တတ်မြောက်တဲ့သူ မရှိတော့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်သူပဲ တီထွင်တီထွင်နောက်ဆုံးတော့ အဲဒီနေကြာသိုင်းကျမ်းဟာ ဖူထျန်း ရှောင်လင်ကျောင်းကို ရောက်လာခဲ့ပါတယ်။
ရှောင်လင်ကျောင်းထိုင်ဆရာတော် ဟုန်ယဲ့ (Hongye) ဟာ နေကြာသိုင်းကျမ်းကို မလေ့ကျင့်သင့်တဲ့ သိုင်းပညာမှန်းသိလို့ လေ့ကျင့်ခွင့် ပိတ်ပင်တားမြစ်ထားခဲ့တယ်။
တစ်နေ့တော့ ဟွာစန်းဂိုဏ်းက ယွဲ့စု (Yue Su) နဲ့ ချိုက်ကျိဖုန်း (Cai Zifeng) တို့ဟာ ရှောင်လင်ကျောင်းကိုသွားရင်း နေကြာသိုင်းကျမ်းကို အမှတ်မထင်တွေ့ရှိခဲ့ကြတယ်။
သူတို့နှစ်ယောက်ဟာ နေကြာသိုင်းကျမ်းကို ခိုးယူဖို့ မဖြစ်နိုင်တဲ့အတွက် တယောက်တစ်ဝက်စီ အလွတ်ကျက်မှတ်ပြီး ဟွာစန်းဂိုဏ်းကိုပြန်လာခဲ့တယ်။
ဒါပေမဲ့ သူတို့ကျက်လာခဲ့တဲ့ အပိုင်းတပိုင်းစီကို ချရေးပြီး ဆက်စပ်ကြည့်တဲ့အခါ ဘယ်လိုမှဆက်စပ်လို့မရနိုင်တာကို တွေ့လိုက်ကြတယ်။
ပြောရရင် လေ့ကျင့်လို့ မရနိုင်တဲ့ သိုင်းကျမ်းကြီး ဖြစ်သွားတယ်ပေါ့။ အဲဒီမှာ သူ့ကိုငါ အပြစ်တင်ရင်း ဟွာစန်းဂိုဏ်းပါ နှစ်ခြမ်းကွဲသွားတယ်။
ယွဲ့စုက အတွင်းအားကို အထူးပြုတဲ့ အတွင်းအားဂိုဏ်း (Qi Specialize Gang) ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး ချိုက်ကျိဖုန်းက ဓားသိုင်းကို အလေးထားတဲ့ ဓားဂိုဏ်း (Sword Specialize Gang) ရဲ့ ခေါင်းဆောင် ဖြစ်လာပါတယ်။
[ဘာသာပြန်စာအုပ်တွေမှာတော့ လေဂိုဏ်းနဲ့ ဓါးဂိုဏ်းလို့ သုံးပါတယ်။ လင့်ဟူချုန်းရဲ့ ဆရာရင်း ယွဲ့ပုချွင် (Yue Buqun) က လေဂိုဏ်းဝင်ဖြစ်ပါတယ်။ တုကူးဓါးကိုးကွက် သင်ပေးတဲ့ ဖုန်းချင်းရန် (Feng Qingyang) ကတော့ ဓါးဂိုဏ်းဝင်ပါ]
ဒီကိစ္စကို ရှောင်လင်ကျောင်းထိုင်ဆရာတော်က သိသွားတဲ့အခါ ယွဲ့စုနဲ့ ချိုက်ကျိဖုန်းကို ပြန်ပြီး သင့်မြတ်အောင် စေ့စပ်ပေးဖို့နဲ့ နေကြာသိုင်းကျမ်းကို ဆက်မလေ့ကျင့်အောင် ဖျောင်းဖျဖို့ ဆရာတော် တူယွမ် (Duyuan) ကို စေလွှတ်လိုက်တယ်။
ဆရာတော် တူယွမ်ဟာ ယွဲ့စုနဲ့ ချိုက်ကျိဖုန်းတို့ရဲ့ သိုင်းကျမ်းကို ကြည့်ပြီး အစပ်အဟပ်မိတဲ့ သိုင်းကျမ်းတခုဖြစ်လာအောင် လုပ်ပေးလိုက်တယ်။ နေကြာသိုင်းကျမ်းအစစ်နဲ့ မတူပေမယ့် လေ့ကျင့်လို့မရတဲ့ သိုင်းကျမ်းအလွဲကြီး ဖြစ်မနေတော့ဘူး။
အဲဒီမှာတင် ပြသနာအသစ်တစ်ခု စတော့တာပါပဲ။ ဆရာတော် တူယွမ် ကိုယ်တိုင် နေကြာသိုင်းကိုစိတ်ဝင်စားသွားခဲ့တယ်။ အဲဒါနဲ့ အလွတ်ကျက်မှတ်ပြီးတော့ သူကိုယ်တိုင်တီထွင်ထားတဲ့ ဓားသိုင်းကွက်တွေနဲ့ပေါင်းစပ်ပြီး ဖိရှဲ့ဓားသိုင်း (ဘီလူးမီးဓားသိုင်း) ကို တီထွင်လိုက်တယ်။
[ဖိရှဲ့ဓားသိုင်း (Bixie Swordplay Evil Resisting Sword Art) အကြောင်းကိုတော့ သီးခြားထပ်ရေးပါဦးမယ်]
ဒီလိုနဲ့ ရွဲ့စုနဲ့ ချိုင်ဇီဖန်းတို့ဟာ နေကြာသိုင်းကျမ်းကို ရရှိသွားတယ်။ ဒါပေမဲ့ လက်တွေ့ လေ့ကျင့်အောင်မြင်တဲ့အထိတော့ မရောက်လိုက်ပါဘူး။
ဟွာစန်းဂိုဏ်းကို နေလဂိုဏ်းက လာတိုက်ခိုက်တယ်။ ပထမတစ်ကြိမ် တောင်ငါးလုံးဂိုဏ်းတွေက ဝိုင်းဝန်းခုခံလို့ တွန်းလှန်နိုင်ခဲ့ပေမယ့် ဒုတိယတစ်ကြိမ်မှာတော့ ရှုံးနိမ့်ပြီး နေကြာသိုင်းကျမ်းကို ပေးလိုက်ရတယ်။
ဒီလိုနဲ့ နေကြာသိုင်းကျမ်းကို နေလဂိုဏ်းက ပိုင်ဆိုင်သွားပြီး တုန်းဖန်းပုပိုက်ရဲ့ လက်ထဲကိုရောက်လာခဲ့တယ်။
တုံးဖန်းပုပိုက်ဟာ ယောက်ျားဘဝကို အဆုံးခံပြီး နေကြာသိုင်းကို လေ့ကျင့်ခဲ့တဲ့အတွက် ပြိုင်ဘက်ကင်း ဖြစ်လာခဲ့သလို သူ့ရဲ့ အနီရောင်အပ်ချည်နဲ့ ပန်းထိုးအပ်ဟာလည်း ထူးခြားတဲ့ လက်နက်ဖြစ်လာခဲ့ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#နေကြာသိုင်းကျမ်း
#SunflowerManual
#wikiwuxiathinelawka