သိုင်းလောကသားတွေကို ဒီနေ့ မျှဝေပေးချင်တာက တုကူးဓါးကိုးကွက် အကြောင်းပါ။
တုကူးဓါးကိုးကွက် (The Nine Swords of Dugu) ဆိုတာ သိုင်းလောကရဲ့ နံပါတ် ၁ ဓါးသမား တုကူးချိုးပိုက် (Dugu Qiubai) က တီထွင်ခဲ့တာဖြစ်ပါတယ်။
[တုကူးဓါးကိုးကွက်ကို တက္ကသိုလ်ဝင်းကြွယ်က "တကိုယ်တော် အရှုံးမရှိ ဓါးကိုးကွက်" လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်က "ဧကရာဇ်ကိုးကွက်" လို့ ဘာသာပြန်ပါတယ်]
ဓား၊ လှံ၊ လေးမြား၊ ကြာပွတ် စတဲ့ လက်နက်အမျိုးအစားအားလုံးကို ကျော်လွှားနိုင်ဖို့ ဖန်တီးထားတဲ့ အဆုံးအစမဲ့ လွတ်လပ်တဲ့ ဓားကွက်တွေ ဖြစ်ပါတယ်။
ထူးခြားတာက တုကူးဓါးကိုးကွက်မှာ တိုက်ကွက်ပဲ ရှိပြီး ခုခံကွက် လုံးဝမရှိပါဘူး။ ရန်သူက မခုခံဘဲ မနေနိုင်တဲ့ နေရာမှန်သမျှကို ထိုးနှက် တိုက်ခိုက်ပါတယ်။ ဒါကြောင့် ရန်သူဟာ တိုက်စစ်ဆင်နိုင်ခြင်း မရှိတော့ဘဲ အလိုလို ခံစစ်ဖြစ်သွားရပါတယ်။
ရန်သူက ဓါးကွက် ရာထောင်ချီ ပြောင်းလဲအသုံးပြုခဲ့မယ်ဆိုရင်လည်း ရန်သူရဲ့ ဓါးကွက်ပေါ် မူတည်ပြီး တုကူးဓါးကွက်တွေက လိုက်ပါပြောင်းလဲနေမှာ ဖြစ်ပါတယ်။
တုကူးဓါးကိုးကွက်ရဲ့ ပထမ သော့ချက်က အမြန်နှုန်းပါ။ ရန်သူရဲ့ အားနည်းချက်တွေကို ချက်ချင်း မြင်တွေ့နိုင်အောင် လေ့ကျင့်ထားရပြီး အဲဒီအားနည်းချက်တွေကို ထိထိမိမိနဲ့ အမြန်ဆုံး တိုက်ခိုက်နိုင်ဖို့လည်း လေ့ကျင့်ထားရပါတယ်။
ဒုတိယ သော့ချက်ကတော့ တုကူးဓားကိုးကွက်မှာ ပုံသေအကွက်ရယ်လို့ မရှိတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါဟာ သိုင်းလောကမှာ အသုံးပြုနေကြတဲ့ တခြားသော သိုင်းပညာတွေနဲ့ လုံးဝကွဲပြားပါတယ်။ ဒီအချက်ကြောင့် ရန်သူဟာ မိမိရဲ့ ဓါးကွက်တွေကို ကြိုတင် ခန့်မှန်းဖို့၊ တန်ပြန် တိုက်ခိုက်ဖို့ အလွန်ခက်ခဲစေပါတယ်။
တုကူးဓားသိုင်းကို ကျွမ်းကျင်ပေါက်မြောက်အောင် လေ့ကျင့်နိုင်ဖို့ဆိုရင် အဓိကလိုက်နာရမှာက သိုင်းကွက်တွေကို အပြင်းအထန် ကျက်မှတ်ရမယ့်အစား အဲဒီ သော့ချက်နှစ်ခုကို နားလည်သဘောပေါက်ထားဖို့ပဲ ဖြစ်ပါတယ်။
ရန်သူနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့နေရာမှာ ပုံသေ ဓားကွက်တွေကို မှတ်သားထားမှု နည်းလေလေ၊ ဓါးကွက်တွေရဲ့ ကန့်သတ်ခြင်းခံရမှုက နည်းပါးလေလေ ဖြစ်ပါတယ်။
ဒါကြောင့် တုကူးဓါးသိုင်းကို သင်ကြားလေ့ကျင့်တဲ့အခါ ဓားကွက်တွေကို ပုံသေမှတ်မထားဘဲ မိမိ စိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်ဖို့ ကြိုးစားရပါတယ်။
"တိမ်လိုပျံ၊ ရေလိုစီး၊ စိတ်ထင်ရာပြုကျင့်" ဆိုတာ တုကူးဓါးသိုင်းရဲ့ ဆောင်ပုဒ်ပါပဲ။
တုကူးဓါးသိုင်းရဲ့ အနှစ်သာရကို လက်တွေ့ သဘောပေါက် နားလည်သွားပြီဆိုရင်တော့ မတူကွဲပြားပြီး အဆုံးအစမဲ့တဲ့ တိုက်ခိုက်မှုပုံစံတွေကို စိတ်တိုင်းကျ အသုံးပြုနိုင်ပါပြီ။
တုကူးဓါးကိုးကွက်ကို တီထွင်ခဲ့သူ တုကူးချိုးပိုက်ဟာ ဓါးပညာမှာ အလွန်ကျွမ်းကျင်သူ ဖြစ်တာကြောင့် သိုင်းလောကမှာ ဓါးမိစ္ဆာ (Sword Devil) ရယ်လို့ အမည်တွင်ခဲ့ပါတယ်။
သူ့ရဲ့ ဓါးပညာက ဘယ်လောက်တောင်မှ အဆင့်မြင့်သလဲဆိုရင် Swordsmanship Without a Sword လို့ ခေါ်တဲ့၊ ဓါးကို အသုံးပြုဖို့ မလိုတော့တဲ့ ဓါးမဲ့အဆင့်ကို ရောက်သွားခဲ့သူပါ။
တုကူးဓားသိုင်း တစ်ကွက်စီမှာ ရန်သူရဲ့ သိုင်းကွက် အမျိုးအစား၊ ဒါမှဟုတ် လက်နက်အမျိုးအစား တစ်ခုချင်းစီကို တုံ့ပြန်တိုက်ခိုက်နိုင်ဖို့ အထူး တီထွင်ဖန်တီးထားပါတယ်။ တုကူးဓါး ကိုးကွက်ဆိုတာက
၁။ General Index Stance
၂။ Sword-defeating Stance
၃။ Saber-defeating Stance
၄။ Spear-defeating Stance
၅။ Whip-defeating Stance
၆။ Chain whip-defeating Stance
၇။ Palm-defeating Stance
၈။ Arrow-defeating Stance
၉။ Qi-defeating Stance တို့ပါပဲ။
ကိုးသင်္ချိုင်းမှ စိန်ခေါ်သံ စာအုပ်ထဲက ဆရာတက္ကသိုလ် ဘုန်းကြွယ်ရဲ့ ကြီးငါးကြီး ကဗျာကို အားကျပြီး ကျနော်လည်း မှတ်ရလွယ်အောင် ကဗျာလေး စပ်ထားပါတယ်။
#တုကူးဓါးကိုးကွက်
"လေးမြားပစ် လွဲ
လက်ဖဝါး ကွဲ
ကြာပွတ် နောက်ပြန်လန်။
သံဆက်ကြိုး ပြတ်
အတွင်းအား ဖျက်
လှံသွား ဖျားလိပ်ပြန်။
လှီးဓါး ခွေလို့
ထိုးဓား ကျိုး
ရန်မျိုး လုံးစုံကာ။
ငြိုးသူ ရန်ဘက်
ပြိုင်ဖို့ ခက်
တုကူး ကိုးကွက်ပါ"
၁။ လေးမြား ပစ်လွဲ
[Arrow-defeating Stance]
လေးမြား၊ လက်နက်ပုန်း၊ အဆိပ်အပ် စတဲ့ အဝေးပစ် လက်နက်နဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ဖို့ပါ။ ဝင်ရောက်လာတဲ့ လက်နက်တွေကို အလွတ်ရှောင်တိမ်းဖို့၊ ဒါမှမဟုတ် လမ်းလွှဲပစ်ဖို့ ဒီ ဓါးသိုင်းကွက်ကို တီထွင်ထားပါတယ်။
၂။ လက်ဖဝါး ကွဲ
[Palm-defeating Stance]
လက်ဗလာနဲ့ တိုက်ခိုက်မှု၊ အထူးသဖြင့် ပြင်းထန်တဲ့ လက်ဖဝါးနဲ့ ထိုးနှက် ရိုက်ပုတ်ချက်တွေကို ရင်ဆိုင်ဖို့ တီထွင်ထားတဲ့ ဓါးသိုင်းကွက် ဖြစ်ပါတယ်။ လက်ဖဝါးသိုင်းသာမက လက်သီးသိုင်း၊ ခြေသိုင်း၊ လက်နက်မဲ့သိုင်းအားလုံးကို တိုက်ဖျက်နိုင်ပါတယ်။
၃။ ကြာပွတ် နောက်ပြန်လန်
[Whip-defeating Stance]
ကြာပွတ်၊ ကြိုး၊ ငါးဖမ်းပိုက်၊ ငါးမျှားချိတ် စတဲ့ ဦးတည်ရာ ပြောင်းလွယ် ပြင်လွယ်ရှိတဲ့ လက်နက်တွေကို တန်ပြန်ဖို့၊ အဲဒီ လက်နက်တွေရဲ့ မှန်းဆရခက်တဲ့ လှုပ်ရှားမှုတွေကို ပျက်ပြယ်စေဖို့ တီထွင်ထားတဲ့ ဓါးကွက်ပါ။
၄။ သံဆက်ကြိုး ပြတ်
[Chain whip-defeating Stance ]
သံဆက်ကြိုး၊ သံဆူးကြိုး၊ သံလုံးပျံ၊ သုံးချောင်းဆက်တုတ် ဒါမှမဟုတ် တခြား အလားတူ ဦးတည်ရာ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ လက်နက်တွေကို ရင်ဆိုင်ဖို့ တီထွင်ထားတာပါ။
၅။ အတွင်းအား ဖျက်
[Qi-defeating Stance]
ဒီဓါးကွက်ကတော့ ရန်သူရဲ့ အတွင်းအားစီးဆင်းမှုကို အနှောက်အယှက် ဖြစ်စေဖို့ အဓိက ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဓါးကွက်ဖြစ်ပါတယ်။ လေ့ကျင့်အောင်မြင်ဖို့လည်း ခက်ခဲပါတယ်။
၆။ လှံသွား ဖျားလိပ်ပြန်
[Spear-defeating Stance]
လှံရဲ့ အကွာအဝေးနဲ့ ထိုးဖောက် တိုက်ခိုက်နိုင်စွမ်းတွေကို အသေအချာတွက်ချက်ပြီး ဓားသိုင်းကွက်ကို တီထွင်ထားတာပါ။ လှံတို၊ လှံရှည်၊ သုံးခွလှံ စတဲ့ လှံမျိုးစုံကို တိုက်ဖျက်နိုင်ပါတယ်။
၇။ လှီးဓါး ခွေလို့
[Saber-defeating Stance]
တစ်ဖက်သွား ဓား၊ အထူးသဖြင့် မြင်းစီးစစ်သည်တွေ ကိုင်ဆောင်လေ့ရှိတဲ့ ဓားရှည်ကြီးတွေကို ခုခံကာကွယ်တိုက်ခိုက်ဖို့ တီထွင်ထားတာပါ။ ဒီဓားသိုင်းကွက်ဟာ ဓားရှည်ကြီးတွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ပျက်ပြယ်စေပါတယ်။
၈။ ထိုးဓား ကျိုး
[Sword-defeating Stance]
နှစ်ဖက်သွားဓား၊ ဒါမှမဟုတ် ပုံမှန်ဓါးနဲ့ တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့အတွက် တီထွင်ထားပါတယ်။ ရန်သူ့ ဓါးကွက်ရဲ့ အားနည်းချက်တွေကို နင်းချေ အသုံးချနိုင်ဖို့ အဓိက အာရုံစိုက်ပါတယ်။
၉။ ရန်မျိုး လုံးစုံကာ
[General Index Stance]
ဒီဓါးကွက်ကတော့ တခြား ဓားကွက်အားလုံးကို အတူပူးပေါင်း ချိတ်ဆက်ပေးတဲ့ အခြေခံဓါးကွက်ပါ။ ရန်သူရဲ့ အားနည်းချက်တွေကို ပိုင်းခြား စိတ်ဖြာပြီး မိမိဘက်က ချက်ချင်း ပြန်လည်တုံ့ပြန်တိုက်ခိုက်နိုင်ဖို့အတွက် တီထွင်ထားပါတယ်။
ဒီ ဓါးသိုင်းကွက်ကိုးကွက်နဲ့ အခြေခံမူတွေကို သေသေချာချာ ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီဆိုရင် ပြိုင်ဘက်ကင်းတဲ့ ဘက်စုံစွမ်းရည်ကို ရရှိလာမှာပါ။ဘယ်ပြိုင်ဘက်ကိုမဆို စိုးမိုးနိုင်ပြီး သိုင်းလောကမှာ ကြောက်စရာအကောင်းဆုံး ဓါးသမားတစ်ယောက် ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့်လည်း Smiling, Proud Wanderer မှာ လင့်ဟူချုန်း (Linghu Chong) ကို ဖုန်းချင်းရန် (Feng Qingyang) က တူကူးဓားကိုးကွက် သင်ကြားပေးတဲ့အခါ
"မင်းက ဒီ ဧကရာဇ်ကိုးကွက်ကို တတ်ပေမယ့် ဒီဓါးကွက်တွေကို ကျွမ်းကျွမ်းကျင်ကျင် မကစားတတ်ရင် အလကားပဲ။ ဘယ်တော့မှ ထိပ်သီးသိုင်းသမား မဖြစ်နိုင်သေးဘူး။ အခု မင်းမှာ လမ်းစတော့ ရနေပြီ။ အဲဒီလမ်းပေါ်မှာ ဖြောင့်ဖြောင့်မတ်မတ် လျောက်နိုင်ဖို့ပဲ လိုတော့တယ်။ နောက်ထပ် အနှစ် ၂၀ လောက်သာ လေ့ကျင့်လိုက်၊ မင်းကိုငါ နောက်ဆုံး ပြောပြလိုက်မယ်၊ မင်းက သိုင်းလောကတစ်ခုလုံးကို စိန်ခေါ်ချင်သပဆိုရင်တောင် ရဲရဲဝံ့ဝံ့ စိန်ခေါ်လိုက်တော့" လို့ ဆိုခဲ့တာ ဖြစ်ပါလိမ့်မယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည် တည်တံ့ပါစေ။
#တုကူးဓါးကိုးကွက်
#TheNineSwordsofDugu
#wikiwuxiathinelawka