ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာကတော့ စကြ၀ဠာအားပြောင်းအားလွှဲသိုင်း (ဝါ) မိုးမြေပြောင်းသိုင်းလို့ခေါ်တဲ့ အတွင်းအားပညာရပ်အကြောင်းပါ။
စကြ၀ဠာ အားပြောင်းအားလွှဲသိုင်း (Heaven and Earth Great Shift) ဟာ မိန်ဂိုဏ်းရဲ့ မူပိုင်ပညာရပ်တစ်ခုဖြစ်ပြီး ဂိုဏ်းချုပ်တွေပဲ ဆုံးခန်းတိုင် သင်ကြားခွင့်ရှိတဲ့ အတွင်းအားပညာဖြစ်ပါတယ်။
စကြဝဠာအားပြောင်းအားလွှဲသိုင်းကို တတ်မြောက်သွားခဲ့ပြီဆိုရင် မိမိခန္ဓာကိုယ်ထဲမှာ တိမ်မြုပ်နေတဲ့ အတွင်းအားတွေကို မခြွင်းမချန် အချိန်မရွေး ထုတ်ယူ အသုံးပြုနိုင်ပါတယ်။
ပြီးတော့ မိမိရဲ့အတွင်းအားကိုသာမက ရန်သူရဲ့ အတွင်းအားကိုပါ လိုသလို ရယူအသုံးချနိုင်ပါတယ်။ ရန်သူတစ်ယောက်က တိုက်ခိုက်လာတဲ့ အတွင်းအားတွေကို မိမိကိုယ်တွင်းကို ဖြတ်သန်းစီးဆင်းစေပြီး တခြား ရန်သူတစ်ယောက်ထံ လမ်းကြောင်းလွှဲ တိုက်ခိုက်တာမျိုးပါ။
[စကြဝဠာအားပြောင်းအားလွှဲသိုင်းက "ပေမိန်နတ်သိုင်း" တို့၊ "ကြယ်ငင်မိစ္ဆာသိုင်း" တို့လို အတွင်းအားကို စုပ်ယူနိုင်စွမ်းရှိတဲ့ သိုင်းပညာအမျိုးအစားတော့ မဟုတ်ပါဘူး။ Jin Yong Universe ထဲမှာတော့ သွမ်ယိ၊ ရွှီကျူး၊ သင်းချိုးချွန်း၊ လင့်ဟူချုန်း၊ လိမ့်ဝေါ်ရှင်းတို့က အတွင်းအားစုပ်သိုင်းပညာ တတ်ကြပါတယ်]
စကြ၀ဠာအားပြောင်းအားလွှဲသိုင်းပညာကို လေ့ကျင့်မယ်ဆိုရင် နက်ရှိုင်းတဲ့ အတွင်းအား အခြေခံရှိနေဖို့တော့ လိုပါတယ်။ ဒါမှသာ လေ့ကျင့် အောင်မြင်နိုင်မှာပါ။
တကယ်လို့ အတွင်းအားနိမ့်ပါးသူက လေ့ကျင့်မိမယ်ဆိုရင် ပြင်းထန်တဲ့ အတွင်းဒဏ်ရာရပြီး သေဆုံးနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်နေတုန်း အာရုံပျက်ပြားသွားခဲ့ရင်၊ ဒါမှမဟုတ် နည်းလမ်းလွဲမှားသွားခဲ့ရင်လည်း အဆင့်မတက်တဲ့အပြင် အတွင်းဒဏ်ရာပါ ရသွားနိုင်ပါသေးတယ်။
ဒါကြောင့် စကြ၀ဠာအားပြောင်းအားလွှဲသိုင်းကို အဆင့် တစ်ခုကနေ နောက်တစ်ခု တိုးတက် အောင်မြင်ဖို့ နှစ်ပေါင်းများစွာ အချိန်ပေးလေ့ကျင့်ရပါတယ်။
စကြ၀ဠာအားပြောင်းအားလွှဲသိုင်းမှာ အဆင့် ၇ ဆင့် ရှိပါတယ်။ အဲဒါတွေကတော့
အဆင့် ၁ - Qi Circulation [အတွင်းအားကို မိမိကိုယ်တွင်း လှည့်ပတ်စီးဆင်းခြင်း]
အဆင့် ၂ - Qi Manipulation [မိမိကိုယ်တွင်းရှိ အတွင်းအားကို ထိန်းချုပ်ခြင်း]
အဆင့် ၃ - Qi Redirection [ရန်သူ့အတွင်းအားကို မိမိအတွင်းအားအဖြစ် လွှဲပြောင်းအသုံးချခြင်း]
အဆင့် ၄ - Qi Channel Expansion [မိမိကိုယ်အတွင်း လိုအပ်သောနေရာများထံ အတွင်းအားများ တိုးချဲ့စုဆောင်း ဖြန့်ဝေခြင်း]
အဆင့် ၅ - Advanced Combat Application [ရန်သူကို အတွင်းအားဖြင့် တုံ့ပြန်တိုက်ခိုက်ခြင်း]
အဆင့် ၆ - Multi-Directional Control [ရန်သူအများအပြားကို တစ်ချိန်တည်းတွင် အတွင်းအားဖြင့် တုံ့ပြန်တိုက်ခိုက်ခြင်း]
အဆင့် ၇ - Perfect Harmony [မိမိအတွင်းအား၊ ရန်သူ့အတွင်းအားကို လိုသလိုထိန်းချုပ်၍ အချိန်မရွေး တုံ့ပြန်တိုက်ခိုက်ခြင်း] တို့ပဲ ဖြစ်ပါတယ်။
အဆင့် ၁ နဲ့၂ ဟာ မိမိကိုယ်ကိုယ် အတွင်းအား တိုးတက်ကောင်းမွန်အောင် လေ့ကျင့်ပြင်ဆင်ရတဲ့ အခြေခံ ကျင့်စဥ်တွေပါ။
[ကျန်းဝူကျိဟာ အဆင့် ၂ ကိုအောင်မြင်တာနဲ့ လက်ချောင်းဖျားက အအေးဓါတ်တွေ ထွက်လာပါတယ်]
အဆင့် ၃ ကနေ ၅ အထိ ကျင့်စဥ်တွေကို လေ့ကျင့်အောင်မြင်ပြီ ဆိုရင်တော့ ရန်သူရဲ့ အတွင်းအားကို မိမိအတွင်းအားအဖြစ် အသုံးချပြီးတော့ တုံ့ပြန်တိုက်ခိုက်လာနိုင်ပါပြီ။
[အဆင့် ၄ ကို ကျန်းဝူကျိ လေ့ကျင့်အောင်မြင်သွားတဲ့ အခါ မျက်နှာတစ်ခြမ်းက နီရဲပြီး တစ်ခြမ်းကတော့ စိမ်းပြာပြာ ဖြစ်နေခဲ့ပါတယ်။ အဆင့် ၅ ကို အောင်မြင်သွားပြီးတဲ့အခါမှာတော့ မျက်နှာက ရုတ်တရက် နီလိုက်၊ စိမ်းလိုက် ဖြစ်သွားခဲ့ပါတယ်]
အဆင့် ၆ နဲ့ ၇ ကို အောင်မြင်သွားပြီဆိုရင်တော့ မိမိအတွင်းအား၊ ရန်သူ့အတွင်းအား၊ အတွင်းအား မှန်သမျှကို လိုသလို ထိန်းချုပ်အသုံးချပြီး ရန်သူများစွာကို တစ်ချိန်တည်းမှာ တုံ့ပြန်တိုက်ခိုက်နိုင်တဲ့ အဆင့်ကို ရောက်သွားတော့တာပါပဲ။
တရုတ်ပြည် မိန်ဂိုဏ်းမှာ စကြ၀ဠာအားပြောင်းအားလွှဲသိုင်းကို အဆင့်ကုန် လေ့ကျင့်အောင်မြင်ခဲ့တဲ့သူက ၃၄ ယောက်မြောက် ဂိုဏ်းချုပ်ကြီး ကျန်းဝူကျိ တစ်ယောက်ပဲ ရှိခဲ့ပါတယ်။
[နဂါးနိုင်ဓါးဝတ္ထုထဲမှာ အမည်နာမ ညွှန်းဆိုမှုလောက်သာ ပါဝင်ခဲ့တဲ့ ၃၃ ယောက်မြောက် တရုတ်ပြည် မိန်ဂိုဏ်းချုပ်ကြီး ရန်တျင်းထန်းကတော့ ကျန်းဝူကျိ က လွဲရင် တခြားသော မိန်ဂိုဏ်းချုပ်တွေထက် အဆင့်မြင့်မားခဲ့တယ်လို့ ယူဆရပါတယ်]
ကျန်းဝူကျိဟာ ရှောင်ကျောက်နဲ့အတူ လျှို့ဝှက်ခန်းထဲမှာ ပိတ်မိနေချိန်တုန်း စကြ၀ဠာအားပြောင်းအားလွှဲသိုင်းကို အချိန်တိုတိုနဲ့ အဆင့် ၇ အထိ ဆုံးခန်းတိုင် လေ့ကျင့်အောင်မြင်ခဲ့ပါတယ်။
ဘာကြောင့် သူက အဲဒီလို အချိန်တိုတိုနဲ့ လေ့ကျင့်အောင်မြင်ခဲ့သလဲဆိုတော့ နေစကြာသိုင်း (Nine Yang Manual) ကို တတ်မြောက်ထားခဲ့လို့ပါပဲ။
နေစကြာသိုင်း ဆိုတာကလည်း အတွင်းအားကို အဓိကထားတဲ့ ထိပ်တန်းသိုင်းပညာရပ်ဖြစ်တာကြောင့် ကျန်းဝူကျိအဖို့ စကြ၀ဠာအားပြောင်းအားလွှဲသိုင်းကို လေ့ကျင့်ရာမှာ ပိုမို လွယ်ကူသွားစေခဲ့ပါတယ်။
နောက်တစ်ချက်က သူက အဆင့် ၇ ကို လေ့ကျင့်တဲ့အခါ ဖတ်လို့ နားမလည်တဲ့ စာကြောင်းတွေကို ကျော်ခွ လေ့ကျင့်ခဲ့တာပါ။
ကံကောင်းချင်တော့ အဲဒီစာကြောင်းတွေက ကျင့်စဥ်အလွဲတွေဖြစ်နေပါတယ်။ ဒါကြောင့်လည်း သူက တခြားဂိုဏ်းချုပ်တွေလို အဆင့် ၇ မှာ တစ်ဆို့မနေဘဲ အောင်မြင်သွားခဲ့ပါတယ်။
သူ့လက်အောက်က ခေါင်းဆောင်တွေ အထဲမှာတော့ ဘယ်လက်ရုံး ရန်ရှောင်း၊ ညာလက်ရုံး ဖန်ယောင်နဲ့ မျက်ခုံးဖြူ သိမ်းငှက်မင်း ရင်ထျန်းကျန်းတို့ဟာ စကြ၀ဠာအားပြောင်းအားလွှဲသိုင်းကို အဆင့် ၃ အထိ တတ်ကျွမ်းခဲ့ကြတယ်လို့ ဆိုရပါမယ်။
အထူးသဖြင့် ဘယ်လက်ရုံး ရန်ရှောင်းဟာ စကြ၀ဠာအားပြောင်းအားလွှဲသိုင်းရဲ့ သဘောတရားတွေကို ရံဖန်ရံခါ အသုံးပြုခဲ့ပါတယ်။
ခြင်္သေ့မင်း ရှက်စွန်းနဲ့ လင်းနို့မင်း ဝေရီးရှောက်တို့ကတော့ စကြ၀ဠာအားပြောင်းအားလွှဲသိုင်းကို မသုံးဘဲ မိန်ဂိုဏ်းရဲ့ တခြားသော သိုင်းပညာတွေကိုပဲ အသုံးပြုကြပါတယ်။
[လင်းနို့မင်း ဝေရီးရှောက်ရဲ့ သိုင်းပညာက အတွင်းအားစုပ်သိုင်း အမျိုးအစားထဲမှာ ပါပါတယ်။ ရန်သူရဲ့အတွင်းအားကို စုပ်ယူပြီး မိမိရဲ့ အတွင်းအားအဖြစ် ပြောင်းလဲအသုံးပြုပါတယ်။ အားနည်းချက်က ရန်သူမှာ အဆိပ်သင့်နေရင် သူပါ အဆိပ်သင့်သွားတော့တာပါပဲ]
စကြဝဠာအားပြောင်းအားလွှဲသိုင်းဟာ ကျန်းဝူကျိလက်ထက် နောက်ပိုင်းမှာ ဆက်လက် ပျံ့နှံ့ခြင်းမရှိတော့ဘဲ ကျန်းဝူကျိနဲ့အတူ ပျောက်ကွယ်သွားတယ်လို့ ယူဆမယ်ဆိုရင် ယူဆနိုင်ပါတယ်။
ပါရှန်းမိန်ဂိုဏ်းမှာတော့ စကြဝဠာအားပြောင်းအားလွှဲသိုင်းကို လေ့ကျင့်တတ်မြောက်ခဲ့သူတွေ ရှိ၊ မရှိ ကျင်းယုံက အသေးစိတ် ရေးမသွားခဲ့ပါဘူး။
ဂိုဏ်းချုပ်သစ်ဖြစ်လာတဲ့ ရှောင်ကျောက်ကလည်း စကြဝဠာအားပြောင်းအားလွှဲသိုင်းအကြောင်းကို ကျန်းဝူကျိထက်အရင် သိရှိထားခဲ့ပေမယ့် လုံလောက်တဲ့ အတွင်းအားမရှိလို့ မလေ့ကျင့်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ စကြဝဠာအားပြောင်းအားလွှဲသိုင်းလို အတွင်းအားကိုအခြေခံတဲ့ ပညာရပ်တွေဟာ နက်ရှိုင်းတဲ့ အတွင်းအားပိုင်ရှင် ဘယ်သူဆို လေ့ကျင့်အောင်မြင်နိုင်တာကြောင့် ပါရှန်းမိန်ဂိုဏ်းမှာလည်း အဆင့်ကုန် တတ်မြောက်သူ ရှိကောင်း ရှိနေနိုင်ပါတယ်။
[ဒီယူဆချက်တွေဟာ တက္ကသိုလ် နေလင်းအောင်ရဲ့ နဂါးနိုင်ဓါး စာစဥ်၊ နဂါးနိုင်ဓါး (၂၀၀၃) ဇာတ်လမ်းတွဲ၊ Wikipedia က The Heaven Sword and Dragon Saber Characters ဖော်ပြချက်တွေကို အခြေခံပြီး သုံးသပ် ရေးသားထားတာပါ။ အမည်တွေကိုတော့ ဇာတ်လမ်းတွဲထဲက အမည်တွေပဲ ယူသုံးထားပါတယ်။ စာအုပ်ပါ အမည်တွေဆိုရင်တော့ ကျန်းဝူကျိ က "ကျန်းဟူကျင်း"၊ ရန်တျင်းထန်း က "ရန်ဖော့ထင်း"၊ ရင်စုစု က "ချင်တူးတူး"၊ ကျိုးကျစ်လော့ က "ချူးကျူး" တွေဖြစ်ပြီး ရွာလည်ကုန်ပါလိမ့်မယ်]
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#စကြ၀ဠာအားပြောင်းအားလွှဲသိုင်း
#HeavenandEarthGreatShift
#wikiwuxiathinelawka