ဒီနေ့တော့ သိုင်းလောကသားတွေကို ခွေးရိုက်တုတ်သိုင်းအကြောင်း မျှဝေပေးချင်ပါတယ်။
ခွေးရိုက်တုတ်သိုင်း (Dog Beating Staff Technique) ဟာ သူဖုန်းစားဂိုဏ်းရဲ့ မူပိုင် သိုင်းပညာရပ်တစ်ခု ဖြစ်ပါတယ်။
ခွေးရိုက်တုတ်သိုင်းကို ဘယ်သူက စတင် တီထွင်ခဲ့သလဲဆိုတာ မသိရပါဘူး။ ခေတ်အဆက်ဆက်မှာ ဂိုဏ်းချုပ်တွေ အချင်းချင်း လက်ဆင့်ကမ်းခဲ့တဲ့ သိုင်းပညာပါ။ ဂိုဏ်းချုပ်တိုင်း တတ်မြောက်ထားရမယ့် သိုင်းပညာရပ်ဖြစ်တာကြောင့် ဂိုဏ်းချုပ်ရာထူး ဆက်ခံမယ့်သူဟာ ခွေးရိုက်တုတ်သိုင်းကို မဖြစ်မနေ သင်ကြားရပါတယ်။
ဂိုဏ်းချုပ်လိုပဲ ဂိုဏ်းသားတွေဟာလည်း ခွေးရိုက်တုတ်သိုင်းကို တတ်မြောက်ကြပါတယ်။ ဒါပေမဲ့ သူတို့ တတ်မြောက်တာက ဂိုဏ်းချုပ်တွေတတ်တဲ့ ခွေးရိုက်တုတ်သိုင်းပညာ မဟုတ်ပါဘူး။ အဖွဲ့လိုက် ဗျူဟာခင်း တိုက်ခိုက်ရတဲ့ ခွေးရိုက်တုတ်သိုင်းကွက် (Dog Beating Formation) ပါ။
သူဖုန်းစားဂိုဏ်းရဲ့ ခွေးရိုက်တုတ်သိုင်းကွက် (Dog Beating Formation) ဟာလည်း ရှောင်လင် တုတ်သိုင်းကွက် (Shaolin Staff Formation)၊ ဝူတန် ခုနစ်စင်ကြယ်သိုင်းကွက် (Seven Stars Formation) တို့လိုပဲ အစွမ်းထက်တဲ့ စုပေါင်းတိုက်ကွက် တစ်ခုဖြစ်ပါတယ်။
ထူးခြားတာက ဂိုဏ်းချုပ်တွေရဲ့ ခွေးရိုက်တုတ်သိုင်းဟာ သိုင်းကွက်တတ်ပြီး သိုင်းလင်္ကာကို မသိရင် အသုံးပြုလို့ မရသလို သိုင်းလင်္ကာကို သိပြီး သိုင်းကွက်ကို မတတ်ရင်လည်း အသုံးပြုလို့ မရပြန်ပါဘူး။
ခွေးရိုက်တုတ်သိုင်းကို Trip, Block, Trap, Poke, Pick, Lure, Steal, Turn ဆိုတဲ့ နည်းနာ ၈ ချက်ကို အခြေခံပြီး တိုက်ခိုက်နည်း ၁၀ မျိုးနဲ့ တီထွင်ဖန်တီးထားတာပါ။ အခြေခံနည်းနာ ရှစ်ချက်ဆိုတာက
၁။ မရပ်မနား တိုက်ခိုက်ခြင်း (Trip)
ရန်သူကို အနိုင်ရတဲ့အထိ ခွေးရိုက်တုတ်နဲ့ မြစ်ရေစီးကြောင်းလို မရပ်မနား တိုက်ခိုက်တာပါ။ ဒီတိုက်ခိုက်မှုက ရန်သူရဲ့ ခုခံမှုကို ကျော်လွှားနိုင်ဖို့ရည်ရွယ်ပါတယ်။ အရေးကြီးတဲ့ ဥပဒေသက ရန်သူကို အောင်မြင်စွာ မထိမချင်း မိမိရဲ့ တိုက်ခိုက်မှုကို မရပ်နားဖို့ ဖြစ်ပါတယ်။
၂။ ပိတ်ဆို့ တားဆီးခြင်း (Block)
ရန်သူရဲ့ လက်နက်၊ ရန်သူရဲ့ တိုက်ခိုက်မှုတွေကို ဦးတည်ပြီး ခွေးရိုက်တုတ်နဲ့ တားဆီးပိတ်ဆို့တဲ့ တိုက်ခိုက်မှုပါ။ ဒါက မိမိကိုယ်ကို ကာကွယ်ရင်း ရန်သူကို ပြန်လည်တိုက်ခိုက်ဖို့အတွက် အခွင့်အရေးကို ဖန်တီးရာမှာ အရေးပါတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
၃။ ချုပ်နှောင် သိမ်းဆည်းခြင်း (Trap)
သစ်ပင်က ဘယ်လောက်ပဲ ကြီးထွား မြင့်မားသွားပါစေ၊ သစ်ပင်မှာ တွယ်ကပ်ပေါက်နေတဲ့ စပျစ်နွယ်က သစ်ပင်နဲ့ ကင်းကွာမသွားသလိုပါပဲ။ ခွေးရိုက်တုတ်ကို ရန်သူရဲ့ လှုပ်ရှားမှုအတိုင်း ထပ်ချပ်မကွာ လိုက်ပါ တိုက်ခိုက်သွားစေတာပါ။
ရန်သူက ဘယ်လိုပဲ တိုက်ကွက်ပြောင်းလဲ တိုက်ခိုက်နေပါစေ၊ ဒါမှမဟုတ် ဘယ်လိုပဲ ခုခံ ရှောင်တိမ်းနေပါစေ၊ မိမိရဲ့ ခွေးရိုက်တုတ်က ရန်သူ့အပေါ်မှာ ထာဝစဥ် လွှမ်းမိုးထားရပါမယ်။
၄။ ထိုးနှက် ဖြိုခွဲခြင်း (Poke)
ရန်သူကို ဘုန်းဘုန်းလဲပြိုသွားစေဖို့ ရန်သူ့ရဲ့ အဓိက အားနည်းချက်တွေကို ခွေးရိုက်တုတ်နဲ့ ထိုးနှက်တိုက်ခိုက်တာပါ။ မိမိရဲ့ အင်အားကို တိကျစွာ တွက်ချက် အသုံးချပြီး ရန်သူရဲ့ အားနည်းချက်တွေကို အပြတ်ချေမှုန်း တိုက်ခိုက်ရတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
၅။ ဆွဲဆောင် မြှူဆွယ်ခြင်း (Lure)
ရန်သူကို အင်အားကုန်ခမ်းအောင် ချော့မြှူတိုက်ခိုက်တဲ့ နည်းလမ်းပါ။ ရန်သူကို လှည့်စားပြီး မိမိလိုချင်တဲ့ အခြေအနေရောက်အောင် ဆွဲဆောင်တိုက်ခိုက်ရပါတယ်။
ဆွဲဆောင်တဲ့နေရာမှာ မိမိမှာ အားနည်းချက်ရှိသယောင် ဟန်ဆောင်တာ၊ ဒါမှမဟုတ် ရန်သူကို တမင် ဟာကွက်ဖော် လှည့်စားတာမျိုး ပြုလုပ်ရပါတယ်။ အဓိကကတော့ ရန်သူက မိမိရဲ့ ဆင်ကွက်ထဲကို ဝင်လာစေဖို့ ဖြစ်ပါတယ်။
၆။ လုယူ ချုပ်ကိုင်ခြင်း (Steal)
ရန်သူရဲ့ လက်နက်ကို ရယူပြီး အင်အားချည့်နဲ့သွားစေတဲ့ နည်းလမ်းပါ။ ရန်သူရဲ့ လက်နက် ဒါမှမဟုတ်၊ရန်သူ အသုံးပြုတဲ့ အရာတွေကို မိမိက ရယူပြီး တိုက်ပွဲကို လွှမ်းမိုးချုပ်ကိုင်လိုက်တာ ဖြစ်ပါတယ်။
၇။ ဖယ်ရှား ရှင်းလင်းခြင်း (Pick)
ခွေးရိုက်တုတ်ကို အသုံးပြုပြီး ရန်သူရဲ့ လက်နက်၊ ဒါမှမဟုတ် ရန်သူရဲ့ အကူအညီတွေကို တိုက်ပွဲအတွင်းက ဖယ်ရှား ရှင်းလင်းပစ်တာဖြစ်ပါတယ်။
ဒီအတွက် ရန်သူ့အနေနဲ့ မကြာခဏ ဟာကွက်ဖြစ်ပေါ်လေ့ရှိတဲ့ နေရာ၊ ဒါမှမဟုတ် ရန်သူ့အတွက် ဘေးအန္တရာယ်ရှိတဲ့နေရာ၊ ဒါမှမဟုတ် ရန်သူကို အကူအညီပေးနိုင်တဲ့ နေရာတွေကို ရွေးချယ်တိုက်ခိုက်ရပါတယ်။
၈။ လှည့်ပြောင်း ရွေ့လျားခြင်း (Turn)
ခွေးရိုက်တုတ်ကို တည်နေရာ မကြာခဏပြောင်းလဲတိုက်ခိုက်ခြင်းအားဖြင့် ရန်သူကို ကိုယ့်ရဲ့လှုပ်ရှားမှုအတိုင်း နောက်ကလိုက်စေပြီး သူ့အတွက် ဦးဆောင်လှုပ်ရှားဖို့ အခွင့်အရေးမရအောင် တိုက်ကွက်ဆင်တာပါ။
ရန်သူဟာ ကိုယ့်ရဲ့ လှုပ်ရှားမှုနောက်ကို အမြဲလိုက်နေရစေဖို့ ရှုပ်ထွေးမှုတွေ ဖန်တီးပေးရပါတယ်။ ခန့်မှန်းလို့မရနိုင်တဲ့ တိုက်ကွက်တွေနဲ့ လျင်လျင်မြန်မြန် လွှမ်းခြုံထားရပါမယ်။ ရန်သူကို ဘယ်လိုမှ မလွတ်မြောက်နိုင်တော့တဲ့ ခံစစ်အနေအထားတစ်ခုဆီ တွန်းပို့ပြီး အဆုံးသတ် ချေမှုန်းရပါမယ်။
ဆရာမိုးကျော်သူရဲ့ "သိုင်းလောက မောင်မယ်များ" စာစဥ်အရ ခွေးရိုက်တုတ်သိုင်းမှာ စုစုပေါင်း သိုင်းကွက် ၃၆ ကွက် ရှိပါတယ်။ Wikipedia မှာတော့ ၁၀ ကွက် တွေ့ရပြီး mywuxia မှာတော့ ၁၄ ကွက် တွေ့ရပါတယ်။ အခု ဖော်ပြထားတာကတော့ Wikipedia မှာ တွေ့ရတဲ့ ခွေးရိုက်တုတ်သိုင်း ၁၀ ကွက်ပါ။
၁။ ခွေးဆိုး လမ်းပိတ်
A Fierce Dog Blocks the Path
မိမိရှေ့က တားဆီးပိတ်ဆို့ထားတဲ့ ရန်သူကို ရဲရဲဝံ့ဝံ့၊ ပြင်းပြင်းထန်ထန် ရင်ဆိုင်တိုက်ခိုက်တာပါ။
၂။ ခွေးနှစ်ကောင် ရိုက်
Whack Two Dogs with a Staff
ရန်သူနှစ်ယောက်ကို တစ်ပြိုင်နက်တည်း ထိခိုက်သွားစေဖို့ ပြင်းထန်တဲ့ ခွန်အားနဲ့ တိုက်ခိုက်တာပါ။
၃။ ခွေးကျောကို ရိုက်
Oblique Hit on the Dog's Back
ရန်သူရဲ့ နောက်ကျောဘက်၊ ဒါမှမဟုတ် အားနည်းချက်ရှိတဲ့ နေရာကို ဦးတည်ပြီး ခပ်စောင်းစောင်း ထိုးနှက် တိုက်ခိုက်တာပါ။
၄။ ခွေးဆိုး ဇောက်ထိုးလှန်
Flip the Dog Upside-down
ရန်သူကို ထိုးနှက်ပြီး တည်နေရာ၊ ကိုယ်ဟန်အနေအထား၊ လှုပ်ရှားမှုတွေ ကပြောင်းကပြန် ဟန်ချက်ပျက်ယွင်းအောင် တိုက်ခိုက်တာပါ။
၅။ ခွေးပါးစပ်က တုတ်ပြန်ယူ
Retrieve the Staff from the Mastiff's Jaws
ရန်သူ့ဆီကနေ လက်နက် ဒါမှမဟုတ် တိုက်ကွက်အသာစီးကို ရယူနိုင်ဖို့ ပစ်မှတ်ထားပြီး တိုက်ခိုက်တာပါ။
၆။ ခွေးခေါင်းကို ရိုက်
Whack the Dog's Head with a Staff
ရန်သူရဲ့ ဦးခေါင်းနဲ့ အရေးပါတဲ့ အဓိက အစိတ်အပိုင်းတွေကို ဦးတည်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်တာပါ။
၇။ ခွေးခြေကို ထိုး
Reverse Jab the Dog's Bottom
ရန်သူကို နောက်ဆုတ်သွားအောင်နဲ့ ပြန်လှန်တိုက်ခိုက်ဖို့ အခွင့်အရေးမရအောင် အောက်ပိုင်းကို ဦးတည် တိုက်ခိုက်တာပါ။
၈။ ခွေးရူးကို မြှောက်
Lift the Mad Dog with the Staff
ရန်သူကို တုတ်နဲ့ မတင်ခြင်း၊ ထိုးကော်ခြင်း၊ ပစ်ထုတ်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ တိုက်ခိုက်တာပါ။
၉။ ခွေးဆိုး ကျောဖိ
Squash the Dog's Back
ရန်သူရဲ့ နောက်ကျောဘက်က အထိန်းအကွပ်မဲ့ အနေအထားကို အပြင်းအထန် ဖိအားပေး တိုက်ခိုက်တာပါ။
၁၀။ မိုးကောင်းကင်အောက် ခွေးဆိုးမရှိ
No Dogs Under Heaven
မိမိရဲ့စွမ်းရည်နဲ့ ကြီးစိုးမှုကို ပြသဖို့ ရန်သူကို အဆုံးသတ် တိုက်ကွက်နဲ့ ပြတ်ပြတ်သားသား တိုက်ခိုက်တာပါ။
သူဖုန်းစားဂိုဏ်းမှာ အလွှာအသီးသီးကလူတွေ ပါဝင်နေတာကြောင့် သိုင်းပညာ အမျိုးမျိုး အသုံးပြုကြသလို လက်နက်အမျိုးမျိုးကိုလည်း ကိုင်ဆောင်ကြပါတယ်။ ဒါပေမဲ့ အထူးဝိသေသလက်နက်ကတော့ ခွေးရိုက်တုတ် (Dog Beating Staff) ပါပဲ။
ဂိုဏ်းချုပ် ကိုင်ဆောင်တဲ့ ခွေးရိုက်တုတ်နဲ့ သာမန် ဂိုဏ်းသားတွေ ကိုင်ဆောင်တဲ့ ခွေးရိုက်တုတ်ဟာ မတူညီပါဘူး။ဂိုဏ်းချုပ်ရဲ့ အစိမ်းရောင် ခွေးရိုက်တုတ်ဟာ အကြီးအကဲအာဏာကို ကိုယ်စားပြုတဲ့ သင်္ကေတပါ။ လက်နက်တစ်ခု အဖြစ်သာမက ဂိုဏ်းချုပ်ကို ကိုယ်စားပြုပြီး အမိန့်ပေးခြင်း၊ စီမံခန့်ခွဲခြင်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ အစိမ်းရောင် ခွေးရိုက်တုတ်မှာ နဂါးပုံပန်း ဒါမှမဟုတ် ဂိုဏ်းသင်္ကေတကိုလည်း ထည့်သွင်းထားတတ်ပါတယ်။
[ရုပ်ရှင်တွေထဲမှာ ခွေးရိုက်တုတ်ကို ကျောက်စိမ်းတုတ်သဖွယ် ပုံဖော်ပြလေ့ရှိပေမယ့် သိုင်းစာစဥ်တွေထဲမှာတော့ ဝါးစိမ်းတုတ်အဖြစ်ပဲ ရေးသားကြပါတယ်]
သက်တမ်းပိုရင့်တဲ့ ဝါစဥ်ကြီး ဂိုဏ်းသားတချို့ကလည်း အနည်းငယ် ပုံစံပြောင်းလဲထားတဲ့ ခွေးရိုက်တုတ်ကို ကိုင်ဆောင်တတ်ကြပါတယ်။ ဂိုဏ်းသားတွေ ကိုင်ဆောင်ကြတဲ့ ခွေးရိုက်တုတ်ကတော့ သဘာဝ သစ်သားအရောင် (အညိုရောင် သို့မဟုတ် အမည်းရောင်) ဖြစ်ပါတယ်။
တုတ်ရဲ့ ပေါ့ပါးမှုနဲ့ တုံ့ပြန်ချက် မြန်ဆန်မှုကြောင့် ရန်သူကို တိုက်ခိုက်ခြင်း၊ ထိန်းချုပ်ခြင်းနဲ့ ကာကွယ်ခြင်းတို့အတွက် အထူးစွမ်းဆောင်နိုင်ပါတယ်။
ထူးခြားချက်တစ်ခုကတော့ သူဖုန်းစားဂိုဏ်းရဲ့ မူပိုင် ခွေးရိုက်တုတ်သိုင်းကို မုရုံမိသားစု (Murong Family) ဝင် သခင်လေး "မုရုံဖု" (Murong Fu) က တတ်မြောက်နေခဲ့တာပါပဲ။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည် တည်တံ့ပါစေ။
#ခွေးရိုက်တုတ်သိုင်း
#DogBeatingStaffTechnique
#DogBeatingStaff
#wikiwuxiathinelawka