သိုင်းလောကသားတွေကို ဒီနေ့ မျှဝေပေးချင်တာက ကြယ်တံခွန်လှည့်ပြောင်းသိုင်း အကြောင်းပါ။
ကြယ်တံခွန်လှည့်ပြောင်းသိုင်း (Dou Zhuan Xing Yi) ဟာ မုရုံမိသားစု (Murong Family) ရဲ့ အမြင့်ဆုံး အတွင်းအားသိုင်းပညာ ဖြစ်ပါတယ်။
"သို့ကျွမ်ရှင်းယီ" (Dou Zhuan Xing Yi) ကို Star Shifting Technique, Shifting North Star, Revolving Star Passage Technique, Star Shift Movement, Big Dipper Turns and Stars Shift စသဖြင့် အင်္ဂလိပ်ဘာသာနဲ့ အမျိုးမျိုး ရေးကြပါတယ်။
[မြန်မာလိုတော့ မြောက်ပိုင်းကြယ် ရွေ့ပြောင်းသိုင်း၊ ကြယ်တာရာလှည့်သိုင်း လို့လည်း ခေါ်ကြပါသေးတယ်]
ဒီသိုင်းပညာဟာ မုရုံမိသားစုရဲ့ သိုင်းဘိုးအေကြီး မုရုံလုံချန် (Murong Longcheng) က တီထွင်ခဲ့တဲ့ အတွင်းအားသိုင်းပညာပါ။
[ဆရာမိုးကျော်သူက လွမ်းငွေ့ဝေဖြာသိုင်းကမ္ဘာမှာ မုယုံလုံချိန် လို့ အမည်ဖလှယ်ပါတယ်]
မုရုံမိသားစုဟာ တစ်ချိန်က ၁၆ နိုင်ငံတော်ခေတ်မှာ ယန်ဘုရင့်မျိုးနွယ်က ဆင်းသက်လာခဲ့ကြသူတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ယန်နိုင်ငံ ပြန်လည်တည်ထောင်ရေးအတွက် မျိုးရိုးစဥ်ဆက် ကြိုးပမ်းခဲ့ကြပါတယ်။
ထူးခြားတာက မုရုံမိသားစုဟာ သိုင်းလောကမှာရှိတဲ့ သိုင်းကျမ်းတွေ အားလုံးနီးပါးကို မှတ်တမ်းတင်ထားတဲ့ ကျမ်းစာတိုက်တစ်ခုကို ပိုင်ဆိုင်ထားတာပါပဲ။
ဒါကြောင့် သိုင်းလောကထဲက သိုင်းပညာအမျိုးမျိုးကို ရင်းနှီးကျွမ်းဝင်ပြီး ရန်သူကို ရန်သူရဲ့ သိုင်းပညာနဲ့ပဲ တုံ့ပြန်တိုက်ခိုက်လေ့ ရှိပါတယ်။
ဒီလိုနဲ့ မုရုံမိသားစုဟာ "ကိုယ့်အတတ် ကိုယ်စူး၊ ကူစူးမုရုံ" လို့ တင်စားခေါ်ဝေါ်ခံရတဲ့အထိ သိုင်းလောကမှာ နာမည်ကြီးလာခဲ့ကြတာပါ။
ကြယ်တံခွန်လှည့်ပြောင်းသိုင်းဟာ မိန်ဂိုဏ်း ရဲ့ စကြ၀ဠာအားပြောင်းအားလွှဲသိုင်း (Heaven and Earth Great Shift) နဲ့ သဘောတရားချင်း တူပါတယ်။
ရန်သူရဲ့ တိုက်ခိုက်မှုကို တိုက်ရိုက်မတုံ့ပြန်ဘဲ အင်အား လွှဲပြောင်းရယူပြီး ရန်သူကို ပြန်လည်ထိမှန်စေတာပါ။ တနည်းအားဖြင့် အားပြောင်းအားလွှဲသိုင်းပညာရပ်တစ်မျိုးပါပဲ။
ကြယ်တံခွန်လှည့်ပြောင်းသိုင်းမှာ "သို့ကျွမ်ရှင်းယီ" (Dou Zhuan Xing Yi) ဆိုတဲ့စကားလုံးအတိုင်း ကျွမ်းကျင်မှု အဆင့် ၄ ဆင့်နဲ့ တိုက်ခိုက်မှု နည်းလမ်း ၃ သွယ် ရှိပါတယ်။
အဆင့် ၄ ဆင့်က သို့အဆင့် (Dou Stage)၊ ကျွမ်အဆင့် (Zhuan Stage)၊ ရှင်းအဆင့် (Xing Stage) နဲ့ ယီအဆင့် (Yi Stage) တို့ပါ။
တိုက်ခိုက်မှုနည်းလမ်း ၃ သွယ်ကတော့ လက်နက်တန်ပြန် (Shifting Opponent's Weapon)၊သိုင်းကွက်တန်ပြန် (Shifting Opponent's Move) နဲ့ အတွင်းအားတန်ပြန် (Shifting Opponent's Internal Energy) တို့ပါပဲ။
လေ့ကျင့်အောင်မြင်ဖို့ အလွန်ခက်ခဲတာကြောင့် မုရုံမိသားစုမှာ ဒီသိုင်းပညာကို အကျွမ်းကျင်ဆုံးနဲ့ အဆင့်အမြင့်ဆုံး တတ်မြောက်ခဲ့သူက မုရုံလုံချန် တစ်ယောက်တည်း ရှိခဲ့ပါတယ်။
သားဖြစ်သူ မုယုံပေါ် (Murong Bo) နဲ့ မြေးဖြစ်သူ မုရုံဖု (Murong Fu) တို့ လက်ထက်မှာတော့ အဆင့်ကုန် တတ်မြောက်ခြင်း မရှိတော့ပါဘူး။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ကြယ်တံခွန်လှည့်ပြောင်းသိုင်း
#DouZhuanXingYi
#RevolvingStarPassageTechnique
#wikiwuxiathinelawka