သိုင်းလောကသားတွေကို ဒီနေ့ မျှဝေပေးချင်တာက ကြယ်ငင်မိစ္တာသိုင်း အကြောင်းပါ။
ကြယ်ငင်မိစ္ဆာသိုင်း (Star-Absorbing Skill) ဟာ စာရေးဆရာ ကျင်းယုံရဲ့ သိုင်းလောက၏ စိန်ခေါ်သံ (The Smiling၊ Proud Wanderer) ဝတ္ထုထဲက နာမည်ကျော် အတွင်းအားစုပ်သိုင်းပညာတစ်ခု ဖြစ်ပါတယ်။
ကြယ်ငင်မိစ္ဆာသိုင်းကို အသုံးပြုကြသူတွေက နေလဂိုဏ်း (Sun Moon Holy Cult) ရဲ့ ဂိုဏ်းချုပ် လိမ့်ဝေါ်ရှင်း (Ren Woxing) နဲ့ ဟွာစန်းဂိုဏ်းသား လင့်ဟူချုန်း (Linghu Chong) တို့ ဖြစ်ပါတယ်။
လိမ့်ဝေါ်ရှင်းဟာ ကြယ်ငင်မိစ္ဆာသိုင်းကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပေမယ့် စုပ်ယူလိုက်တဲ့ အတွင်းအားတွေက ပြန်လည်ဒုက္ခပေးနေတဲ့ ချို့ယွင်းချက်ကို ဘယ်လိုမှ မဖြေရှင်းနိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ သူ့ရဲ့ လူယုံဖြစ်တဲ့ တုန်းဖန်းပုပိုက် (Dongfang Bubai) က သူ့ကို အကောက်ကြံပြီး ဂိုဏ်းချုပ်နေရာ လုယူတာကို ခံလိုက်ရပါတယ်။
မြေအောက်ခန်းထဲမှာ ၁၂ နှစ်လောက် အကျဥ်းချခံနေရတုန်း အဖန်တလဲလဲ လေ့ကျင့်လိုက်တဲ့အခါမှ အဲဒီချို့ယွင်းချက်ကို အောင်မြင်စွာ ကျော်လွှားဖြေရှင်းနိုင်ခဲ့ပါတယ်။
လင့်ဟူချုန်းဟာလည်း လိမ့်ဝေါ်ရှင်းကို ချုပ်နှောင်ခဲ့တဲ့ အကျဥ်းခန်းထဲမှာပဲ လူစားထိုး ဖမ်းဆီးခံနေရတုန်း သံပြားပေါ်မှာ လိမ့်ဝေါ်ရှင်း ရေးခြစ်ထားခဲ့တဲ့ ကြယ်ငင်မိစ္ဆာသိုင်းကို တွေ့ရှိပြီး လေ့ကျင့်အောင်မြင်သွားခဲ့ပါတယ်။
တကယ်တော့ လိမ့်ဝေါ်ရှင်းက ကြယ်ငင်မိစ္ဆာသိုင်းကို စိတ်ကောင်းစေတနာနဲ့ ရေးခြစ်ထားခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့ သင်ကြားပြသမှုမပါဘဲ လေ့ကျင့်ခဲ့မယ်ဆိုရင် လေဖြတ်ပြီး ဒုက္ခရောက်နိုင်တာကို သိတဲ့အတွက် တမင် ရေးခြစ်ထားခဲ့တာပါ။
ဒါပေမဲ့ ကံကောင်းချင်တော့ အဲဒီအချိန်မှာ လင့်ဟူချုန်းဟာလည်း အတွင်းဒဏ်ရာရနေပြီး အတွင်းအားတွေက ပုံမှန်နေရာမှန်မရှိဘဲ ကစင့်ကလျား ဖြစ်ချင်တိုင်း ဖြစ်နေချိန်မို့ ကြယ်ငင်မိစ္ဆာသိုင်းနဲ့ အံဝင်ခွင်ကျ ဖြစ်သွားရပါတယ်။
ကြယ်ငင်မိစ္ဆာသိုင်းရဲ့ အခက်ခဲဆုံးအဆင့်က တကိုယ်လုံးက အတွင်းအားတွေကို ဖျောက်ဖျက်ရတဲ့ အဆင့်ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် အတွင်းအားပညာတိုင်းဟာ အတွင်းအားကို ချက်အောက်မှာ စုစည်းရလေ့ရှိပေမယ့် ကြယ်ငင်မိစ္ဆာသိုင်းကတော့ ချက်အောက်မှာ အတွင်းအားရှိနေလို့ လုံးဝ မရပါဘူး။
ကြယ်ငင်မိစ္ဆာသိုင်းကို လေ့ကျင့်အောင်မြင်ခြင်း ရှိ၊ မရှိဟာ အတွင်းအားကို ဖျောက်ဖျက်နိုင်၊ မနိုင်ဆိုတဲ့ အချက်ပေါ်မှာ မူတည်နေပါတယ်။
တကယ်လို့ အတွင်းအားတွေကို မဖျောက်ဖျက်နိုင်ခဲ့ရင်၊ ဒါမှမဟုတ် အခြားသွေးကြောတွေထဲ လမ်းမှားဝင်ရောက်သွားခဲ့ရင် တစ်ကိုယ်လုံးမှာရှိတဲ့ အကြောတွေသေပြီး ဒုက္ခိတ ဖြစ်သွားမှာပါ။
[ဘာသာပြန် စာအုပ်တွေမှာတော့ ကြယ်ငင်မိစ္ဆာသိုင်းကို တက္ကသိုလ်ဝင်းကြွယ်က သွေးကြောဖျက်သိုင်း လို့ အမည်ပေးခဲ့ပြီး တက္ကသိုလ် နေလင်းအောင်ကတော့ အတွင်းအားစုပ်သိုင်းလို့ပဲ အမည်ပေးခဲ့ပါတယ်]
ကြယ်ငင်မိစ္ဆာသိုင်းရဲ့ ရာဇဝင်ကို ပြောရရင် ရှောင်းယောင်ဂိုဏ်း (Xiaoyao Sect) ရဲ့ တပည့်လည်းဖြစ်၊ "ကြယ်တံခွန်ဂိုဏ်း" (Xingxiu School) ရဲ့ ဂိုဏ်းချုပ်လည်းဖြစ်တဲ့ သင်းချွန်းချိုး (Ding Chunqiu) ဆီက ဆင်းသက်လာပါတယ်။
[သင်းချွန်းချိုးရဲ့ အတွင်းအားချေဖျက်သိုင်း (Great Energy Dissolving Skill) ဟာ ပေမိန်နတ်သိုင်းကို တုပထားပေမယ့် အတွင်းအားစုပ်သိုင်းအဖြစ် ပီပီပြင်ပြင် မရှိခဲ့ပါဘူး။ အတွင်းအားကို ချေဖျက်တဲ့ အဆင့်ပဲ ရှိတဲ့အပြင် ဒီသိုင်းပညာကို အသုံးပြုနိုင်ဖို့ ကျောက်စိမ်း အဆိပ်အိုးရဲ့ အကူအညီကိုလည်း ယူရပါသေးတယ်]
ကြယ်ငင်မိစ္ဆာသိုင်းကို အင်္ဂလိပ်ဘာသာနဲ့ Divine Art of Essence Absorbing, Star-Absorbing Skill, Star-Sucking Skill စသဖြင့် အမျိုးမျိုး ရေးကြပေမယ့် လိုရင်းကတော့ ရှီးရှင်းသာ့ဖာ - Xi Xing Dafa လို့ ခေါ်တဲ့ အတွင်းအားစုပ်သိုင်းပညာပါပဲ။
ဒီ Xi Xing Dafa အတွင်းအားစုပ်သိုင်းပညာဟာ သင်းချိုးချွန်းရဲ့ ဟွကုန်းသာ့ဖာ - Hua Gong Dafa
(Energy Absorbing Skill/Great Energy Dissolving Skill) နဲ့ ရှောင်းယောင်ဂိုဏ်းရဲ့ ပေမိန်နတ်သိုင်း (Divine Skill of the Northern Darkness/Northern Sea Divine Skill) တို့ကနေ ပေါင်းစပ် ပေါ်ပေါက်လာပါတယ်။
ရှောင်းယောင်ဂိုဏ်း ပြိုကွဲသွားတဲ့အခါ တာ့လီပြည် (Dali Kingdom) က သွမ့်မိသားစု (Duan Family) နဲ့ ကြယ်တံခွန်ဂိုဏ်း (Xingxiu Sect) ဆီမှာ ဒီသိုင်းပညာရပ်တွေ ကျန်ရစ်ခဲ့ပြီး ရာစုနှစ် အနည်းငယ်ကြာတဲ့အခါမှ ကြယ်ငင်မိစ္ဆာသိုင်းအဖြစ် ပေါင်းစပ် တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
[ဘာသာပြန်စာအုပ်တွေအရတော့ ကြယ်ငင်မိစ္ဆာသိုင်းကို ဘယ်သူက အပြီးသတ် တီထွင်ခဲ့သလဲဆိုတာ မသိရပါဘူး။ အဲဒီလိုပဲ လိမ့်ဝေါ်ရှင်းရဲ့ လက်ထဲကို ဘယ်လိုနည်းလမ်းနဲ့ လက်ဆင့်ကမ်း ရောက်လာခဲ့သလဲဆိုတာလည်း မသိရပါဘူး။ တက္ကသိုလ် နေလင်းအောင်ရဲ့ သိုင်းလောက၏ စိန်ခေါ်သံ ဝတ္ထုမှာတော့ လိမ့်ဝေါ်ရှင်း မတိုင်မီ နှစ် ၃၀၀ လောက်ကတည်းက ပေါ်ပေါက်နေပြီလို့ ဆိုပါတယ်]
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ကြယ်ငင်မိစ္ဆာသိုင်း
#StarAbsorbingSkill
#wikiwuxiathinelawka