သိုင်းလောကသားတွေကို ဒီနေ့ မျှဝေပေးချင်တာက မိန်းမလျာသိုင်းသမားကြီး တုန်းဖန်းပုပိုက်ရဲ့ အကြောင်းပါ။
တုန်းဖန်းပုပိုက် (Dongfang Bubai) ဟာ စာရေးဆရာ ကျင်းယုံရဲ့ သိုင်းလောက၏ စိန်ခေါ်သံ (The Smiling၊ Proud Wanderer) ဝတ္ထုထဲက နာမည်ကျော် ဇာတ်ကောင်တစ်ယောက်ဖြစ်ပါတယ်။
The Smiling၊ Proud Wanderer ကို တက္ကသိုလ်ဝင်းကြွယ်က ၁၉၈၁ ခုနှစ်မှာ "သိုင်းလောကပြက်လုံး" လို့ ဘာသာပြန်ဆို ထုတ်ဝေခဲ့ပြီး တက္ကသိုလ်နေလင်းအောင်ကလည်း ၁၉၈၁ ခုနှစ်မှာပဲ "သိုင်းလောက၏ စိန်ခေါ်သံ" လို့ ဘာသာပြန်ဆိုထုတ်ဝေခဲ့ပါတယ်။
[တုန်းဖုန်းပုပိုက် ဆိုတဲ့ အမည်ကိုတော့ တက္ကသိုလ်ဝင်းကြွယ်က "တုန်းဝှမ်းပုပိုက်" လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်ကတော့ "တုံးဖန်းပု" လို့ ဘာသာပြန်ပါတယ်]
သိုင်းလောကထဲမှာ ကုန်းကုန်းလို့ ခေါ်တဲ့ နန်းတွင်းမိန်းမစိုး (Eunuch) တွေ ပေါများပေမယ့် တုန်းဖန်းပုပိုက်လို LGBT ဇာတ်ကောင်မျိုးကတော့ ရှားပါတယ်။
နာမည်ကျော် နေကြာသိုင်းကျမ်း (Sunflower Manual) ကို လေ့ကျင့်အောင်မြင်ထားသူ တုန်းဖန်းပုပိုက်ဟာ နေလဂိုဏ်းရဲ့ (Sun Moon Holy Cult) ဂိုဏ်းချုပ် ဖြစ်ပါတယ်။
[နေလဂိုဏ်းကို တက္ကသိုလ်ဝင်းကြွယ်က "သူရိန်မျက်နှာမူဂိုဏ်း" လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်ကတော့ "နေမင်းသခင်ဂိုဏ်း" လို့ ဘာသာပြန်ပါတယ်]
ကနဦးမှာ လက်ထောက်ဂိုဏ်းချုပ်အဖြစ် နေလဂိုဏ်းချုပ် လိမ့်ဝေါ်ရှင်း (Ren Woxing) ရဲ့ လက်အောက်မှာ အမှုထမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆရာဖြစ်သူကို အကျဥ်းချပြီး ဂိုဏ်းချုပ်နေရာ ရယူခဲ့သူပါ။
[လိမ့်ဝေါ်ရှင်းကို "လင့်ဝေါစိမ်" လို့ တက္ကသိုလ်ဝင်းကြွယ်က ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်က "လင်းရှင်" လို့ သုံးပါတယ်]
ပြီးတော့ ဂိုဏ်းချုပ်ဟောင်း လိမ့်ဝေါ်ရှင်းရဲ့ ဘက်တော်သားတွေနဲ့ သူ့ကို သစ္စာမခံကြသူတွေကို ဘိန်းမည်းရောစပ်ထားတဲ့ အဆိပ်ဆေးကျွေးပြီး ထိန်းချုပ်ခဲ့သူ ဖြစ်ပါတယ်။
တုန်းဖန်းပုပိုက်ဟာ နေကြာသိုင်းကျမ်း (Sunflower Manual) ကို လေ့ကျင့်ဖို့အတွက် ယောက်ကျားဘဝကို စွန့်လွှတ်ခဲ့ပြီး အမျိုးသမီးတစ်ယောက်သဖွယ် ပြုမူ နေထိုင်ခဲ့ပါတယ်။
ဂိုဏ်းချုပ်ဟောင်း လိမ့်ဝေါ်ရှင်းကတော့ နေကြာသိုင်းကျမ်းရဲ့ အစွမ်းထက်မှုကို သိရှိထားပေမယ့် ယောက်ကျားဘဝကို မစွန့်လွှတ်နိုင်တာကြောင့် ကြယ်ငင်မိစ္ဆာသိုင်း (Star-Absorbing Skill) ကိုပဲ အထူးပြု လေ့ကျင့်ခဲ့သူပါ။
[နေကြာသိုင်းကျမ်းကို တက္ကသိုလ်ဝင်းကြွယ်က "ပန်းနေကြာစွယ်စုံသိုင်း" လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်ကတော့ "နေကြာပန်းသိုင်းပေါင်းချုပ်" လို့ ဘာသာပြန်ပါတယ်]
နေကြာသိုင်းကျမ်းကို လေ့ကျင့်အောင်မြင်သွားပြီးတဲ့နောက် အနီရောင်အပ်ချည်နဲ့ ပန်းထိုးအပ်ဟာ တုန်းဖန်းပုပိုက်ရဲ့ ထူးခြားတဲ့ လက်နက်ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ချစ်သူကတော့ နေလဂိုဏ်းသား တစ်ဦးဖြစ်သူ ရန်လျန့်ထင်း (Yang Lianting) ဖြစ်ပါတယ်။ တုန်းဖန်းပုပိုက်ဟာ ရန်လျန့်ထင်းနဲ့ ချစ်ကြိုက်ခဲ့ပြီးနောက် ဂိုဏ်းကိစ္စအားလုံးကို ရန်လျန့်ထင်းရဲ့ လက်ထဲ ပုံအပ်ခဲ့ပါတယ်။
["ယန်းလျန်ထိန်" လို့ တက္ကသိုလ်ဝင်းကြွယ်က ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်က "ရန်လင်း" လို့ သုံးပါတယ်]
နောက်ဆုံးမှာတော့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဂိုဏ်းချုပ်ဟောင်း လိမ့်ဝေါ်ရှင်းဟာ လင့်ဟူချုန်း (Linghu Chong) နဲ့တွေ့ပြီး လွတ်မြောက်လာခဲ့တယ်။ အဲဒီနောက် တုန်းဖန်းပုပိုက်နဲ့ ရင်ဆိုင်ခဲ့ကြတယ်။
အဲဒီတိုက်ပွဲဟာ လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ပါဘူး။ လင့်ဟူချုန်း၊ လိမ့်ဝေါ်ရှင်းနဲ့ ရှန်းဝိန့်ထျန်း (Xiang Wentian) တို့ သုံးယောက်ပေါင်းပြီး အပြင်းအထန် ဝိုင်းဝန်းတိုက်ခိုက်ရတဲ့အပြင် လိမ့်ယဥ်ယဥ်ကပါ ဉာဏ်ကူပြီး ရန်လျန့်ထင်းကို တိုက်ခိုက်တော့မှ အာရုံများသွားရတဲ့ တုန်းဖန်းပုပိုက် တစ်ယောက် သေဆုံးသွားခဲ့ပါတယ်။
ဒါတောင် တုန်းဖန်းပုပိုက်ရဲ့ လက်ချက်ကြောင့် လိမ့်ဝေါ်ရှင်းလည်း မျက်လုံးတစ်ဖက် ကန်းသွားခဲ့ရပါတယ်။
တုန်းဖန်းပုပိုက် ဆိုတာ "အရှေ့ကျွန်း အရှုံးမရှိ" လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီခေတ် အဲဒီအခါက သိုင်းလောကမှာ တုန်းဖန်းပုပိုက်ကို တစ်ယောက်ချင်း ယှဥ်နိုင်သူ မရှိပါဘူး။ ဒါကြောင့် လင့်ဟူချုန်း နဲ့ လိမ့်ဝေါ်ရှင်းတို့ကိုယ်တိုင်က တစ်ယောက်ချင်း မယှဥ်နိုင်တဲ့အကြောင်း၊ သိုင်းလောက ပထမဘွဲ့ကို ရသင့်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ကြရပါတယ်။
တုန်းဖန်းပုပိုက်ဟာ ထက်မြက်သူ၊ ရက်စက်သူ ဆိုပေမယ့် တစ်ဖက်မှာလည်း ချစ်တတ်တဲ့ နှလုံးသားရှိသူပါ။ သူ သေဆုံးခဲ့ရတာဟာ ရန်လျန့်ထင်း အပေါ် ငဲ့ညှာတဲ့ အချစ်စိတ်ကြောင့်လို့ ပြောနိုင်ပါတယ်။ သေဆုံးကာနီး အချိန်မှာတောင် ရန်လျန့်ထင်းကို လွှတ်ပေးဖို့ တဖွဖွ တောင်းဆိုနေခဲ့ပါသေးတယ်။
သိုင်းလောက၏ စိန်ခေါ်သံ (The Smiling၊ Proud Wanderer) ဝတ္ထုထဲမှာ တုန်းဖန်းပုပိုက်ရဲ့ အခန်းကဏ္ဍက ဒီလောက်ပဲဖြစ်ပေမယ့် သူ့အကြောင်းကို အသားပေးပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေကြောင့် နာမည်ပိုကျော်ပါတယ်။
၁၉၉၂ ခုနှစ်ထွက် Swordsman 2 ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ လင်ချင်းရှာ (Brigitte Lin Ching-Hsia) ဟာ တုန်းဖန်းပုပိုက် ဇာတ်ကောင်နဲ့ အလိုက်ဖက်ဆုံး ဖြစ်ခဲ့ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည် တည်တံ့ပါစေ။
#တုန်းဖန်းပုပိုက်
#DongfangBubai
#wikiwuxiathinelawka