သိုင်းလောကသားတွေကို ဒီနေ့ မျှဝေပေးချင်တာက တုကူးချိုးပိုက် ရဲ့ အကြောင်းပါ။
တုကူးချိုးပိုက် (Dugu Qiubai) ဟာ Jin Yong Universe ရဲ့ နံပါတ် ၁ ဓါးသမားဖြစ်ပါတယ်။ သူ့ရဲ့အဆင့်က God Level ပါ။
ထူးခြားတာက စာရေးဆရာ ကျင်းယုံဟာ တုကူးချိုးပိုက်ကို နတ်နေကိုင်းသဖွယ် ဖန်တီးခဲ့တာပါပဲ။ သူ့ရဲ့ စာစဥ်တွေမှာ တုကူးချိုးပိုက်ကို ဇာတ်အိမ်မတည်မီ အချိန်က နေထိုင်လှုပ်ရှားခဲ့သူအဖြစ်ပဲ အမည်ညွှန်းဆို ရေးသားခဲ့ပါတယ်။ ဘယ်ဝတ္ထုမှာမှ တိုက်ရိုက်ပါဝင်ခဲ့တာ မရှိပါဘူး။
တုကူးချိုးပိုက်ဟာ ဓါးပညာမှာ အလွန်ကျွမ်းကျင်သူဖြစ်တာကြောင့် ဓါးမိစ္ဆာ (Sword Devil) လို့အမည်တွင်ပါတယ်။
သူ့ရဲ့ ဓါးပညာက အဆင့်ဘယ်လောက်မြင့်သလဲဆိုရင် "ဓားမပါသော ဓားပညာ" (Swordsmanship Without a Sword) ကိုတောင် တတ်မြောက်ထားတဲ့ အထိပါပဲ။ ဓါးမဲ့အဆင့်ကို ရောက်သွားခဲ့တဲ့သူတစ်ယောက်ပေါ့။
တုကူးချိုးပိုက်ရဲ့ မျိုးရိုးဇစ်မြစ်နဲ့ ပတ်သက်ပြီး တိတိကျကျ မသိရဘဲ မှန်းဆချက်တွေပဲ ရှိပါတယ်။ အဲဒီအထဲက ၃ ခုကို ပြောပြပါ့မယ်။
ပထမတစ်ခုက တုကူးချိုးပိုက်ဟာ တရုတ်သိုင်းလောကရဲ့ အထွန်းကားဆုံးခေတ်ဖြစ်တဲ့ ထန်မင်းဆက်ခေတ် (Tang Dynasty) မှာ ပေါ်ပေါက်ခဲ့တာပါ။
သူ့ကို ရှန့်ပေး (Xianbei) မျိုးနွယ်စုက မွေးဖွားခဲ့ပါတယ်။ ရှေးခေတ်တုန်းက မွန်ဂိုလီးယား၊ အတွင်းမွန်ဂိုလီးယားနဲ့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ခြေသလုံးအိမ်တိုင် နေထိုင်ခဲ့ကြတဲ့ လူမျိုးစုတစ်ခုပေါ့။
[ရှန့်ပေး (Xianbei) မျိုးနွယ်စုဆိုလို့ ဆရာခွန်ရဲ့ "နတ္တိနယ်မြေမှ ဓါးသမား" ကိုတောင် သတိရမိတယ်။ အဲဒီအထဲမှာ "လိပ်ပြာချစ်ပန်းဓါး" ပိုင်ရှင် ဇာတ်လိုက်ကျော် "ယန်ဖေး" က "ဟန်မျိုးနွယ်" နဲ့ "ရှန့်ပေးမျိုးနွယ်" ပေါင်းစပ်ထားတဲ့ ကပြားတစ်ယောက်ပါ။ "ရှန့်ပေး" မျိုးနွယ်စုခေါင်းဆောင်က "မုလုံကျွေ့"]
ဒုတိယ မှန်းဆချက်တစ်ခုကတော့ တုကူးချိုးပိုက်ဟာ ရှီးရှ (Xixia) မှာ မွေးဖွားသူဖြစ်ပြီး ရွှီကျူ (Xu Zhu) နဲ့ ယင်ချွန်းမင်းသမီး (Princess Yinchuan) လီချင်းလု (Li Qinglu) တို့ ရဲ့သား၊ သို့မဟုတ် မြေးဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
မွေးရာပါ ပင်ကိုယ်စွမ်းရည် မြင့်မားတဲ့အပြင် ရွှီကျူ့ဆီက အလွန်မြင့်မားတဲ့ အတွင်းအားတွေကိုလည်း အမွေဆက်ခံခဲ့ပါတယ်။
ဒါ့အပြင် လင်းကျို့နန်းတော် (Lingjiu Palace) ရဲ့ ငွေကြေးဥစ္စာနဲ့ အင်အားပြည့်စုံမှုကလည်း တုကူးချိုးပိုက်ကို ငယ်စဥ်ကတည်းက အဆင့်မြင့် သိုင်းပညာတွေနဲ့ ထိတွေ့ခွင့်၊ ကြီးကျယ်ကောင်းမွန်တဲ့ ဓါးတွေကို ဖန်တီးနိုင်ခွင့်တွေ ရခဲ့ပါတယ်။
တတိယ မှန်းဆချက်ကတော့ တုကူးချိုးပိုက်ဟာ မုယုံမျိုးရိုးပါ။ ရန်သူတွေကို ရန်သူရဲ့သိုင်းပညာတွေနဲ့ တုံ့ပြန်တိုက်ခိုက်တတ်လို့ "ကိုယ့်အတတ်ကိုယ်စူး" လို့ ခေါ်ကြတဲ့ ကူစူးမုယုံ မိသားစုပေါ့။
တုကူးချိုးပိုက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဓါးပညာမှာ ထိပ်တန်းအဆင့် ရောက်လာခဲ့တယ်။ မနာလိုသူတွေက သူ့ရဲ့ ဓါးပညာကို ခိုးယူဖို့ မိန်းမလှတစ်ယောက်ကို အသုံးချခဲ့တယ်။
တုကူးချိုးပိုက်ဟာ အဲဒီ မိန်းကလေးကို ချစ်မြတ်နိုးပြီး လက်ထပ်ခဲ့တယ်။ ပြီးတော့ မင်္ဂလာလက်ဖွဲ့အဖြစ် တုကူးဓါးသိုင်းကိုးကွက်ကို ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီ မိန်းကလေးက သူလျှို ဖြစ်နေတဲ့အတွက် တုကူးဓါးသိုင်းဟာ ပျံ့နှံသွားတယ်။ တုကူး ဓားသိုင်းကို ရသွားတဲ့သူတွေက တုကူးချိုးပိုက်ကို ဝိုင်းပြီး သတ်ကြတယ်။ ဒီလိုနဲ့ တုကူးချိုးပိုက်လည်း သူရဲ့တုကူးဓါးသိုင်း ကိုးကွက်ကို ပြန်တိုက်နိုင်မယ့် ဓါးသိုင်းကို ပြန်ပြီး တီထွင်ရပြန်တယ်။ ဓားသမားဆိုတာ ဓားမရှိရင် အလကားပဲလို့ အကြံရပြီး ပြိုင်ဘက်ရဲ့ ဓားတွေကို ချိုးပစ်နိုင်မယ့် ဓားအကြီးကြီးကို သွန်းလုပ်ပြီး တုကူးဓါးကြီးသိုင်းကို တီထွင်ခဲ့တယ်။
[တုကူးချိုးပိုက်ရဲ့ မျိုးရိုးဇစ်မြစ်နဲ့ ပတ်သက်ပြီး သိုင်းလောကသားတွေအနေနဲ့ မိမိတို့ ကြိုက်နှစ်သက်ရာ မှန်းဆချက်ကို လက်ခံနိုင်ပါတယ်။
ကျနော်ကတော့ ဒုတိယ မှန်းဆချက်ကို ပိုသဘောကျပါတယ်။ အဲဒီ မှန်းဆချက်အရဆိုရင် တုကူးချိုးပိုက်ဟာ Demi-Gods and Semi-Devils နဲ့ The Return of the Condor Heroes ကြားမှာ ရှိနေတာမို့ ဇာတ်အိမ်တည် ခေတ်ကာလအရ သင့်တော် ဆီလျော်ပါတယ်။
တုကူးချိုးပိုက်ကို အဓိက ဇာတ်ကောင်အဖြစ် သီးသန့်ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားကြတဲ့ ဇာတ်ကားတွေရှိပေမယ့် အဲဒါတွေကလည်း ကျင်းယုံရဲ့ မူရင်းအာဘော် မဟုတ်ဘဲ ဆင့်ပွား ဖန်တီးချက်တွေသာ ဖြစ်ပါတယ်။]
တုကူးချိုးပိုက်ရဲ့ မိသားစုအမည် တုကူး (Dugu) က "တစ်ဦးတည်း" လို့ အဓိပ္ပါယ်ရပြီး ချိုးပိုက် (Qiubai) ဆိုတာက "ရှုံးနိမ့်မှုကို ရှာသည်" လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် သူ့ရဲ့အမည်အပြည့်အစုံက "အရှုံးကို လိုက်ရှာနေတဲ့ အထီးကျန်လူသား" (A Loner Who Seeks Defeat) လို့ ခေါ်ပါတယ်။
ဓားပညာမှာ သူ့ကို ဘယ်သူမှ အနိုင်မယူနိုင်ကြတဲ့အပြင် လက်ရည်တူ ပြိုင်ဘက်တောင် မရှိတဲ့အတွက် ဘဝတစ်လျောက် အထီးကျန်ဆန်ဆန် ရှင်သန်နေထိုင်ခဲ့ရတဲ့ ဓါးသမားတစ်ယောက်ပါပဲ။
သူ့ အသက် ၂၀ မတိုင်မီမှာ အလွန်အစွမ်းထက်တဲ့ သံမဏိဓားကို အသုံးပြုခဲ့တယ်။ ငယ်ရွယ်သူတို့ရဲ့ စရိုက်လက္ခဏာအတိုင်း ထက်မြက်တယ်၊ ရဲရင့်တယ်၊ ခေါင်းမာတယ်။ နောက်လိုက်တွေနဲ့အတူ နယ်မြေတချို့ကို ကြီးစိုးခဲ့တယ်။
အသက် ၃၀ မတိုင်မီမှာတော့ သူက ဇီဝေဓါးပျော့ (Ziwei Soft Sword) ကို အသုံးပြုခဲ့တယ်။ ဒါပေမဲ့ လူကောင်းတစ်ယောက်ကို မတော်တဆ ထိခိုက်မိစေခဲ့တဲ့အတွက် ဓါးကို ကျိန်ဆဲပြီး ချောက်ထဲ လွှင့်ပစ်ခဲ့တယ်။
[အစောပိုင်းဗားရှင်းမှာတော့ ရန်ကော်က ဓါးသင်္ချိုင်းဂူ (Sword Grave) ကို ရောက်တဲ့အခါ ဇီဝေဓားပျော့ကို အိပ်ရာထဲက ဇနီးသည်တစ်ယောက်လို နီးနီးကပ်ကပ် ထားရှိတာတွေ့ရတယ်လို့ ဖော်ပြပါတယ်။ ဓါးကောင်းတစ်လက် ဖြစ်ပေမယ့် နတ်ဆိုးတစ်ကောင်လို ဟန့်တားဖို့ခက်တဲ့အတွက် နီးနီးကပ်ကပ် ထိန်းသိမ်းထားရတာပါတဲ့]
အသက် ၄၀ မတိုင်မှာတော့ ဓါးကြီး (Darksteel Heavy Sword) ကို အသုံးပြုခဲ့တယ်။ အဲဒီဓားကို ဥက္ကာခဲက ရတဲ့ ရှားပါးသတ္ထုနဲ့ ပြုလုပ်ထားတာပါ။
[အဖြိုက်နက်နဲ့ တိုက်တေနီယမ် သတ္တုဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်]
အသက် ၄၀ မှာ သစ်သားဓားကို အသုံးပြုခဲ့တယ်။ တစ်ခါတစ်ရံမှာတော့ သစ်သားဓါးကို မသုံးဘဲ ရိုးရိုးအကိုင်းအခက်ကို အသုံးပြုခဲ့တယ်။
အသက် ၄၀ နောက်ပိုင်းမှာတော့ ဘာဓါးကိုမှ ကိုင်ဆောင်ဖို့ မလိုတော့ပါဘူး။ Swordsmanship Without a Sword လို့ခေါ်တဲ့ ဓါးမဲ့အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ။
The Return of the Condor Heroes မှာ ရန်ကော် (Yang Guo) ဟာ တစ်ချိန်တုန်းက တုကူးချိုးပိုက်ရဲ့ အဖော်ဖြစ်ခဲ့တဲ့ ဧရာမ လင်းယုန်ငှက်ကြီးရဲ့ လမ်းညွှန်မှုကြောင့် ဓါးသင်္ချိုင်းဂူ (Sword Grave) ကို တွေ့ရှိခဲ့ပါတယ်။
လင်းယုန်ငှက်ကြီးရဲ့အကူအညီနဲ့ပဲ ရန်ကော်ဟာ တုကူးချိုးပိုက်ရဲ့ တုကူးဓားကြီးသိုင်း (Dugu Qiubai Heavy Sword Technique) ကို အမွေဆက်ခံ ရရှိခဲ့ပါတယ်။
ရန်ကော် ရွေးချယ်ခဲ့တဲ့ဓါးက ဓါးကြီး (Darksteel Heavy Sword) ပါ။ လေးလံလွန်းတဲ့အတွက် ဓါးကိုကိုင်နိုင်ဖို့ အတွင်းအား အများအပြား လိုအပ်ပါတယ်။ ဒါ့ပေမဲ့ ရိုးရှင်းပြီး တိကျတဲ့ တိုက်ခိုက်မှုတွေအတွက် အထူးအသုံးဝင်ပါတယ်။
ဒါကြောင့် တုကူးချိုးပိုက်ကိုယ်တိုင် "လေးလံတဲ့ ဒီ ဓါးကြီးက ရှုပ်ရှုပ်ထွေးထွေး မရှိဘူး။ ငါ့ အသက် ၄၀ အထိ ဒီဓါးကြီးနဲ့ မိုးအောက်မြေပြင် တစ်ခုလုံးကို ကျင်လည်ကျက်စားခဲ့တယ်” လို့ ဆိုခဲ့ပါတယ်။
Smiling, Proud Wanderer မှာ လင့်ဟူချုန်း (Linghu Chong) ဟာလည်း ဖုန်းချင်းရန် (Feng Qingyang) ဆီက တဆင့် တူကူးဓားကိုးကွက် (The Nine Swords of Dugu) ကို သင်ကြားခဲ့ပါတယ်။
လင့်ဟူချုန်းရဲ့ တူကူးဓါးသိုင်းကတော့ ရန်ကော်ရဲ့ တူကူးဓါးကြီးသိုင်းနဲ့ မတူဘဲ ကွဲပြားပါတယ်။
လင့်ဟူချုန်းရဲ့ တုကူးဓားကိုးကွက်က ပေါ့ပါးလျှင်မြန်မှုကို အသားပေးပြီး ပုံသေဓါးကွက် မရှိပါဘူး။ ရန်သူနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့နေရာမှာ ပုံသေ ဓားကွက်တွေကို မှတ်သားထားမှု နည်းလေလေ၊ ဓါးကွက်တွေရဲ့ ကန့်သတ်ခြင်းခံရမှုက နည်းပါးလေလေ ဖြစ်ပါတယ်။ ဒါကြောင့် တုကူးဓါးသိုင်းကို သင်ကြားလေ့ကျင့်တဲ့အခါ ဓားကွက်တွေကို ပုံသေမှတ်မထားဘဲ မိမိ စိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်ဖို့ ကြိုးစားရပါတယ်။
[ဒီနေရာမှာ ရန်ကော်ရဲ့ တုကူးဓါးကြီးသိုင်း (Dugu Qiubai Heavy Sword) ဟာ အမြင့်ဆုံး အဆင့်ထိ မရောက်ခဲ့ဘူး၊ လင့်ဟူချုန်းရဲ့ ဧကရာဇ်ကိုးကွက် (ဝါ) တုကူးဓါးသိုင်းကိုးကွက် (The Nine Swords of Dugu) ကသာ အမြင့်ဆုံးအဆင့်ထိ ရောက်ခဲ့တယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။ နောက်မှ သီးသန့် ရေးပါဦးမယ်]
သိုင်းလောကသားတွေအနေနဲ့ တူကူးချိုးပိုက်ပါဝင်တဲ့ စာစဥ်တွေကို ဖတ်ချင်တယ်ဆိုရင်တော့ "သိုင်းလောက မောင်မယ်များနဲ့ သိုင်းလောကမှ မျိုးဆက်များ" နဲ့ "သိုင်းလောကရဲ့ စိန်ခေါ်သံ" စာအုပ်တို့ကို ဖတ်ရှုနိုင်ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#တုကူးချိုးပိုက်
#DuguQiubai
#wikiwuxiathinelawka