သိုင်းလောကသားတစ်ယောက်က "ကောကျင့်၊ ဟွမ်းယုံ၊ ရန်ကော်" တို့ရဲ့ Family Tree လေး ပြောပြပါလို့ Comment မှာ ရေးထားတယ်။
အဲဒါနဲ့ ချရေးကြည့်ရင်း စာနည်းနည်းရှည်သွားလို့ Post အဖြစ်ပဲ တင်လိုက်တယ်။
ဒီထဲမှာပါတဲ့ အမည်တွေကတော့ "မိုးကျော်သူ" ရဲ့ "သိုင်းလောကမှ သူရဲကောင်းများ"၊ "သိုင်းလောက မောင်မယ်များ" နဲ့ "သိုင်းလောကမှ မျိုးဆက်များ" စာစဥ်တွဲ ၃ တွဲမှာပါတဲ့ ဘာသာပြန်အမည်တွေပါ။
မူရင်း တရုတ်အမည်၊ အင်္ဂလိပ် ဘာသာပြန် အမည်တွေနဲ့တော့ အသံထွက်ပုံ နည်းနည်းကွဲတယ်။
ဒီဇာတ်လမ်းက ၁၃ ရာစု၊ တောင်ပိုင်းစုန့်မင်းဆက်ခေတ်၊ မွန်ဂို ကျင်းအင်ပါယာနဲ့ တရုတ် စုန့်အင်ပါယာကြား တိုက်ပွဲတွေအတွင်းမှာ အခြေခံထားတယ်။
တရုတ် စစ်သူကြီး "ယုံဟွေး" ရဲ့ လက်အောက်မှာ သူရဲကောင်းတွေ အများအပြား ရှိတဲ့အထဲက ညီရင်းအစ်ကိုပမာ ချစ်ခင်ကြတဲ့ သူရဲကောင်းနှစ်ယောက်ရှိတယ်။
သူတို့ကတော့ "ကေ့ရှောင်ထင်း" (Guo Xiaotian) နဲ့
"ယန်ထိစင်း" (Yang Tiexin) ပါပဲ။
"ယန်ထိစင်း" (Yang Tiexin) ရဲ့ အဖိုးဟာ စစ်သူကြီး "ယန်ကျိတ်ရှင်း" (Yang Zaixing) ဖြစ်တယ်။
"ယန်ထိစင်း" (Yang Tiexin) ရဲ့ ဇနီးက "ပေါင်စီးလု" (Bao Xiruo) ဖြစ်တယ်။ "ကေ့ရှောင်ထင်း" (Guo Xiaotian) ရဲ့ ဇနီးက "လီဖင်" (Li Ping) ဖြစ်တယ်။
သူတို့ဟာ သားသမီးတွေ မွေးလာခဲ့ရင် အချင်းချင်း လက်ထပ်ပေးဖို့၊ သားတွေချည်း မွေးလာရင်လည်း သွေးသောက်ညီအစ်ကို ဖွဲ့ဖို့ ကတိစကား ထားခဲ့ကြတယ်။
"ယန်ထိစင်း" (Yang Tiexin) နဲ့ "ပေါင်စီးလု" (Bao Xiruo) တို့က "ယန်းခုံး" (Yang Kang) ကို မွေးဖွားခဲ့တယ်။
"ကေ့ရှောင်ထင်း" (Guo Xiaotian) နဲ့ "လီဖင်" (Li Ping) တို့က "ကေ့ကျိန်း" (Guo Jing)
ကို မွေးဖွားခဲ့တယ်။
သူတို့ရဲ့ အမည်တွေကို "ချန်းချွမ်းသူတော်" (Master Changchun) လို့ လူသိများတဲ့ ဆရာကြီး "ချူချူကြီး" (Qiu Chuji) က ပေးခဲ့တယ်။
"ကေ့ကျိန်း" (Guo Jing) က ရိုးသားတယ်၊ သစ္စာရှိတယ်၊ ဉာဏ်နှေးတယ်။ တည့်တည့်ပြောရင် နည်းနည်းနုံတယ်။
"ယန်းခုံး" (Yang Kang) က ပါးနပ်တယ်၊ အကြံကြီးတယ်၊ ကောက်ကျစ်တယ်။ သစ္စာမရှိဘူး။
"ကေ့ကျိန်း" (Guo Jing) က "ဟွမ်းယုံ" (Huang Rong) နဲ့ လက်ထပ်ပြီး "ကေ့ဖူး"(Guo Fu)၊ "ကေ့လုံ" (Guo Xiang)၊ "ကေ့ဖိုးလု" (Guo Polu) တို့ကို မွေးတယ်။
(ဒီနေရာမှာ ဆရာ မိုးကျော်သူ က "Guo Xiang" ကို ဘာကြောင့် "ကေ့လုံ" လို့ အမည်ဖလှယ်လိုက်သလဲတော့ မသိဘူး)
"ယန်းခုံး" (Yang Kang) က "နန်ချင်း" (Mu Nianci) နဲ့ တရားဝင် လက်မထပ်ဘဲ "ယန်းကို့" (Yang Guo) ကို မွေးတယ်။
"ယန်းကို့" (Yang Guo) ကို "ကေ့ကျိန်း" (Guo Jing) က သမီးကြီး "ကေ့ဖူး"(Guo Fu) နဲ့ လက်ထပ်ပေးခဲ့ချင်ပေမယ့် "ဟွမ်းယုံ" (Huang Rong) က သဘောမတူခဲ့ဘူး။
"ယန်းကို့" (Yang Guo) ကို "ကေ့ဖူး"(Guo Fu) က အထင်မှားပြီး ဓါးနဲ့ခုတ်လို့ ညာဘက်လက် ပြတ်တယ်။
နောက်ပိုင်းမှာ သမီးလတ် "ကေ့လုံ" (Guo Xiang) က "ယန်းကို့" (Yang Guo) ကို တဖက်သတ်ချစ်ခဲ့တယ်။
ဒါပေမဲ့ "ယန်းကို့" (Yang Guo) ကတော့ သူ့ရဲ့ဆရာလည်းဖြစ်တဲ့ အုတ်ဂူဂိုဏ်းက နဂါးမယ်လေး (Xiaolongnü) နဲ့ပဲ လက်ထပ်တယ်။
(မျက်လုံးစည်းထားတဲ့ နဂါးမယ်လေးနဲ့ ဟိုသကောင့်သားတို့ရဲ့ အကြောင်းကတော့ နာကျင်စရာတွေမို့ ထည့် မပြောတော့ဘူး။)
ဘာသာပြန်ဝတ္ထုတွေအရ "ကေ့ကျိန်း" (Guo Jing) နဲ့ "ယန်းကို့" (Yang Guo) တို့ရဲ့ ဆက်စပ်မှုက ဒီလောက် ပါပဲ။
[နောက်ပိုင်း ထပ်ထွက်လာတဲ့ "နဂါးနိုင်ဓါး" (The Heaven Sword and Dragon Saber) စာစဥ်ကျမှ Guo Jing မိသားစုအကြောင်း နောက်ဆက်တွဲ နည်းနည်း ပါလာတယ်။ Xiangyang တိုက်ပွဲမှာ Guo Xiang ကလွဲပြီး Guo Jing မိသားစုဝင်တွေ သေဆုံးသွားတယ်။ Guo Xiang က ဗုဒ္ဓဘာသာ သီလရှင်တစ်ပါးဖြစ်လာပြီး Emei ကျောင်းကို တည်ထောင်တယ်။]
အပိုဆောင်းပြီး မှတ်ချက်ပေးရရင်တော့ "ကေ့ကျိန်း" (Guo Jing) ရော၊ "ယန်းကို့" (Yang Guo) ရော၊ နှစ်ယောက်လုံးဟာ သိုင်းပညာ ကိုယ်စီ ထူးချွန်ကြတယ်ဆိုပေမယ့် သိပ်ထက်မြက်လွန်းလှတဲ့ ဇာတ်လိုက်တွေတော့ မဟုတ်ကြဘူး။
အထူးသဖြင့် မိသားစုတွင်းမှာ နှစ်ယောက်လုံးဟာ မ.ယ.က တွေ ဖြစ်တယ်။ "ယန်းကို့" (Yang Guo) သာ "ကေ့ဖူး"(Guo Fu) နဲ့ညားခဲ့ရင် "ကေ့ကျိန်း" (Guo Jing) ထက်ပိုပြီး မ.ယ.က ဖြစ်နိုင်ချေရှိတယ်။
ဘယ်သူက ဘာသိုင်းတတ်တယ်၊ ဘယ်သူ့သိုင်းက ပိုပြီး အဆင့်မြင့်တယ်၊ စသဖြင့်တော့ အကဲမဖြတ်တတ်လို့ မပြောတော့ဘူး။
ရိုးသားတည်ကြည်မှု၊ နိုင်ငံအပေါ် သစ္စာရှိမှု၊ အများအကျိုးဆောင်ရွက်မှုမှာ "ကေ့ကျိန်း" (Guo Jing) က "ယန်းကို့" (Yang Guo) ထက် အများကြီး သာတယ်။
ရုပ်ရှင်ဇာတ်ကားတွေမှာ "ယန်းကို့" (Yang Guo) ကို ဓါးကြီးတစ်လက်နဲ့ ဇိုးကြီးတစ်ယောက်လို ဘယ်လိုပဲ ပုံဖော်ထားထား Admin ကတော့ နွဲ့ဇိုးကြီးလို့ပဲ မြင်တယ်။
ဤတွင် "ယန်းကို့" (Yang Guo) Fan များအား ချစ်စနိုးဖြင့် တုတ်ထိုး၍ ပြီးပါပြီ။
အဖြူရောင် သိုင်းလောကကြီး အဓွန့်ရှည် တည်တံ့ပါစေ။
#ကောကျင့်နဲ့ရန်ကော်