ဘုရင့်အာဏာသားတွေဖြစ်တဲ့ "လုကုဝေး" နဲ့ "စုကျင်း" တို့ဟာ ဒုစရိုက်ဂိုဏ်းတစ်ခုဖြစ်တဲ့ "နဂါးမာန်ဟုန်ဂိုဏ်း" ကို နှိမ်နင်းဖြိုခွဲပြီးနောက် နှစ်ဦးသားလက်ထပ်ကာ "ကျန်းလန်ပြည်နယ်"၊ "ဟန်ကျူးမြို" မှာ အခြေချ နေထိုင်ရင်း သားဖြစ်သူ "လုရှောင်ဖုန့်" ကို မွေးဖွားခဲ့ပါတယ်။
မိဘတွေရဲ့ အမွေပစ္စည်းတွေကြောင့် သူဌေးကြီးလင်မယားအဖြစ် အေးအေးချမ်းချမ်း နေထိုင်ခဲ့တဲ့ "လုကုဝေး" ဟာ သားဖြစ်သူကိုတော့ သိုင်းပညာထူးချွန်စေလိုပြီး "ရှောင်လင်ကျောင်း" က ဆရာတော်ဟောင်း "ဖူးရွှေ" ထံ စေလွှတ်ကာ သိုင်းပညာသင်ကြားစေခဲ့တဲ့အတွက် "လုရှောင်ဖုန့်" လည်း ၁၀ နှစ်တိုင်တိုင် သွားရောက်သင်ကြားခဲ့ရပါတယ်။
ပညာစုံလို့ မိဘရပ်ထံ ပြန်လာတဲ့ "လုရှောင်ဖုန့်" တစ်ယောက် "ကျန်းပေမြို" က စားသောက်ဆိုင်တစ်ဆိုင်မှာ ခရီးတစ်ထောက်နားရင်း "နဂါးမာန်ဟုန်ဂိုဏ်း" လက်ထောက်ဂိုဏ်းချုပ် "လောပုစံ" နဲ့ တူမဖြစ်သူ ဂိုဏ်းခွဲမှူး "တင်ရန်ရှန်း" တို့နဲ့ ဆုံတွေ့မိရာက "လုကုဝေး" နဲ့ "စုကျင်း" တို့ရဲ့ သားမှန်း သိသွားပြီး လက်စားချေ လုပ်ကြံခြင်းခံခဲ့ရပေမယ့် "နဂါးမာန်ဟုန်ဂိုဏ်း" က မိန်းကလေး "ချူချန်း" ရဲ့ အသက်စွန့် ကယ်တင်မှုကြောင့် လွတ်မြောက်သွားခဲ့ပါတယ်။
တကယ်တော့ "လုရှောင်ဖုန့်" ဟာ ငယ်စဥ်ကတည်းက လူကြီးမိဘတွေ သဘောတူထားတဲ့ "ဝူးမေ" အမည်ရှိ မိန်းကလေးတစ်ဦး ရှိနေပြီး "လုရှောင်ဖုန့်" အိမ်ပြန်ရောက်ချိန်မှာ လက်ထပ်ပေးဖို့ စီစဥ်ထားကြပေမယ့်လည်း "လုရှောင်ဖုန့်" ကတော့ မိန်းကလေး "ချူချန်း" ကိုသာ ချစ်မြတ်နိုးစွာ အိမ်ကိုခေါ်ဆောင်လာတဲ့အတွက် မင်္ဂလာပွဲ ပျက်သွားခဲ့ရသလို "ဝူးမေ" လည်း စိတ်နာကျည်းသွားခဲ့ပါတယ်။
အဲဒီနောက် "လုရှောင်ဖုန့်" နဲ့ "ချူချန်း" တို့ လက်ထပ်မယ့်ဆဲဆဲမှာ "နဂါးမာန်ဟုန်ဂိုဏ်း" လက်ထောက်ဂိုဏ်းချုပ် "လောပုစံ" ရဲ့ လက်ချက်နဲ့ မိဘနှစ်ပါးလုံး သေဆုံးသွားခဲ့သလို "လုဂေဟာ" လည်း မီးလောင်ပျက်စီးသွားခဲ့ပေမယ့် သူ့ကို ချစ်နေတဲ့ မိန်းကလေး "တင်ရန်ရှန်း" က ဒဏ်ရာတွေရထားတဲ့ "လုရှောင်ဖုန့်" ကို ကယ်တင် ကုသပေးခဲ့ပါတယ်။
"နဂါးမာန်ဟုန်ဂိုဏ်း" က "လုဂေဟာ" ကို လာရောက်မတိုက်ခိုက်မီမှာ "လုရှောင်ဖုန့်" ဟာ သူ့ရဲ့ချစ်သူ "ချူချန်း" ကို အသက်အန္တရာယ် မဖြစ်စေလိုတာကြောင့် စိတ်နာအောင် ပြောဆို နှင်လွှတ်ခဲ့တဲ့အတွက် "ချူချန်း" တစ်ယောက် အသက်ချမ်းသာရာ ရခဲ့ပေမယ့် "ချူချန်း" ကို တိတ်တဆိတ် လိုက်လံ စောင့်ရှောက်ဖို့ အကူအညီတောင်းထားတဲ့ "လုရှောင်ဖုန့်" ရဲ့ သူငယ်ချင်း "ယုန်ဝေး" က သစ္စာဖောက်ပြီး သိမ်းပိုက်ဖို ကြံစည်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "လုရှောင်ဖုန့်" ရဲ့ အဖြစ်အပျက်ကို မသိဘဲ နှင်ထုတ်ခံရလို့ နာကျင်နေတဲ့ "ချူချန်း"၊ "လုရှောင်ဖုန့်" အတွက် ဂိုဏ်းကို သစ္စာဖောက်ခဲ့တဲ့အပြင် ဦးလေးနဲ့ တိုက်ခိုက်ခဲ့တဲ့ "တင်ရန်ရှန်း"၊ လက်ထပ်ပွဲ ပျက်သွားလို့ စိတ်နာကျည်း ထွက်ခွာသွားတဲ့ "ဝူးမေ" တို မိန်းမလှလေး ၃ ယောက်နဲ့ "လုရှောင်ဖုန့်" တို့ ဇာတ်လမ်းဟာ ... ။
(ဒီစာစဥ်က ကုလုံရဲ့ မူရင်းလက်ရာ မဟုတ်ပါဘူး။ တခြားစာစဥ်တွေမှာ ပါဝင်လေ့မရှိတဲ့ "လုရှောင်ဖုန့်" ရဲ့ "မျိုးရိုးရာဇဝင်"၊ "မိဘ"၊ "ဆရာသမား" တွေအကြောင်း ပါဝင်ပါတယ်။ ဒါ့အပြင် တခြားစာစဥ်တွေလို လျှို့ဝှက်မှုခင်းတွေကို စုံစမ်းဖော်ထုတ်တဲ့ ဇာတ်လမ်းမျိုးမဟုတ်ဘဲ ဇာတ်လိုက်ကျော် "လုရှောင်ဖုန့်" ရဲ့ ကိုယ်တိုင်ဘဝဖြတ်သန်းမှု ဇာတ်လမ်း ဖြစ်ပါတယ်)
📚 ၂ အုပ်တွဲ