"သံစဥ်မဲ့ပလွေ" ဆိုတာဟာ အပေါက်မပါတဲ့ ပလွေတစ်လက်ဖြစ်ပြီး အရည်ခြုံ ဒုစရိုက်သမားတွေ၊ လောဘသားတွေကို နှိမ်နင်းရာမှာ အမည်မသိ "သံစဥ်မဲ့ပလွေပိုင်ရှင်" က သူ့ရဲ့အမှတ်သင်္ကေတအဖြစ် ကြိုတင်ပေးပို့လေ့ရှိပါတယ်။
"ကျက်ကျန်းမြို"၊ ဟန်ဂေဟာပိုင်ရှင် "ဟန်ထင်းဟုန်" ဟာ "သံစဥ်မဲ့ပလွေ" ကို လက်ခံရရှိတဲ့အတွက် နာမည်ကြီးသိုင်းသမား "ကျင်းပိုင်ချန်း" နဲ့ မြေးမလေး "ကျင်းယုံချူးချူး" တို့ကို "ဟန်ဂေဟာ" ကို ဖိတ်ခေါ်ပြီး အကာအကွယ်ရယူခဲ့ပါတယ်။
အဲဒီအချိန်မှာ "ကျက်ကျန်းမြို" က လောင်းကစားရုံပိုင်ရှင် "ထင်ချိုင့်စွမ်း" ကလည်း ကြေးစားလူသတ်သမား "ရှစူးရယ်" ကို ငှားရမ်းပြီး စီးပွားပြိုင်ဘက် ဟန်ဂေဟာပိုင်ရှင် "ဟန်ထင်းဟုန်" ကို အလဲထိုးနှက်ဖို့ ကြံစည်ခဲ့ပါတယ်။
"ဟန်ဂေဟာ" က အားကိုးရတဲ့ လုံခြုံရေးတာဝန်ခံဖြစ်သူ ရန်သူမဲ့နတ်လက်သီး "လျှံထျန်းရှန်" ဟာ ခြံဝန်းလုံခြုံရေးအတွက် "ကျင်းပိုင်ချန်း" တို့ မြေးအဖိုးနဲ့ အတူလက်တွဲ လုပ်ဆောင်နေခဲ့ပေမယ့် အရာအရာမှာ မယုံကြည်စိတ် ထားရှိခဲ့ပြီး "ကျင်းပိုင်ချန်း" တိုမြေးအဖိုး၊ ကြေးစားလူသတ်သမား "ရှစူးရယ်"၊ ပြဇာတ်မင်းသား "ယွင်းပိုင်ကျန့်" အပါအဝင် လူအများအပြားကို "သံစဥ်မဲ့ပလွေ" ရဲ့ ဘက်တော်သား သူလျှိုတွေအဖြစ် သံသယဝင်နေခဲ့ပါတယ်။
ဒါပေမဲ့ တရားခံကို မဖော်ထုတ်နိုင်သေးခင်မှာပဲ "လျှံထင်းရှန်" တစ်ယောက် လုပ်ကြံလိုက်ရသလို "သံစဥ်မဲ့ပလွေ" ရဲ့ ကျော်ကြားမှုကို အသုံးချပြီး ငွေညှစ်ဖို့ ကြံစည်နေတဲ့ လူတစ်စု၊ မတရားရှာဖွေထားတဲ့ စီးပွားဥစ္စာတွေကို ကာကွယ်ဖို့ကြိုးစားနေတဲ့ ဟန်ဂေဟာပိုင်ရှင် "ဟန်ထင်းဟုန်" တို့ ညီအစ်ကိုတစ်သိုက်နဲ့ ဒုစရိုက်မှုတွေကို ဖော်ထုတ်ဖို့ တိတ်တဆိတ်လှုပ်ရှားနေတဲ့ ထောက်လှမ်းရေးမှူး "ယဲ့ဟော်" တို့အဖွဲ့ ကိုယ်စွမ်း ဉာဏ်စွမ်း ပြိုင်ဆိုင်ကြတဲ့အခါ ... ။
("ဝဏ္ဏအောင်" ရဲ့ "သံစဥ်မဲ့ပုလွေ"၊ ၄ အုပ်တွဲသိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "ကြိုးမဲ့စောင်း"၊ ၄ အုပ်တွဲသိုင်းစာစဥ်နဲ့ ဇာတ်ကောင်အမည်တွေကလွဲပြီး အတူတူပဲ ဖြစ်ပါတယ်။ "ဝဏ္ဏအောင်" ရဲ့ "သံစဥ်မဲ့ပုလွေ" ကို ၂၀၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။)
📚 ၄ အုပ်တွဲ