"ကျောက်ဖြူသူတော်"၊ "သက်မဲ့အဆိပ်ဘုရင်" နဲ့ "မြစိမ်းရောင်ဒေဝီ" တို့ဟာ ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ပေမယ့် အလွန်လှပတဲ့ "မြစိမ်းရောင်ဒေဝီ" ကို ပြိုင်တူပိုးပန်းမိရာက အခင်အမင် ပျက်ကြရတဲ့အပြင် "မြစိမ်းရောင်ဒေဝီ" က "သက်မဲ့အဆိပ်ဘုရင်" ကိုအိမ်ထောင်ဘက်အဖြစ် ရွေးချယ်လိုက်တဲ့အခါ အမုန်းကြီးမုန်းသွားတဲ့ "ကျောက်ဖြူသူတော်" က "မြစိမ်းရောင်ဒေဝီ" ရဲ့ အလှကိုဖျက်ဆီးပြီး သိုင်းလောကထဲက ပျောက်ကွယ်သွားခဲ့ပါတယ်။
အကျည်းတန်သွားတဲ့အတွက် စိတ်ဓါတ် ခက်ထန်ကြမ်းတမ်းလာတဲ့ "မြစိမ်းရောင်ဒေဝီ" ဟာ ခင်ပွန်းဖြစ်သူ "သက်မဲ့အဆိပ်ဘုရင်" ထံ မပြန်တော့ဘဲ ခင်ပွန်းဖြစ်သူရဲ့ "လျှပ်စီးလက်ဝါးသိုင်းကျမ်း" ကို ခိုးယူလေ့ကျင့်ပြီး "သက်မဲ့အဆိပ်ဘုရင်" အဖြစ် ဟန်ဆောင်ကာ "ကျောက်ဖြူသူတော်" အပါအဝင် ပူးပေါင်းကြံစည်သူ သိုင်းသမားတစ်စုကို "မိုးထိတောင်" မှာ ချိန်းဆို တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက်ရာမှာ "မြစိမ်းရောင်ဒေဝီ" ဟာ သူ့ရဲ့မျက်နှာကို ဖျက်ဆီးရာမှာ ပါဝင်ကျူးလွန်ခဲ့သူတွေအပြင် ကျူးလွန်ခြင်းမရှိတဲ့ တခြားအဖြူရောင်သိုင်းသမားတွေကိုပါ သတ်ဖြတ်မိခဲ့တဲ့အတွက် သိုင်းလောကရဲ့ ရန်သူတစ်ယောက် ဖြစ်လာခဲ့ရပြီး အဓိက လက်သည်တရားခံ "ကျောက်ဖြူသူတော်" ကိုတော့ ရှာမတွေ့ခဲ့ပါဘူး။
တချိန်တည်းမှာပဲ သိုင်းလောကရဲ့ ဦးသျောင် ဖြစ်သူ "ငိုမီဂိုဏ်းချုပ်" ရသေ့ကြီး "ကျင်းတိန်" ပျံလွန်သွားတဲ့အတွက် ကျန်ရစ်ခဲ့တဲ့ "ဒေဝီသိုင်းကျမ်း" နဲ့ "ပြိုင်စံရှားသိုင်းကျမ်း" ကို သိုင်းဂိုဏ်းချုပ်တွေက ရယူဖို့ ဝိုင်းဝန်းကြိုးစားကြရာမှာ ရသေ့ကြီးရဲ့ တပည့်တစ်ဦးဖြစ်တဲ့ "အနောက်တောင်သိုင်းရာဇာ" က "ဒေဝီသိုင်းကျမ်းကို" ကြားဖြတ် အရယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ "အနောက်တောင်သိုင်းရာဇာ" လည်း ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တဲ့အတွက် "ဒေဝီသိုင်းကွက် ၉ ကွက်" ကိုသာ သူ့ရဲ့တပည့် "သက်မဲ့အဆိပ်ဘုရင်" ကို လက်ဆင့်ကမ်း သင်ပေးနိုင်ခဲ့ပြီး ကျန်တဲ့ "ဒေဝီသိုင်းကွက် ၉၁ ကွက်" ကိုတော့ ဂူတစ်ခုထဲမှာ ထွင်းထုသိမ်းဆည်းရင်း သေဆုံးသွားခဲ့ပါတယ်။
နှစ်ပေါင်း ၃၀ ခန့်အကြာမှာတော့ လူငယ်လေး "ရှောင်ချူးဝေ" ဟာ မွေးစားဖခင်ကို သတ်ဖြတ်သွားတဲ့ ရန်သူကို လက်စားချေနိုင်ဖို့အတွက် "သက်မဲ့အဆိပ်ဘုရင်" ထံမှာ "လျှပ်စီးလက်ဝါး" သိုင်းပညာသင်ကြားခဲ့ပါတယ်။
အဲဒီနောက် "မိုးထိတောင်တိုက်ပွဲ" မှာ "သက်မဲ့အဆိပ်ဘုရင်" ရဲ့နာမည်ကို အလွဲသုံးစားပြုလုပ်ခဲ့သူကို ရှာဖွေဖော်ထုတ်ဖို့ တာဝန်ပေးခံရတဲ့အတွက် "ရှောင်ချူးဝေ" လည်း သိုင်းလောကထဲ ဆင်းလာရင်း မိန်းကလေး "ရှမ်းယို"၊ မြောင်သိုင်းသမား "မောရိလုံ"၊ ကဗျာဆရာသိုင်းသမား "ချီစိမ်းဝူ"၊ သိုင်းလောက အလှမယ် "ကျင်းရိဖုန်း" တို့နဲ့ ရင်းနှီးခင်မင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ "မိုးထိတောင်" ပေါ်မှာ သေဆုံး၊ ပျောက်ဆုံးကုန်တဲ့ အဖြူရောင်ဂိုဏ်းချုပ်တွေရဲ့ တပည့် သားမြေးမျိုးဆက်တွေကလည်း "ရှောင်ချူးဝေ" ကို လက်စားချေဖို့ ကြိုးစားလာကြတဲ့အတွက် "ရှောင်ချူးဝေ" တစ်ယောက် အဖြစ်မှန်ကို ဖော်ထုတ်နိုင်ဖို့ ပိုမို အခက်တွေ့လာခဲ့ရပါတယ်။
ဒါပေမဲ့ လိုဏ်ဂူတစ်ခုထဲက "ဒေဝီသိုင်းကွက် ၁၀၀" နဲ့ "တကိုယ်တော်သိုင်းသမား အဖိုးအို" ရဲ့ "မိုးအောက်မြေပြင်သိုင်းပညာ" ကို သင်ကြားခွင့် ရခဲ့တဲ့အတွက် သူဩာ ထိပ်တန်းသိုင်းသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "ရှောင်ချူးဝေ" ဟာ "သက်မဲ့အဆိပ်ဘုရင် အတု" ကို ဖော်ထုတ်နိုင်ခဲ့သလို သူ့ရဲ့ မိခင်ရင်း ဖခင်ရင်း တို့ကိုပါ သိရှိလာခဲ့ပေမယ့် ရန်ငြိုးသံသရာလည်နေတဲ့ သိုင်းလောကရဲ့ လက်စားချေ တိုက်ပွဲတွေအထဲက ရုန်းမထွက်နိုင်တော့ဘဲ အဆင့်မြင့်သိုင်းပညာအားကိုးနဲ့ စိတ်ဖောက်ပြန်လာခဲ့တဲ့အခါ ... ။
📚 ၄ အုပ်တွဲ