"ဟိုကျူး" ဟာ မိခင်ဖြစ်သူ "ကျူးဝမ်း" ရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ပြည့်ပြည့်စုံစုံ နေထိုင်ခဲ့ရပေမယ့် သူ့အသက် ၁၀ နှစ်အရွယ်မှာ မိခင်ကြီး ကွယ်လွန်သွားခဲ့တဲ့အခါမှာတော့ ဦးလေးဖြစ်သူ "ကျူးခုံ" က စည်းစိမ်ဥစ္စာတွေကို အပိုင်စီးခဲ့တဲ့အပြင် အသက်ကိုပါ သေကြောင်းကြံစည်ခဲ့ပါတယ်။
ဒါပေမဲ့ စိတ်ကောင်းရှိကြတဲ့ သိုင်းသမားတွေဖြစ်တဲ့ ကြယ်သုံးလုံး အာမခံဌာနပိုင်ရှင် "စုထင်းရှန်း"၊ ကျားရိုင်းဓါးပြအဖွဲခေါင်းဆောင် "ချန်းမု"၊ ညာလက်ရုံး "လူချင်းရွှေ"၊ လက်ဝါးငါးကွက် သိုင်းသမား "နန်းကုန်းရွှေ" တို့က ဝိုင်းဝန်းကူညီစောင့်ရှောက်ခဲ့ကြတဲ့အတွက် အသက်မသေခဲ့ဘဲ "ကျားရိုင်းဓါးပြအဖွဲ့" ခေါင်းဆောင် "ချန်းမု" ရဲ့ မွေးစားညီအဖြစ် သိုင်းပညာသင်ယူခွင့် ရခဲ့ပါတယ်။
တကယ်တော့ "ကျားရိုင်းဓါးပြအဖွဲ့" ခေါင်းဆောင် "ချန်းမု" ဟာ အခြေအနေအရ ဓါးပြတိုက်နေခဲ့ရပေမယ့် စိတ်ထားနူးညံ့ကောင်းမွန်သူဖြစ်ပြီး ဓါးပြအဖွဲ့ကို ဖျက်သိမ်းဖို့ အမြဲကြံစည်နေသူဖြစ်သလို အဖြူရောင်သိုင်းသမား ခံယူထားတဲ့ ကျားနိုင်လက်ဝါး "ကွမ်းတာ့စန်း" ကတော့ စိတ်ထားကြမ်းကြုတ်သူ ဖြစ်ပါတယ်။
တစ်ရက်မှာ "ချန်းမု" ဟာ "ကျားရိုင်းဓါးပြအဖွဲ" ကို ဖျက်သိမ်းဖို့ စီစဥ်နေစဥ် ကျားနိုင်လက်ဝါး "ကွမ်းတာ့စန်း"၊ လက်ဝါးငါးကွက် သိုင်းသမား "နန်းကုန်းရွှေ" နဲ့ ဝါဆန်းသီလရှင်ရဲ့ တပည့် "ကျင်းမေ" တို့ဦးဆောင်တဲ့ အဖြူရောင်သိုင်းသမားတွေဟာ "ကျားရိုင်းဓါးပြအဖွဲ့" ကို လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ခေါင်းဆောင်ဖြစ်သူ "ချန်းမု" က သူ့အသက်နဲ့လဲလှယ်အသေခံပြီး အဖွဲ့သားတွေကို ကယ်တင်ပေးခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ "ကွမ်းတာ့စန်း" က ဇာတ်မြှုပ်နေထိုင်နေတဲ့ "ဟိုကျူး" နဲ့ ကျားရိုင်းဓါးပြအဖွဲ့သားတွေကို တစ်ယောက်မကျန် လိုက်လံသတ်ဖြတ်ခဲ့ပြီး လက်ဝါးငါးကွက် သိုင်းသမား "နန်းကုန်းရွှေ" နဲ့ "ကျင်းမေ" တို့ ကိုယ်တိုင် "ကွမ်းတာ့စန်း" ကို အသေခံကာ ပြန်လည် ခုခံတိုက်ခိုက်ပေးခဲ့တဲ့အတွက် "ဟိုကျူး" တစ်ယောက်ပဲ အသက်ရှင်လွတ်မြောက်သွားခဲ့ပါတယ်။
ဒီလိုနဲ့ အသက် ၁၅ နှစ်အရွယ်ရောက်လာတဲ့ "ဟိုကျူး" ဟာ သိုင်းပညာဆက်လက်သင်ကြားဖို့ "အရှေ့ပင်လယ်" ကို ထွက်ခွာလာရင်း လမ်းခရီးမှာ ပြည်သူလူထုကို အနိုင်ကျင့်နေတဲ့ လူ့ဘီလူးကြီး "ဖျောင်စီး" ကို တတ်စွမ်းသမျှ နှိမ်နင်းခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပြီး ပင်လယ်ထဲ အမျှောခံလိုက်ရပါတယ်။
ဒါပေမဲ့ ကံကောင်းချင်တော့ သူရှာနေတဲ့ အရှေ့ပင်လယ်သိုင်းဆရာကြီး "ကေ့ရှမ်းထင်း" ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပြီး ကေ့ရှမ်းထင်း ရဲ့ တပည့်တွေဖြစ်တဲ့ "ထင်းဟန်"၊ "ဝမ်းလျှံ"၊ "တန့်တမင်" နဲ့ "စန့်ကွမ်းဖိန်" တို့က အဆင့်မြင့်သိုင်းပညာတွေ သင်ပေးခဲ့ကြပါတယ်။
တစ်ဖက်မှာလည်း "ကေ့ရှမ်းထင်း" ရဲ့ တပည့်တစ်ဦးဖြစ်သူ "ပုကျန်းရီ" က ပထမဓါး "စီးမင်စု" ရဲ့ သိုင်းကွက်တွေပါဝင်တဲ့ "ပဉ္စမဓါး" ကို ခိုးယူသွားတဲ့အတွက် ဓါးကိုပြန်လည်ရယူဖျက်ဆီးပစ်ဖို့ ဆရာ ၄ ဦးက ဟိုကျူး ကို တာဝန်ပေးခဲ့ပါတယ်။
ဒီလိုနဲ့ သိုင်းလောကထဲရောက်လာတဲ့ လူငယ်လေး "ဟိုကျူး" ဟာ "ကျောက်ခြင်္သေ့" ဂိုဏ်းချုပ် "လင်းရှိ" ရဲ့ "သံမဏိတုတ်တံ" ကို လက်နက်အဖြစ်ငှားရမ်းပြီး "မဇ္ဈိမဒေသ" ကို လျှို့ဝှက်ခရီးသွားကြမယ့် "ရွှေပြည်စိုးအာမခံဌာန" ပိုင်ရှင် "ဆင့်စု"၊ "ယိုကျားယန်"၊ သခင်မလေး "စီးယဥ်" တို့လူစုကို ကူညီပေးခဲ့ပါတယ်။
အဲဒီလို အကူအညီပေးရင်း သက်တူရွယ်တူ လူငယ်လေးတွေဖြစ်တဲ့ တစ်စွတ်ထိုးသမား "ဝက်ကလေး"၊ ဓါးပြလေး "ရေနဂါး" တို့နဲ့ မိတ်ဆွေဖြစ်လာပြီးနောက် သစ္စာဖောက် "ပုကျန်းရီ" ရဲ့သမီး "ပုယင်း" ကို စတင်ခြေရာခံမိတဲ့အခါ ...။
("ဝဏ္ဏအောင်" ရဲ့ "ပဉ္စလက်ခရီး"၊ ၆ အုပ်တွဲသိုင်းစာစဥ်ဟာ "တက္ကသိုလ်သီဟအောင်" ရဲ့ "မိုးကြိုးဓါးနှင့်ကြေးစုတ်တံ"၊ ၂ အုပ်တွဲသိုင်းစာစဥ်နဲ့ ဇာတ်လမ်းဇာတ်ကွက် အတူတူပဲ ဖြစ်ပါတယ်။ "ပဉ္စလက်ခရီး" ကို ၁၉၉၁ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "မိုးကြိုးဓါးနှင့်ကြေးစုတ်တံ" ကို ၂၀၁၀ ပြည့်နှစ်မှာ ထုတ်ဝေခဲ့ပါတယ်။)
📚 ၆ အုပ်တွဲ