သိုင်းပညာ အလွန်ထူးချွန်တဲ့ "ဓါးဧည့်သည်" ရဲ့လက်ချက်နဲ့ သိမ်းငှက် "ကျင်းရှောင်"၊ လက်ရှစ်ချောင်း "လီချင်း"၊ ဓါးပျံ "ကျင်းဖိ" အပါအဝင် သိုင်းထိပ်သီးအကျော်အမော်တွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရသလို "ကျိနန်းနယ်" က သိုင်းဆရာကြီး "လီပေ့" ဟာလည်း မယှဥ်နိုင်ဘဲ ရှုံးနိမ့်ခဲ့ရပါတယ်။
ဒါကြောင့် တပည့်ဖြစ်သူ "ပါ့ထင်းချူး" က "လီပေ့" ရဲ့ ညွှန်ကြားချက်အတိုင်း မြေးဖြစ်သူ "ပေ့ကျိ" ကို ခေါ်ဆောင်ကာ "ဓါးဧည့်သည်" ကို ယှဥ်နိုင်မယ့် "အရှေ့ပင်လယ်" က ပင်လယ်ပျော်လူထူးဆန်း "ကျိကိုချင်းပင်" ထံ သွားရောက် အကြောင်းကြားခဲ့တဲ့အတွက် "ဓါးဧည့်သည်" နဲ့ "ပင်လယ်ပျော်လူထူးဆန်း" တို့"အရှေ့ပင်လယ်ကမ်းခြေ" မှာ ချိန်းဆို ယှဥ်ပြိုင်ခဲ့ကြပြီး အဲဒီပြိုင်ပွဲမှာ "ကျိကိုချင်းပင်" အနိုင်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ အနိုင်ရသူ "ပင်လယ်ပျော်လူထူးဆန်း" ဟာ အတွင်းဒဏ်ရာရရှိခဲ့ပြီး နောက်တစ်ရက်မှာ သေဆုံးသွားခဲ့သလို ရှုံးနိမ့်သူ "ဓါးဧည့်သည်" ကလည်း ၇ နှစ်အကြာမှာ ထပ်မံယှဥ်ပြိုင်ဖို ချိန်းဆိုသွားခဲ့တာကြောင့် သိုင်းလောကဟာ အန္တရာယ်ကြားမှာပဲ ခေတ္တ ငြိမ်သက်နေခဲ့ပါတယ်။
ဒါကြောင့် လာမယ့်ပြိုင်ပွဲမှာ "ဓါးဧည့်သည်" ကို ယှဥ်ပြိုင်နိုင်ဖို့အတွက် ပညာသင်ဘက်သူငယ်ချင်း "ဉာဏ်ကြီးရှင်" ထံ သွားရောက်သင်ယူဖို့ လူငယ်လေး "ပေ့ကျိ" ကို "ကျိကိုချင်းပင်" က လမ်းညွှန်ခဲ့တဲ့အတွက် "ပေ့ကျိ" လည်း ဉာဏ်ကြီးရှင် "ကျူးယိဖန်း" ကို လိုက်လံရှာဖွေခဲ့ပြီး သိုင်းပညာသင်ယူခဲ့ပါတယ်။
နှစ်အနည်းငယ်အကြာမှာတော့ သိုင်းလောက တဝှမ်းက လူငယ်သိုင်းသမားတွေဟာ လာမယ့်စိန်ခေါ်ပွဲမှာ "ဓါးဧည့်သည်" နဲ့ ယှဥ်ပြိုင်ခွင့်ရဖို့အတွက် "ထိုက်စန်းတောင်" ပေါ်မှာ အချင်းချင်းယှဥ်ပြိုင်ပြီး အတော်ဆုံးဓါးသမားကို ရွေးချယ်ဖို့ ပြင်ဆင်နေခဲ့ကြတာကြောင့် သိုင်းလောကတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ပါတယ်။
တချိန်တည်းမှာပဲ "ပေ့ကျိ" ရဲ့ အဖိုး "လီပေ့" ဟာ "ဓါးဧည့်သည်" ကို ရှုံးနိမ့်ခဲ့ပြီးနောက် သူ့ရဲ့တပည့် ၇ ယောက်ကို သိုင်းဂိုဏ်းကြီး ၇ ဂိုဏ်းထံ အသီးသီး သွားရောက်သင်ကြားစေခဲ့တဲ့အတွက် "လူငယ်သိုင်းသမား ၇ ဖော်" အဖြစ် ထင်ရှားလာကြခဲ့ပြီး သူတို့ဟာလည်း "ထိုက်စန်းတောင်ပြိုင်ပွဲ" မှာ ပါဝင်ယှဥ်ပြိုင်ဖို ခရီးထွက်လာခဲ့ကြရင်း "ပေ့ကျိ" နဲ့ ပြန်လည်ဆုံတွေ့မိခဲ့ကြပါတယ်။
အဲဒီအချိန်မှာ သိုင်းလောကရဲ့ လူဆိုးကြီးတွေဖြစ်ကြတဲ့ "ညဘီလူး" နဲ့ "ခေါင်းနှစ်လုံးမြေခွေး" တို့ကလည်း "ဓါးဧည့်သည်" နဲ့ သိုင်းလောကသားတွေရဲ့ ယှဥ်ပြိုင်ပွဲကို အကြောင်းပြုကာ သိုင်းလောကကို ဖျက်ဆီးစိုးမိုးဖို့ ကြံစည်လာခဲ့ကြပြီး "ထိုက်စန်းတောင်ပြိုင်ပွဲ" မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေသူ "ပေ့ကျိ" ကို ပြိုင်ပွဲမှာ ဝင်မပြိုင်နိုင်အောင် စနစ်တကျ လုပ်ကြံနာမည်ဖျက်ခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ မကောင်းမှုကို မစွန့်လွှတ်နိုင်ကြတဲ့ "ညဘီလူး" နဲ့ "ခေါင်းနှစ်လုံးမြေခွေး"၊ အချစ်ကြီးရာက တဖက်စွန်းရောက်သွားခဲ့တဲ့ "ပန်းဒေဝီ"၊ အတ္တကြီးမားလွန်းတဲ့ "သခင်မလေး"၊ ဓါးပညာအပေါ် စွဲလမ်းလွန်းတဲ့ "ဓါးဧည့်သည်"၊ သားဖြစ်သူကို နောက်ကွယ်ကပဲ လိုက်လံစောင့်ရှောက်ခွင့်ရတဲ့ "ရုပ်ဆိုးမောင်နှံ" နဲ့ မရည်ရွယ်ပါဘဲ နံပါတ် ၁ သိုင်းသမားဖြစ်လာခဲ့တဲ့ "ပေ့ကျိ" တို့ရဲ့ ဇာတ်လမ်းဟာ ... ။
("ဝဏ္ဏအောင်" ရဲ့ "ဓါးမာယာ"၊ ၅ အုပ်တွဲ သိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "ဓါးပညာဆိုသည်မှာ"၊ ၆ အုပ်တွဲ သိုင်းစာစဥ်နဲ့ အတူတူပဲဖြစ်ပြီး ဇာတ်ကောင် အမည်တွေနဲ့ ဇာတ်သိမ်းပုံအနည်းငယ်ပဲ ကွဲပြားပါတယ်။ "ဓါးမာယာ" ကို ၁၉၉၄ ခုနှစ်မှာ ပထမအကြိမ် ထုတ်ဝေခဲ့ပြီး "ဓါးပညာဆိုသည်မှာ" ကတော့ ၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။)
📚 ၅ အုပ်တွဲ