သိုင်းလောကမှာ ကြေးစားလူသတ်သမားတွေ ခြေရှုပ်လာပြီး ရွှေနဂါး "ကျင်းလုံ"၊ ငွေနဂါး "ချူးလုံ" အပါအဝင် "နဂါးဂိုဏ်းသား" တွေ ဆက်တိုက်အသတ်ခံနေရတဲ့အတွက် တချိန်က သိုင်းလောကမှာ ထင်တိုင်းကြဲခဲ့တဲ့ "နေလဂိုဏ်း" ပြန်လည်ထွက်ပေါ်လာမှာကို ဝါရင့် သိုင်းသမားကြီးတွေက စိုးရိမ်ပူပန်လာကြပါတယ်။
"နဂါးဂိုဏ်း" ဟာ "ကျောက်စိမ်းသိုင်းကျမ်း" ကြောင့် ထင်ရှားခဲ့တဲ့ "အဖြူရောင်ဂိုဏ်း" တစ်ခုဖြစ်သလို "နေလဂိုဏ်း" ကတော့ ကြေးစားလူသတ်သမားတွေနဲ့ ဖွဲစည်းထားတဲ့ ဂိုဏ်းတစ်ခုဖြစ်ပြီး ကြေးစားလူသတ်သမား "မေနန်း"၊ "ကောင်းရှန်" နဲ့ "ကျန်းထင်" တို့ဟာ ထင်ရှားသူတွေ ဖြစ်ကြပါတယ်။
"အရှေ့နယ်" က သူဌေးကြီး "ဝမ်းကျိ" ရဲ့သား "ဝမ်းရီ" ဟာ စီးပွားရေးလုပ်ငန်း နဲ့ သိုင်းပညာကို စိတ်မဝင်စားတဲ့ စာပေသမားတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူနဲ့ စိတ်ဆိုးကာ "ထိုက်စန်းမြို့" က ဖခင်ရဲ့မိတ်ဆွေ ကုန်သည်ကြီး "ရှမ်းယု" ဆီကို ထွက်လာရင်း ရွှေနဂါး "ကျင်းလုံ" ကို တိုက်ခိုက်နေတဲ့ "မေနန်း" တို့ လူစုနဲ့ လမ်းခရီးမှာ ဆုံတွေ့ခဲ့ပေမယ့် သိုင်းလောကသား မဟုတ်တာကြောင့် "ဝမ်းကျိ" ကို "မေနန်း" က လွှတ်ပေးခဲ့ပါတယ်။
အဲဒီနောက် စာပေသမားလေး "ဝမ်းကျိ" ဟာ ကုန်သည်ကြီး "ရှမ်းယု" ရဲ့ အိမ်မှာ တည်းခိုနေထိုင်ရင်း "လီမင်းကွမ်း" ဆိုသူက "ရှမ်းယု" ကို ဘာသာပြန်ခိုင်းထားတဲ့ ရှေးဟောင်းအက္ခရာတွေနဲ့ ရေးသားထားတဲ့ "ကျောက်စိမ်းပုရပိုက်" တစ်ခုကို ခေတ္တယူကြည့်နေစဥ် နောက်တစ်ရက်မှာပဲ ကုန်သည်ကြီး "ရှမ်းယု" လုပ်ကြံခံခဲ့ရပါတယ်။
ဒါကြောင့် "ဝမ်းကျိ" ဟာ "လီမင်းကွမ်း" ကို လိုက်လံစုံစမ်းရင်း "ဗေဒါဂိုဏ်းချုပ်"ရဲ့မြေး "စန်းတုံး" နဲ့ မိတ်ဆွေဖြစ်ခဲ့တာကြောင့် သိုင်းပညာ မတတ်ပါဘဲ သိုင်းလောကထဲရောက်လာခဲ့သလို "နဂါးဂိုဏ်းသား" တွေဖြစ်တဲ့ သံနဂါး "ဆင်းလုံ"၊ မြေနဂါး "စုလုံ"၊ မိုးနဂါး "ထင်းလုံ" တို့ရဲ့ "ကျောက်စိမ်းသိုင်းကျမ်း" အရှုပ်တော်ပုံထဲ ပါဝင်လာခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ "ကျောက်စိမ်းသိုင်းကျမ်း" ကို အပိုင်စီးချင်တာကြောင့် "နေလဂိုဏ်း" က ကြေးစားလူသတ်သမားတွေကို ငှားရမ်းပြီး ညီနောင် "နဂါးဂိုဏ်းသား" တွေကို အပြတ်ရှင်းခိုင်းတဲ့ "လီမင်းကွမ်း" အမည်ခံ "သစ္စာဖောက် နဂါး" တစ်ယောက်ကို "ဗေဒါဂိုဏ်း" ရဲ့ အကူအညီနဲ့ ဖော်ထုတ်ကြတဲ့အခါ ... ။
📚 ၂ အုပ်တွဲ