ဝါးတောရွာက ရသေ့ကြီးတစ်ပါးထံမှာ ကပ္ပိယလေးအဖြစ် အေးအေးချမ်းချမ်း နေထိုင်နေတဲ့ "ဖုကျိ" ဟာ တောရကျောင်းကို သေအံ့မူးမူး ရောက်လာတဲ့ သိုင်းသမားတစ်ယောက်ကြောင့် သိုင်းလောကထဲကို ယောင်လည်လည် ရောက်လာခဲ့ရပါတယ်။
အဲဒီသိုင်းသမားက ကြယ်တံခွန်ဆရာ "တင်းချွန်းချူး" နဲ့ "ခြင်္သေ့မင်းသား" ဦးဆောင်တဲ့ "လူ့ဗာလ လေးဖော်" ပူးပေါင်းပြီး သိုင်းလောကကို ဒုက္ခပေးတော့မယ့်အကြောင်း ရှောင်လင်ကျောင်းထိုင်ဆရာတော်ထံ သွားပြောပေးဖို့ ကပ္ပိယလေး "ဖုကျိ" ကို အကူအညီတောင်းတဲ့အတွက် "ဖုကျိ" လည်း "ရှောင်လင်ကျောင်း" ကို ခရီးထွက်လာခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် လမ်းခရီးမှာ "လူ့ဗာလ လေးဖော်" အထဲက တစ်ဦးဖြစ်တဲ့ အရူးမ "အော့လျှံ" နဲ့ ဆုံတွေ့မိတဲ့အတွက် အကျဥ်းသားအဖြစ် အဖမ်းခံရပြီး "ခြင်္သေ့မင်းသား" နဲ့ ဆွံအဆရာ "စောစင်းဟို" တို့ရဲ့ "မိုးထိတောင်" စစ်တုရင်ပြိုင်ပွဲကို လိုက်ပါသွားခဲ့ရပါတယ်။
ကံကောင်းချင်တော့ "မိုးထိတောင်" က ပြိုင်စံရှား မိုးမြေအတွင်းအားပိုင်ရှင် "တင်းတိချူး" တီထွင်ထားတဲ့ စစ်တုရင်ကစားကွက်ကို "ဖုကျိ" က အနိုင်ရခဲ့တဲ့အတွက် "တင်းတိချူး" က တပည့်အဖြစ် လက်ခံကာ အတွင်းအားလွှဲပြောင်းပေးခဲ့ပါတယ်။
"ဖုကျိ" ဟာ အတွင်းအားကလွဲလို့ သိုင်းပညာ ဟုတ်တိပတ်တိ မတတ်ပေမယ့် "တင်းတိချူး" က ဂိုဏ်းချုပ်အထိမ်းအမှတ်လက်စွပ် ပေးသွားခဲ့တာကြောင့် "နှောင်ကြိုးမဲ့ဂိုဏ်း" ရဲ့ ဂိုဏ်းချုပ် ဖြစ်လာပါတော့တယ်။
ရိုးသားပြီး စိတ်ကောင်းရှိသူ "ဖုကျိ" ဟာ ၂၅ နှစ်တစ်ကြိမ် သူငယ်ပြန်လေ့ရှိတဲ့ နတ်တောင်သခင်မ နဲ့ သူ့ရဲ့ပညာသင်ဘက် ညီမ "လီချူးထိ" တို့ရဲ့ ရန်ငြိုးရန်စနဲ့ ပညာပြိုင်မှုတွေကြား မထင်မှတ်ဘဲ ကြားညပ်ပါဝင်ခဲ့ရပြန်ပြီး သူတို့နှစ်ဦးလုံးရဲ့ သိုင်းပညာ၊ အတွင်းအားထိန်းချုပ်နည်းပညာ၊ သွေးကြောပိတ်ပညာနဲ့ ကိုယ်ဖော့ပညာတွေ တတ်မြောက်လာခဲ့ပါတယ်။
ဒီလိုနဲ့ တစ်စတစ်စ သိုင်းသမားဖြစ်လာတဲ့ ကပ္ပိယလေး "ဖုကျိ" တစ်ယောက် "ဆီဟာနယ်"၊ ဆီဟာမြိုစားကြီး သမီးတော် "စုကျူး" ရဲ့ ကြင်ယာတော် ရွေးချယ်ပွဲမှာ မင်းသားလေး "လီထင်း" တို့လူစုရဲ့ ကောက်ကျစ်ယုတ်မာမှုတွေနဲ့ ကြုံရပြန်တဲ့အခါ ... ။
📚 ၂ အုပ်တွဲ