"ယင်နန်မြို့" က "တောင်ခြင်္သေ့" ဂိုဏ်းချုပ် "ချူကင်းလီ" နဲ့ "မိုးနဂါး" ဂိုဏ်းချုပ် "ယန်စူချင်း" တို့ဟာ စီးပွားပြိုင်ဘက်၊ ဂိုဏ်းပြိုင်ဘက်တွေ ဖြစ်ကြတဲ့အပြင် သိုင်းပညာချင်းလည်း မကြာခဏ ယှဥ်ပြိုင်လေ့ရှိကြပါတယ်။
သူတို့နှစ်ဦးရဲ့ ပြိုင်ပွဲဟာ ၈ ကြိမ်တိတိ ရှိလာတဲ့အထိ ဘယ်သူကမှ အသာစီးမရခဲ့ကြတဲ့အတွက် "ချူကင်းလီ" က "ငရဲကျွန်း" က ပန်းစကြာဘွားဘွား "အိကွမ်း" ထံမှာ တပည့်ခံပြီး သိုင်းစွမ်းမြင့်မားလာဖို ကြိုးစားတဲ့အခါ "ယန်စူချင်း" ကလည်း အားကျမခံဘဲ "အရိုးကွဲတောင်" က စေတလုံးပိုင်ရှင် "ဘိုးဘိုးဆုရန်" ထံမှာ တပည့်ခံဖို့ ကြိုးစားခဲ့ပါတယ်။
"ချူကင်းလီ" ရဲ့သမီး "ချူယိယီ" နဲ့ "ယန်စူချင်း" ရဲ့သား "ယန်ချီချင်း" တို့ကတော့ ဖခင်တွေနဲ့ ဆန့်ကျင်စွာ သံယောဇဥ်ငြိတွယ်လာခဲ့ကြပြီး "ချူကင်းလီ" ဟာ ပန်းစကြာဘွားဘွား "အိကွမ်း" ထံမှာ သိုင်းပညာသင်ကြားခွင့်ရဖို့ သမီးဖြစ်သူ "ချူယိယီ" ရဲ့အသက်ကို "ငရဲကျွန်း" မှာ "နဂါးကြီး" ကို ယစ်ပူဇော်ဖို့ ပေးအပ်ခဲ့ရတဲ့အတွက် "ချူယိယီ" နဲ့ "ယန်ချီချင်း" တို့ ထွက်ပြေးခဲ့ကြပါတယ်။
ဒါပေမဲ့ မလွတ်မြောက်ခဲ့ကြဘဲ "ချူယိယီ" က "ငရဲကျွန်း" ကို ပါသွားခဲ့သလို ပန်းစကြာဘွားဘွား "အိကွမ်း" ရဲ့ အဆိပ်အပ် ထိမှန်သွားတဲ့ "ယန်ချီချင်း" ဟာလည်း အဖိုးအို "ပိုးဟွမ်" နဲ့ ရုပ်ဆိုးမလေး "ပိုးယု" တို့ရဲ့ကယ်တင်မှုကြောင့်သာ အသက်ချမ်းသာ ရခဲ့ပါတယ်။
အဲဒီနောက် "ယန်ချီချင်း" နဲ့ ရုပ်ဆိုးမလေး "ပိုးယု" တို့ဟာ "ငရဲကျွန်း" ကို လိုက်သွားပြီး "နဂါးကြီး" ကို တိုက်ခိုက်ကာ "ချူယိယီ" ကို ကယ်တင်ခဲ့ပေမယ့် "အတိုင်းမသိ" အတွင်းအားတိုးဆေး ခိုးယူသောက်သုံးပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့သူ အရှေ့ကျွန်းမင်းသား "ဖန်ချိရှန်" က "ချူယိယီ" ကို ဖမ်းဆီးသိမ်းပိုက်ခဲ့တာကြောင့် "ယန်ချီချင်း" တစ်ယောက် ကံဆိုးစွာ အသည်းကွဲခဲ့ရပါတယ်။
ကံကောင်းပြန်တော့လည်း "ယန်ချီချင်း" ဟာ "ဖန်ချိရှန်" နဲ့ တိုက်ခိုက်ရင်း ချောက်ထဲပြုတ်ကျကာ အသက်မသေခဲ့တဲ့အပြင် နတ်ဓါး "ဆုကန်" ရဲ့ သိုင်းကျမ်းစာအုပ်ကို ရရှိခဲ့ပါတယ်။
တချိန်တည်းမှာပဲ "ယန်ချီချင်း" ရဲ့ ဖခင်ဖြစ်သူ "မိုးနဂါး" ဂိုဏ်းချုပ် "ယန်စူချင်း" ဟာ "အရိုးကွဲတောင်" မှာ "ဘိုးဘိုးဆုရန်" ကို သွားရောက်ရှာဖွေရင်း တောင်ကျွန်းဘီလူး "ထင်ပေါက်" ရဲ့ "ဘီလူးသွေးသိုင်းကျမ်း" ကို မမျှော်လင့်ဘဲ ရရှိသွားခဲ့ပြီး အကျင့်လွဲကာ "သွေးစုပ်လူသတ်ကောင်" ဖြစ်သွားခဲ့တာကြောင့် သိုင်းလောကလူဆိုးကြီးဖြစ်လာတဲ့ "ယန်စူချင်း" နဲ့ "ယန်ချီချင်း" တို့ သားအဖ ထိပ်တိုက်တွေ့ကြတဲ့အခါ ... ။
📚 ၃ အုပ်တွဲ