"နှင်းဘုရင်မ" ကို ပိုးပန်းသူ ဝိုင်းဝိုင်းလည်နေတဲ့ သိုင်းလောကသားတွေထဲမှာ ဆရာတူညီအစ်ကိုတွေဖြစ်ကြတဲ့ "အမွေးနက်တစ္ဆေ"၊ "ငရဲတစ္ဆေ" နဲ့ "တစ္ဆေတမန်" တို့လည်း အပါအဝင်ဖြစ်ပြီး "နှင်းဘုရင်မ" က "တစ္ဆေတမန်" ကို ရွေးချယ်လက်ထပ်ခဲ့တာကြောင့် မစားရတဲ့အမဲ သဲနဲ့ပက်ချင်တဲ့ သိုင်းလောကသားတွေက "တစ္ဆေတမန်" တို ဇနီးမောင်နှံကို ရန်ငြိုးထားခဲ့ကြပါတယ်။
"တစ္ဆေတမန်" တို့ ဇနီးမောင်နှံဟာ "လျူကြန်းဝင်" အမည်ရှိ သမီးတစ်ဦးမွေးဖွားခဲ့ပြီးနောက် "နှင်းဘုရင်မ" ရဲ့အချစ်ကို မရခဲ့တာကြောင့် နာကျည်းနေတဲ့ "ငရဲတစ္ဆေ" ဟာ လက်စားချေတဲ့အနေနဲ့ "လျူကြန်းဝင်" ကို ခိုးယူပြီး သူ့ရဲ့ "ငရဲဂိုဏ်း" ကို ခေါ်သွားခဲ့တဲ့အတွက် သမီးသေဆုံးသွားပြီအထင်နဲ့ ပူဆွေးနေကြတဲ့ "တစ္ဆေတမန်" တို့ ဇနီးမောင်နှံဟာ နောက်ထပ်မွေးလာတဲ့ သားလေးကိုလည်း "လျူကျန်းဝင်" လို့ပဲ အမည်ပေးခဲ့ပါတယ်။
အဲဒီနောက် "ငရဲတစ္ဆေ" ဟာ "တစ္ဆေတမန်" တို့ ဇနီးမောင်နှံအမည်နဲ့ သိုင်းဂိုဏ်းပေါင်းစုံထံ စိန်ခေါ်စာအတုရေးသားပြီး "ငရဲတောင်ထိပ်" မှာ ချိန်းဆိုရန်တိုက်ပေးခဲ့တဲ့အတွက် နဂိုကတည်းက အငြိုးထားနေကြတဲ့ သိုင်းလောကသားတွေရဲ့ လက်ချက်နဲ့ ဇနီးမောင်နှံနှစ်ယောက်လုံး ချောက်ထဲပြုတ်ကျသွားခဲ့ပါတယ်။
နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့ပြီးနောက် မိဘမျိုးရိုး မသိရဘဲ သိုင်းလောကသားတွေရဲ့ ဝိုင်းဝန်းအနိုင်ကျင့်မှုအောက်မှာ ခြေထောက်တစ်ချောင်းကျိုးပြီး ဒုက္ခိတဘဝနဲ့ ကြီးပြင်းလာရတဲ့ "လျူကျန်းဝင်" ဟာ "ထွဋ်ခေါင်အဓိပတိသိုင်းကျမ်း" နဲ့ "ရတနာသိုက်" ရှိပေမယ့် ဝင်သွားသူတိုင်း ပြန်ထွက်မလာနိုင်တာကြောင့် "ပြန်လမ်းမဲ့ဂူ" လို နာမည်ကြီးနေတဲ့ "ငရဲတံခါးဂူ" ထဲကို ဖြစ်ချင်ရာဖြစ် ဝင်ရောက်သွားခဲ့ရာက "ငရဲဂိုဏ်း" သား "စံကုခင်း" နဲ့တွေ့ပြီး "လေတိမ်ချိုင်းထောက်" သိုင်းပညာ သင်ကြားခွင့်ရခဲ့သလို "ရတနာသိုက်မြေပုံ" ပါဝင်တဲ့ "ငွေပလွေ" လည်း ရခဲ့ပါတယ်။
အဲဒီနောက် "လျူကျန်းဝင်" ဟာ သိုင်းဝိဇ္ဇာ "ခေါင်းဘီလူး" အပါအဝင် "ငွေပလွေ" ကို လုယက်တိုက်ခိုက်ကြတဲ့ သိုင်းလောကသားတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ယပ်တောင်သိုင်းသမား "ယဥ်ချီစန်း" နဲ့ ဝတ်ရုံနီမိန်းကလေး "ရှယုမန်" တို့က သူ့ဘက်က ကူညီပေးခဲ့ကြတာကြောင့် အသက်ရှူချောင်ခဲ့သလို ဦးရီးတော် "အမွေးနက်တစ္ဆေ" နဲ့ ဆုံတွေ့ပြီးနောက်မှာတော့ သူ့ဘဝဖြစ်စဥ်ကို သိလာရရုံသာမက အစ်မဖြစ်သူ ငရဲဧကရီ "လျူကြန်းဝင်" နဲ့လည်း ပြန်ဆုံခဲ့ပါတယ်။
"လျူကျန်းဝင်" ဟာ "ငွေပလွေ" မှာပါတဲ့ မြေပုံလမ်းညွှန်အတိုင်း ပထမငရဲဂိုဏ်းချုပ်ကြီး "ကင်းကွေ့ကိုယ်တော်" ရဲ့ "ထွဋ်ခေါင်အဓိပတိသိုင်း" ကို သင်ကြားခွင့်ရပြီး "ငရဲဂိုဏ်း" ရဲ့ စတုတ္ထမြောက် ဂိုဏ်းချုပ်ဖြစ်လာခဲ့ပေမယ့် မှတ်ဉာဏ်ကောင်းစေတဲ့ "မြစိမ်းရည်" ကို သောက်ခဲ့ရတာကြောင့် အတွင်းအားတွေ ပျောက်ဆုံးနေချိန်မှာ ရန်သူတော်ကြီး "ငရဲတစ္ဆေ" က "လိပ်ပြာကူး စိတ်ညှို့ပညာ" နဲ့ "လျူကြန်းဝင်" ရဲ့ချစ်သူ ယပ်တောင်သိုင်းသမား "ယဥ်ချီစန်း" ကို ညှို့ယူအသုံးချပြီး "တစ္ဆေတမန်" တို့ ဇနီးမောင်နှံကို ချောက်တွန်းခဲ့စဥ်ကအတိုင်း "လျူကျန်းဝင်၊ လျူကြန်းဝင်" မောင်နှမကိုလည်း သိုင်းလောကသားတွေနဲ့ ရန်တိုက်ပေးခဲ့ပြန်ပါတယ်။
သိုင်းလောကသားတွေ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ကူကယ်ရာမဲ့နေတဲ့ "လျူကျန်းဝင်၊ လျူကြန်းဝင်" မောင်နှမကို "နန်ဟိုင်ဂိုဏ်း" က သခင်မလေး "လူယုလင်" နဲ့ အဆိပ်ဒေဝီ "လီတွေးဝှာ" တို့က ကယ်တင်ပေးခဲ့ပြီး နန်ဟိုင်ဂိုဏ်းချုပ်ကြီး "လူကင်းချိ" နဲ့ သိုင်းကွက်ချင်း ယှဥ်ပြောရာမှာ "လျူကျန်းဝင်" အနိုင်ရခဲ့တဲ့အတွက် အဖိုးတန် "ရွဲရင်ဟန်" ဆေးသောက်သုံးခွင့်ရခဲ့ပြီး အတွင်းအားတွေ အထိုက်အလျောက် ပြန်ရခဲ့ပါတယ်။
အဲဒီနောက် "လျူကျန်းဝင်" ဟာ အတွင်းအားတွေ မူလအတိုင်းပြန်ရဖို "နှစ်တရာကြာပွင့်သီး" ကို ရှာဖွေရင်း ဥာဏ်ကြီးရှင်သိုင်းသမား "ရွှရော့ချင်း" ထံက "တာမိုသိုင်းပညာ" ကို ဆက်ခံရရှိခဲ့သလို မသေဘဲ ပြန်တွေ့ခဲ့ရတဲ့ မိခင်ဖြစ်သူ နှင်းဘုရင်မ "အိုလန်" က သေမင်းနီသမားတော်ကြီး "ယမ်" ထံ လမ်းညွှန်ပေးခဲ့တာကြောင့် ခြေထောက်ပြန်ကောင်းသွားခဲ့တဲ့အပြင် "နှစ်တရာ ကြာပွင့်သီး" ကို စားရပြီး အတွင်းအားလည်း ပုံမှန်ပြန်ရလာခဲ့တဲ့အခါမှာတော့ ... ။
📚 ၃ အုပ်တွဲ