"ကျုံးစန်း" စံအိမ်ရှင် "စိန်ချင်း" ဟာ သိုင်းလောကသားတွေ တပ်မက်မောတဲ့ "ရတနာသိုက်မြေပုံ" ကို ရရှိခဲ့တာကြောင့် ဇနီးမောင်နှံ နှစ်ဦးလုံး အသက်ဆုံးရှုံးခဲ့ရတဲ့အပြင် တစ်ဦးတည်းသော သမီးလေး "စိန်အင်းဟန်" မှာလည်း ဝိုင်းဝိုင်းလည်နေတဲ့ ရန်သူတွေကြားမှာ ဦးရီးတော် ခုနစ်စင်ကြယ်ဓါးသမား "ဝူချမ်ရိ" နဲ့အတူ ထွက်ပြေးခဲ့ရပါတယ်။
"ရတနာသိုက်" ရဲ့ လျှို့ဝှက်လင်္ကာ ကို သိရှိထားတဲ့ "စိန်အင်းဟန်" ကို "မိုးနမ်းဂိုဏ်း"၊ "ဟွာစန်းဂိုဏ်း"၊ "စွန်လွန်ဂိုဏ်း"၊ "ဘီလူးဂိုဏ်း" စတဲ့ဂိုဏ်းတွေအပြင် "ရှောင်လင်ဂိုဏ်း"၊ "ဝူတန်ဂိုဏ်း"၊ "ဝေါ်မေဂိုဏ်း"၊ "ချင်စိန်းဂိုဏ်း" စတဲ့ အဖြူရောင်ဂိုဏ်းတွေကလည်း ခြေရာခံလိုက်နေကြတာကြောင့် အမြဲတမ်း အန္တရာယ်ဝိုင်းနေခဲ့ရပြီး "နတ္ထိတောင်ကုန်း" က လူငယ်လေး "ဝူလုံလိ" ရဲ့ ကူညီစောင့်ရှောက်ပေးမှုကြောင့် "စိန်အင်းဟန်" တစ်ယောက် အသက်ရှူချောင်ခဲ့ရပါတယ်။
မြည်းလိမ္မာကလေး "မဟူရာ" ရဲ့ ပိုင်ရှင်ဖြစ်သူ "ဝူလုံလိ" ဟာ "စိန်အင်းဟန်" ကို အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ပေမယ့် "ရတနာသိုက်မြေပုံ" ကို လိုချင်သူတွေကလည်း အဆမတန် များပြားလာတဲ့အခါ နောက်ဆုံးမှာတော့ "စိန်အင်းဟန်" ဟာ "ရတနာသိုက်" ရဲ့ "လျှို့ဝှက်လင်္ကာ" ကို မိုးနမ်းဂိုဏ်းချုပ် "ချိုင်တာ့မူ" ကို ဖွင့်ပြောပြခဲ့ရပြီး အပြန်အလှန်အနေနဲ့ မိုးနမ်းဂိုဏ်း ရဲ့ "နဝရတ်သိုင်းကျမ်း" ကို "ဝူလုံလိ" ရဲ့ အကူအညီနဲ့ လေ့လာသင်ယူခွင့် ရခဲ့ပါတယ်။
"စိန်အင်းဟန်" ဟာ စဥ်းစားဆင်ခြင်ဉာဏ်နည်းပါးပြီး တစွတ်ထိုး လုပ်ကိုင်တတ်ပေမယ့် ရတနာသိုက် "လျှို့ဝှက်လင်္ကာ" ကိုတော့ "ချိုင်တာ့မူ" ကို အပြည့်အစုံ ပြောမပြခဲ့ဘဲ စကားလုံးတချို့ ပြောင်းလဲပြောဆိုခဲ့တာကြောင့် "ချိုင်တာ့မူ" လည်း "အဆင့်မြင့်သိုင်းပညာ"၊ "အတွင်းအားတိုးဆေး"၊ "ရှားပါးပစ္စည်း" နဲ့ "လျှို့ဝှက်ချက်" တွေရှိတယ်လို သိုင်းလောကမှာ သတင်းကြီးနေတဲ့ "ရတနာသိုက်" ကို ဘယ်လိုမှ ရှာမတွေ့နိုင် ဖြစ်ခဲ့ရပါတယ်။
အဲဒီနောက် "ဝူလုံလိ" နဲ့ "စိန်အင်းဟန်" တို့ဟာ ချစ်သူတွေဖြစ်သွားကြပေမယ့် အရာရာမှာ သိုသိပ်လျှို့ဝှက်လွန်းတဲ့ "ဝူလုံလိ" ကို "စိန်အင်းဟန်" က မကြာခဏ လမ်းခွဲသွားလေ့ရှိပြီး တစ်ကြိမ်မှာတော့ "ဝူလုံလိ" အူပြတ်အဆိပ်မိနေစဥ် သူ့ကိုကယ်တင် ကုသပေးခဲ့တဲ့ မိန်းကလေး "စန်းထင်ဖိန်" နဲ့ "ဝူလုံလိ" တို့ ငြိစွန်းသွားခဲ့ပါတယ်။
အဆိပ်မိနေခဲ့တဲ့ "ဝူလုံလိ" ဟာ ကံကောင်းထောက်မစွာ "အပြုံးသမားတော်" နဲ့ ဆုံတွေ့ခဲ့တာကြောင့် အသက်ချမ်းသာရခဲ့ပြီး သူ့ရဲ့ ဘဝဇစ်မြစ်ကို သိရှိရဖို့ ချစ်သူ "စိန်အင်းဟန်" နဲ့အတူ "လျှို့ဝှက်လင်္ကာ" အတိုင်း "ရတနာသိုက်" ကို လိုက်လံရှာဖွေနေစဥ် အဆိပ်ဘုရင် "ကျင့်ရိချင်း" က "စိန်အင်းဟန်" ကို ဖမ်းဆီးသွားခဲ့တဲ့အတွက် လူချင်းကွဲကွာသွားခဲ့ကြပြန်ပါတယ်။
အဲဒီနောက်မှာတော့ "ဝူလုံလိ" လည်း ကိုယ်ဝန်ရှိနေတဲ့ "စန်းထင်ဖိန်" ကို တာဝန်ယူ လက်ထပ်ခဲ့ပြီး "လျှို့ဝှက်လင်္ကာ" အရ ဆက်လက်ရှာဖွေခဲ့ရာမှာ "ရတနာသိုက်" တည်ရှိရာ "ကိုးထပ်လိုဏ်ဂူ" ကို ရောက်ရှိသွားခဲ့ကာ ဖခင်ဖြစ်သူရဲ့ တပည့်ရင်းတွေဖြစ်တဲ့ "ဘီလူးကိုးဖော်" နဲ့ ဆုံတွေ့ခဲ့သလို ချစ်သူ "စိန်အင်းဟန်" နဲ့လည်း ပြန်ဆုံခဲ့ပါတယ်။
နောက်ဆုံးမှာ "ဝူလုံလိ" ဟာ သိုင်းလောကမှာ သတင်းကြီးနေတဲ့ "ရတနာသိုက်" ဟာ သူ့ဘဝနဲ့ တိုက်ရိုက်သက်ဆိုင်နေမှန်း တွေ့ရှိလာရပြီး အဆိပ်ဘုရင် "ကျင့်ရိချင်း"၊ နတ္ထိတောင်ကုန်း သိုင်းသမား "ကျန့်ချင်းရိ"၊ "သံယောဇဥ်သိုင်းသမား" နဲ့ ရွှေစောင်းရှင် "ဝမ်ဖမ်း" တို့ရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ရန်ငြိုးအရှုပ်တော်ပုံတွေကို သိလိုက်ရတဲ့အခါ ... ။
("ရဲမင်းဟိန်း" ရဲ့ "နတ္ထိတောင်ကုန်းမှ သိုင်းသမား"၊ ၅ အုပ်တွဲ သိုင်းစာစဥ်ဟာ "တက္ကသိုလ်ဝင်းကြွယ်" ရဲ့ "ဓါးသူဇာ၏ ချစ်ကံကြမ္မာ"၊ ၇ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဇာတ်လမ်း ဇာတ်ကွက် အတူတူပဲ ဖြစ်ပါတယ်။ "တက္ကသိုလ်ဝင်းကြွယ်" ရဲ့ "ဓါးသူဇာ၏ ချစ်ကံကြမ္မာ" ကို ၁၉၈၅ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်)
📚 ၅ အုပ်တွဲ