ဖိုးပြုံးချို "လုဟိုင်" အပါအဝင် သိုင်းလောကထိပ်သီး ၆ ယောက်ရဲ့ လက်ချက်နဲ့ မိခင် "မေ့ရှမ်းကျင့်" သေဆုံးသွားပြီးနောက် "ပိုင်ရိချီ" တို သားအဖဟာ လူယုံတော် "ကျူးစု" နဲ့အတူ "နေမင်းတောင်ထိပ်" အနီးက ထင်းရှူးတောထဲမှာ လာရောက် တိမ်းရှောင်နေထိုင်ခဲ့ပေမယ့် ရန်သူတွေက ခြေရာခံ လိုက်လံတိုက်ခိုက်တဲ့အတွက် ဖခင်ဖြစ်သူ "ပိုင်ယင်စိမ်း" နဲ့ "ကျူးစု" တိုလည်း သေဆုံးသွားခဲ့ရပါတယ်။
တကိုယ်တည်း ဖြစ်နေတဲ့ လူငယ်လေး "ပိုင်ရိချိ" ကို "ကျောက်စိမ်းဓါးသမား" က ကယ်တင်ကာ တပည့်အဖြစ် သိုင်းပညာသင်ပေးခဲ့ပြီး သူ့ရဲ့ ရန်သူတော် "ဝူတန်" ဂိုဏ်းသား "ဝူချင်း" ကို လက်စားချေဖို တာဝန်ပါ ပေးခဲ့တဲ့အတွက် "ပိုင်ရိချိ" လည်း လက်စွဲတော် "ဝိညာဥ်မဲ့ပုလွေ" နဲ့အတူ သိုင်းလောကထဲ ရောက်လာခဲ့ပါတယ်။
ခရီးရောက်မဆိုက်မှာပဲ မိန်းကလေး "ယဲ့ယုံ" ကို သိုင်းထိပ်သီး ၆ ယောက်ရဲ့ "အမိန့်ပေးတံဆိပ်ပြား" ပြပြီး အတင်းအကျပ် လက်ထပ်ခိုင်းနေတဲ့ "သဲနီစံအိမ်" က သံလက်ဝါး "စွန်းကျင်း" တို လူစုကို နှိမ်နင်းခဲ့ရာက "ပိုင်ရိချိ" တစ်ယောက် အချိန်တိုတိုနဲ့ သိုင်းလောကထဲ နာမည်ရလာခဲ့သလို သူ့ရဲ့ "ဝိညာဥ်မဲ့ပုလွေ" ကို လုယက်ချင်တဲ့ ရန်သူတွေလည်း အများအပြား ရှိလာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကံအားလျော်စွာ "ပိုင်ရိချိ" ဟာ ဆရာဖြစ်သူ "ကျောက်စိမ်းဓါးသမား" ရဲ့ ဇနီး အဖွားအို "လင်ယိချင်း" ကို ရှာတွေ့ခဲ့တာကြောင့် မိန်းကလေး "ယဲ့ယုံ" ကို "လင်ယိချင်း" ထံ အပ်နှံထားခဲ့ပြီး သူကတော့ မိဘသွေးကြွေးကိုဆပ်ဖို သူတော်ကောင်းဟန်ဆောင်ထားတဲ့ "သိုင်းလောကထိပ်သီး ၆ ယောက်" နဲ့ ရင်ဆိုင်ခဲ့ပါတယ်။
ပြည်မသိုင်းသမားတွေဟာ ထိပ်သီး ၆ ယောက်ရဲ့ အကြောင်းကို မသိကြတာကြောင့် ပိုင်ရိချိ သာ သိုင်းလောကလူဆိုးအဖြစ် အများနဲ့ တစ်ယောက် ဒုက္ခကြုံနေရချိန်မှာ ပြည်မထဲရောက်လာကြတဲ့ နယ်ခြားသိုင်းသမား "ဘီလူးထိပ်ခေါင်" ရဲ့ တပည့်တွေဖြစ်တဲ့ "ထင်းကျိ"၊ "မူမူ" နဲ့ "စစ်တုဖုန်း" တိုဟာ "ပိုင်ရိချိ" ကို ဝိုင်းဝန်းကူညီပေးကြပြီး အထူးသဖြင့် သူ့ကိုချစ်နေကြတဲ့ ကျောက်စိမ်းမင်းသမီး "စစ်တုဖုန်း" နဲ့ ဒေါင်းမင်းသမီး "ရှောင်ယိလန်" တိုက ကာကွယ် စောင့်ရှောက် ပေးခဲ့ပါတယ်။
ဒီလိုနဲ့ "ထိပ်သီး ၆ ယောက်" ရဲ့ မတရားမှုတွေကို ဖော်ထုတ်ဖိုအရေးဟာ သိုင်းပညာထူးချွန်ဖို လိုအပ်တဲ့အပြင် သက်သေအထောက်အထား ပါရှိနေဖို လိုအပ်နေတာကို နားလည်သွားတဲ့ "ပိုင်ရိချိ" ဟာ သူ့မိဘတွေကို လုပ်ကြံခဲ့တဲ့အကြောင်း ဖော်ပြထားတဲ့ "မြောက်ပိုင်းအဆိပ်နှစ်ဖော်" က သိုင်းထိပ်သီး ဖိုးပြုံးချို "လုဟိုင်" ထံပေးပိုတဲ့ စာတစ်စောင်ကို အရယူဖို ကြိုးစားရင်း "အဆိပ်ဘုရင်" ရဲ့ "သက်ခြွေလက်နက်ပုန်း" ထိမှန်ခံခဲ့ရပြီးနောက် ... ။
("မောင်နှင်းဆွေ" ရဲ့ "သွေးတစ္ဆေနှင့်သိုင်းပုလွေ"၊ လုံးချင်းသိုင်းစာစဥ်ဟာ "မောင်နှင်းဆွေ" ပဲ ရေးသားခဲ့တဲ့ "ထင်းရှူးတောမှ ပုလွေသံ"၊ ၇ အုပ်တွဲ သိုင်းစာစဥ်ကို ပြန်လည် အနှစ်ချုပ်ထားတာ ဖြစ်ပါတယ်။ "ထင်းရှူးတောမှ ပုလွေသံ" ကို ၁၉၈၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "သွေးတစ္ဆေနှင့်သိုင်းပုလွေ" ကိုတော့ ၂၀၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။)
📚 လုံးချင်း