"လျှူကျားကျေးရွာ" က သမားတော်ကြီး "လျှူဟောက်လင်" တစ်ယောက် တောစပ်မှာ ဒဏ်ရာနဲ့လဲနေတဲ့ "ချင်းချိန်ဂိုဏ်း" က "စင်ရသေ့" ကို ကယ်တင်ကုသပေးခဲ့မိရာက "စင်ရသေ့" ရဲ့ ရန်သူတော် "မယ်ယက္ခ" ရဲ့ ရန်ငြှိးထားမှုကိုခံခဲ့ရပြီး သမားတော်ကြီးတို လင်မယားနှစ်ဦးလုံး အသတ်ခံခဲ့ရပါတယ်။
သမားတော်ကြီး "လျှူဟောက်လင်" ရဲ့သား "လျှူဟူစမ်း" ကတော့ အသက်ဘေးက ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဖခင်ရဲ့ နောက်ဆုံးမှာကြားချက်အတိုင်း ဖခင်ရဲ့ မိတ်ဆွေဖြစ်သူ "သေမင်းကမ်းပါး" က ဆံဖြူမယ်တော် "လင်းလင်းဝါ" ထံမှာ သွားရောက်နေထိုင်ကာ သိုင်းပညာသင်ယူခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဖခင်ဖြစ်သူ သမားတော်ကြီး "လျှူဟောက်လင်" နဲ့ ဆံဖြူမယ်တော် "လင်းလင်းဝါ" တို့ဟာ ငယ်ချစ်ဟောင်းတွေဖြစ်ကြသလို "ဆံဖြူမယ်တော်" ရဲ့ သမီး "လင်းလင်းဝေ" ဟာလည်း သူ့ရဲ့ အဖေတူအစ်မ ဖြစ်ကြောင်း "လျှူဟူစမ်း" သိလာခဲ့ရပါတယ်။
ဒီလိုနဲ့ တစ်ရက်မှာတော့ "လျှူဟူစမ်း" နဲ့ "လင်းလင်းဝေ" တိုဟာ ရွက်သင်္ဘောပေါ်မှာ သိုင်းပညာလေ့ကျင့်နေကြရင်း မုန်တိုင်းမိပြီး သင်္ဘောနစ်မြုပ်သွားတဲ့အတွက် ကျွန်းတစ်ကျွန်းပေါ်မှာ ရက်အတန်ကြာ သောင်တင်နေခဲ့ကြပါတယ်။
ကံကောင်းချင်တော့ ငယ်စဥ်ကတည်းက ဆေးပညာတတ်မြောက်ထားခဲ့သူ "လျှူဟူစမ်း" တစ်ယောက် အဲဒီကျွန်းပေါ်မှာ "ချင်ပြည်နယ်" မင်းသမီး "ချင်နွမ်း" ရဲ့ "သေတမ်းစာ"၊ "သိုင်းကျမ်း" နဲ့ "ဆေးကျမ်း" ကို တွေ့ရှိရတဲ့အတွက် သိုင်းပညာရော၊ ဆေးပညာပါ အလွန်ထူးချွန်လာခဲ့ပါတယ်။
ပင်လယ်ထဲ ရွက်လွှင့်နေတဲ့ "ချင်ပြည်နယ်" က စစ်သူကြီး "မားလျှံ" ရဲ့အကူအညီနဲ့ "လျှူဟူစမ်း" တို့ သေမင်းကမ်းပါးကို ဘေးမသီ ရန်မခ ပြန်ရောက်လာခဲ့ကြပြီးနောက် "ဆံဖြူမယ်တော်" က "လျှူဟူစမ်း" ကို သိုင်းလောကထဲ စေလွှတ်ပြီး အသီးသီးကွဲပြားနေတဲ့ သိုင်းလောကသားတွေကို စုစည်းညီညွတ်အောင် ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့ပါတယ်။
အဲဒီအချိန်မှာ မွန်ဂိုတွေက တရုတ်ပြည်ကို ကျူးကျော်သိမ်းပိုက်နေချိန်ဖြစ်တာကြောင့် "ပီကင်းဧကရာဇ်" ရဲ့ သားတော်၊ အိမ်ရှေ့စံ "လင့်ဟူ" နဲ့ သူ့ရဲ့ မျိုးဆက်တွေက လူယုံတော်ကြီး "ဝမ်ကုန်းကုန်း" နဲ့ပူးပေါင်းပြီး နယ်ချဲ့တွေကို တိုက်ထုတ်ဖို့ အင်အားစုစည်းနေချိန် ဖြစ်ပါတယ်။
သိုင်းလောကကို ရောက်ရောက်ချင်းမှာ "လျှူဟူစမ်း" ဟာ "ချင်းချိန်ဂိုဏ်း" ကို သွားရောက်ပြီး "စင်ရသေ့" ရဲ့ အဖြစ်အပျက်ကို သတင်းပို့ပြောဆိုကာ " စင်ရသေ့" ယူဆောင်လာတဲ့ "ခွဲခြမ်းစိပ်ဖြာသိုင်းပညာကျမ်း" ကို ပြန်လည်အပ်နှံခဲ့တဲ့အတွက် "ချင်းချိန်ဂိုဏ်းချုပ်ကြီး" က "လျှူဟူစမ်း" ကို တပည့်အဖြစ် သဘောကျ လက်ခံသင်ကြားပေးခဲ့ပါတယ်။
အဲဒီနောက် "လျှူဟူစမ်း" ဟာ "ချိုဆန်းတောင်သိုင်းပြိုင်ပွဲ" ကို အကြောင်းပြုပြီး သိုင်းဂိုဏ်းများစွာကို မဟာမိတ်ဖွဲ့ စုစည်းနိုင်ခဲ့သလို အိမ်ရှေ့စံ "လင့်ဟူ" ရဲ့ မြေးတော်ဖြစ်တဲ့ မင်းသမီးလေး "လင့်ဖုန်းဖုန်း"၊ လူယုံတော်ကြီး "ဝမ်ကုန်းကုန်း" တို့နဲ့လည်း ပူးပေါင်းမိခဲ့ပါတယ်။
"လျှူဟူစမ်း" အတွက် အင်အားပိုမိုတိုးပွားလာစေတာက ချင်ပြည်နယ် မင်းသား "ချင်ချင်း" နဲ့ စစ်သူကြီး "မားလျှံ" တို့ကပါ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာခဲ့ကြတာဖြစ်ပြီး အထူးသဖြင့် သူ့အပေါ် မေတ္တာတိမ်းညွတ်နေတဲ့ မွန်ဂိုစစ်သူကြီး "ချောင်ဖု" ရဲ့သမီး "သန်းဖုံး" ရဲ့ အကူအညီတွေ ရလာတဲ့အခါ ... ။
📚 ၄ အုပ်တွဲ