"သွေးသောက်ငါးဖော်" ဖြစ်ကြတဲ့ "မုယုံချန်ချင်း"၊ "စင်းရန်"၊ "ကျူးယု"၊ "ကျိယင်း" နဲ့ "လွေဝါးဖန်" တို့ဟာ အများအကျိုးဆောင်ရွက်နေကြတဲ့ အဖြူရောင်သိုင်းသမားကြီးတွေဖြစ်ကြပါတယ်။
သိုင်းလောက ခေါင်းဆောင်တစ်ဦးဖြစ်လည်းတဲ့ "သွေးသောက်ငါးဖော်" အဖွဲ့ခေါင်းဆောင် "မုယုံချန်ချင်း" ကို အမည်မသိ အနက်ရောင်သိုင်းသမားတွေက လုပ်ကြံခဲ့ကြပြီးနောက် ကျန်ရစ်တဲ့ သွေးသောက်ညီအကိုတွေဟာ လုပ်ကြံမှုတရားခံကို ဖော်ထုတ်ဖို့နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြပါတယ်။
လုပ်ကြံမှုမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ "မုယုံချန်ချင်း" ရဲ့သားဖြစ်သူ "မုယုံယင်းစိမ်း" ကို "သွေးသောက်ငါးဖော်" ထဲက အမှတ်စဥ် ၃ "ကျူးယု" က ကယ်တင်စောင့်ရှောက်ကာ သိုင်းပညာသင်ပေးခဲ့ပြီးနောက် အရွယ်ရောက်လာတဲ့အခါ ဖခင်ရဲ့ ရန်ကြွေးကို စုံစမ်းဖို့ ဦးရီးတော်တွေဆီ စေလွှတ်ပေးခဲ့ပါတယ်။
ဒါကြောင့် "မုယုံယင်းစိမ်း" ဟာ ဦးရီးတော်တွေဖြစ်ကြတဲ့ အမှတ်စဥ် ၂ "စင်းရန်"၊ အမှတ်စဥ် ၅ "လွေဝါးဖန်" တို့နဲ့အတူ သိုင်းလောကထဲ လှည့်လည်စုံစမ်းရင်း ရန်သူတွေထဲပါဝင်ကြတဲ့ "အင်္ကျီစိမ်းဓားသမားအဖွဲ့" ခေါင်းဆောင် လက်ရှစ်ချောင်း "လီကျုံးချီ"၊ ကျန်းကျူးနယ် ဌာနမှူး "ချန်းမွန်ဖိုး" တို့ကို ဘီလူးမလေး "ရှောင်လျှံ" ရဲ့အကူအညီနဲ့ စတင်ခြေရာခံနိုင်ခဲ့ပါတယ်။
အဲဒီနောက် "မုယုံယင်းစိမ်း" ဟာ ရန်သူတွေကို အနီးကပ်စုံစမ်းဖော်ထုတ်ဖိုအတွက် "ချန်းဖို" အမည်နဲ့ "ချန်းမွန်ဖိုး" ထံမှာ တပည့်ခံခဲ့ရာမှာ ရန်သူတွေရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ "မြွေမင်းသမီး" က သူ့ကို မျက်နှာသာပေးခဲ့တာကြောင့် "မုယုံယင်းစိမ်း" အတုအဖြစ် ဦးရီးတော်တွေရဲ့ သံသယဝင်မှုကို ခံခဲ့ရသလို အခြား "မုယုံယင်းစိမ်း" တစ်ယောက်ကလည်း ထပ်မံပေါ်ပေါက်လာခဲ့တာကြောင့် အတု အစစ်ပြသနာဟာ ပိုမိုကြီးထွားလာခဲ့ပါတယ်။
ဒါပေမဲ့ "မုယုံယင်းစိမ်း" ဟာ သိုင်းပညာထူးချွန်တဲ့ လွင့်မျောပန်းသခင်မလေး "ယန့်ဖုန်းလိမ်" နဲ့ ဆုံတွေ့ခဲ့ရပြီးနောက် ရန်သူတွေဝိုင်းရံထားတဲ့ "မုယုံချန်ချင်း" ရဲ့ အိမ်ဂေဟာဟောင်းအတွင်း ဝင်ရောက်စုံစမ်းရှာဖွေနိုင်ခဲ့သလို အိမ်ဂေဟာဟောင်းထဲက ရရှိခဲ့တဲ့ "သေတမ်းစာ" နဲ့ အထောက်အထားသက်သေတွေအရ ဦးရီးတော် "စင်းရန်" တို့လူစုက "မုယုံယင်းစိမ်း" ကို "မုယုံချန်ချင်း" ရဲ့သားအဖြစ် အသိအမှတ်ပြုကာ သိုင်းပညာတွေ ထပ်မံသင်ကြားပေးခဲ့ပါတယ်။
အဲဒီနောက် "မုယုံယင်းစိမ်း" တို့ လူစုဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က "မုယုံချန်ချင်း" ကို လုပ်ကြံခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်သူ "ချားစုလန်" ကတဆင့် လုပ်ကြံမှုကို ဦးဆောင်သူဟာ ရှောင်လင်ဂိုဏ်း က "ထိုက်ထုံး" ဖြစ်ကြောင်း သိရှိလာခဲ့ကြပေမယ့် "ထိုက်ထုံး" ဟာ နာမည်ကြီး အဖြူရောင်သိုင်းသမား ဖြစ်တာကြောင့် သက်သေအခိုင်အမာရဖို့ ဆက်လက်ကြိုးစားခဲ့ကြပါတယ်။
တဖက်မှာလည်း သိုင်းလောကထဲမှာ "လွင့်မျောပန်းအဖွဲ့"၊ "ရာဇာသုံးပါးအဖွဲ့" နဲ့ "အမျိုးသမီးအဖွဲ့" တို့ဟာ အင်အားချင်းပြိုင်ဆိုင်လာကြပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ခိုက်နေကြချိန်မှာ "မုယုံယင်းစိမ်း" တို့ လူစုကတော့ အမည်မသိ ရန်သူတွေရဲ့လက်ကလွတ်မြောက်ဖို့ တစ်နေရာပြီး တစ်နေရာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ဒါပေမဲ့ တချိန်က "မုယုံချန်ချင်း" ရဲ့ ကျေးဇူးရှိဖူးတဲ့ တံငါသိုင်းသမား "ပေါက်ဟန်"၊ "တင်းနန်စန်း"၊ "ကျင်းကူညန်"၊ မီးဘုရင် "ဖန်ရှင်" စတဲ့ သိုင်းလောကသားတွေရဲ့ ဝိုင်းဝန်းကူညီပေးမှုနဲ့ အန္တရာယ်တွေကို ကျော်ဖြတ်နိုင်ခဲ့ကြသလို မိတ်ဖက် အင်အားအနည်းငယ်လည်း စုစည်းမိလာခဲ့ပါတယ်။
အဲဒီနောက် "မုယုံယင်းစိမ်း" ဟာ "လွင့်မျောပန်းအဖွဲ့"၊ "အမျိုးသမီးအဖွဲ့" တို့နဲ့ ပူးပေါင်းပြီး "ရာဇာသုံးပါးအဖွဲ့" ကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ရာမှာ အဆိပ်မိပြီး ပင်ကိုယ်စိတ်ပျောက်ခဲ့ရပေမယ့် ဖခင်ရဲ့ ကျေးဇူးရှိခဲ့ဖူးတဲ့ "ရာဇာသုံးပါး" အဖွဲ့သားတချို့က လျှို့ဝှက်ကူညီခဲ့ကြတာကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ ကျော် တိမ်မြုပ်နေတဲ့ ဖခင်ဖြစ်သူရဲ့ ဘဝဇာတ်ကြောင်းနဲ့ လျှို့ဝှက်ချက်ကို သိလိုက်ရတဲ့အခါ ... ။
📚 ၁၄ အုပ်တွဲ