အလွန်ထူးဆန်းတဲ့ "ဝတ်စုံဖြူဓါးသမား" ရဲ့ လက်ချက်နဲ့ သိုင်းထိပ်သီးအကျော်အမော်တွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရသလို "ကျိနန်းနယ်" က သိုင်းသမားတွေရဲ့ အကြီးအကဲ "ပေ့ဆန်းခုံး" ဟာလည်း မယှဥ်နိုင်ဘဲ သေဆုံးသွားခဲ့ပါတယ်။
ဒီအခါမှာ တပည့်ဖြစ်သူ "ဝူးပုချူး" က "ပေ့ဆန်းခုံး" ရဲ့ ညွှန်ကြားချက်အတိုင်း မြေးဖြစ်သူ "ဖန်ပို့" ကို ခေါ်ဆောင်ကာ "ဝတ်စုံဖြူဓားသမား" ကို ယှဥ်နိုင်မယ့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်တဲ့ "ရောင်စုံရွက်လှေပိုင်ရှင်" ထံ သွားရောက် အကြောင်းကြားနိုင်ခဲ့တာကြောင့် "ဝတ်စုံဖြူဓါးသမား" နဲ့ "ရောင်စုံရွက်လှေပိုင်ရှင်" တို့ "အရှေ့ပင်လယ်ကမ်းခြေ" မှာ ချိန်းဆို ယှဥ်ပြိုင်ကြပြီး "ရောင်စုံရွက်လှေပိုင်ရှင်" အနိုင်ရခဲ့ပါတယ်။
ဒါပေမဲ့ "ရောင်စုံရွက်လှေပိုင်ရှင်" က အတွင်းဒဏ်ရာရပြီး နောက်တစ်ရက်မှာ သေဆုံးသွားခဲ့သလို "ဝတ်စုံဖြူဓါးသမား" ကလည်း ၇ နှစ်အကြာမှာ ထပ်မံယှဥ်ပြိုင်ဖို့ ချိန်းဆိုသွားခဲ့တာကြောင့် "ရောင်စုံရွက်လှေပိုင်ရှင်" က သူ့ထက် သိုင်းပညာပိုတော်တဲ့ ပညာသင်ဘက်သူငယ်ချင်း "သိုင်းပါရဂူ" ထံ သွားရောက်သင်ယူဖို့ လူငယ်လေး "ဖန်ပို့" ကို စာတစ်စောင်ရေးကာ တာဝန်ပေးခဲ့တဲ့အတွက် "ဖန်ပို့" လည်း သိုင်းပါရဂူ "ကျူဖန်း" ကို လိုက်လံရှာဖွေခဲ့ပြီး ၂ နှစ်ခန့်အကြာမှာ တွေ့ရှိခဲ့ပါတယ်။
အဲဒီအချိန်မှာ သိုင်းလောက တဝှမ်းက လူငယ်သိုင်းသမား ၄၀ ဟာ လာမယ့်စိန်ခေါ်ပွဲမှာ "ဝတ်စုံဖြူဓါးသမား" နဲ့ ယှဥ်ပြိုင်ခွင့်ရဖို့အတွက် "ထိုက်စန်းတောင်" မှာ အချင်းချင်းယှဥ်ပြိုင်ပြီး အတော်ဆုံးဓါးသမားကို ရွေးချယ်ဖို့ ပြင်ဆင်နေတာကြောင့် သွေးထွက်သံယိုမှုကို တားဆီးချင်တဲ့ "ဖန်ပို့" က လူငယ်သိုင်းသမား ၄၀ ကို လိုက်လံယှဥ်ပြိုင်ခဲ့ပါတယ်။
အဲဒီအခါ တိုက်ခိုက်မှုတွေနဲ့ သွေးချောင်းစီးကာ သိုင်းလောကကို အင်အားယုတ်လျော့စေလိုတဲ့ "လျှို့ဝှက်ဂိုဏ်း" ကလည်း တချိန်က "ဖန်ပို့" နဲ့ ရင်းနှီးခဲ့ဖူးသူ မိတ်ဆွေဟောင်းတွေဖြစ်တဲ့ "သခင်မလေး"၊ "ပုလဲ"၊ "ဝေ့ပုထမ်း"၊ "လီထင်းဟုန်"၊ သံမဏိမြိုစား၊ "တံငါသည်သိုင်းသမား" တို့ကို အသုံးချပြီး "ဖန်ပို့" ကို အမျိုးမျိုး တားဆီးနှောင့်ယှက်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ "ဖန်ပို့" ရဲ့ အဖိုး "ပေ့ဆန်းခုံး" ဟာ "ဝတ်စုံဖြူဓါးသမား" ကို ရှုးနိမ့်ခဲ့ပြီးနောက် သူ့ရဲ့တပည့် ၇ ယောက်ကို သိုင်းဂိုဏ်းကြီး ၇ ဂိုဏ်းထံသွားရောက်သင်ကြားစေခဲ့တဲ့အတွက် "ဝတ်စုံဖြူဓါးသမား" ကို ယှဥ်နိုင်စွမ်းရှိတဲ့ "လူငယ်သိုင်းသမား ၇ ဖော်" အဖြစ် ထင်ရှားလာခဲ့ပေမယ့်လည်း "လျှို့ဝှက်ဂိုဏ်း" က လုပ်ကြံသတ်ဖြတ်ခဲ့ပြီး "ဖန်ပို့" အပေါ် အပြစ်ပုံချခဲ့ပါတယ်။
ဒါပေမဲ့ "လူငယ်သိုင်းသမား ၇ ဖော်" အထဲက အသက်မသေဘဲ ကျန်ရစ်သူ "ကုန်းစွန်းမုတိ" ရဲ့ သတင်းပေးပို့မှုနဲ့ အတွင်းသစ္စာဖောက် "စုပုဝိ" ကို "သိုင်းဂိုဏ်းကြီး ၇ ဂိုဏ်း" ရဲ့ ဂိုဏ်းချုပ်ကြီးတွေက ဖော်ထုတ်နိုင်ခဲ့ပြီး "ဖန်ပို" လည်း စွပ်စွဲခံရမှုတွေက လွတ်မြောက်လာသလို "ဘီလူးမီးသိုင်းသမား" ကတဆင့် "လျှို့ဝှက်ဂိုဏ်း" ရဲ့အကြောင်းကို သိလာရပြီး "ဝတ်စုံဖြူဓါးသမား" နဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ... ။
("မိုးကျော်သူ" ရဲ့ "ဓါးပညာဆိုသည်မှာ"၊ ၆ အုပ်တွဲ သိုင်းစာစဥ်ဟာ "ဝဏ္ဏအောင်" ရဲ့ "ဓါးမာယာ"၊ ၅ အုပ်တွဲ သိုင်းစာစဥ်နဲ့ အတူတူပဲဖြစ်ပြီး ဇာတ်ကောင် အမည်တွေနဲ့ ဇာတ်သိမ်းပုံအနည်းငယ်ပဲ ကွဲပြားပါတယ်။ "ဓါးမာယာ" ကို ၁၉၉၄ ခုနှစ်မှာ ပထမအကြိမ် ထုတ်ဝေခဲ့ပြီး "ဓါးပညာဆိုသည်မှာ" ကတော့ ၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။)
📚 ၆ အုပ်တွဲ