ဆိုးသွမ်းသောင်းကျန်းနေတဲ့ "နဂါးလေးဖော်" အဖွဲ့က နုတ်ထွက်ပြီး အေးအေးချမ်းချမ်း ဘဝသစ်ထူထောင်နေတဲ့ "ဝမ်းဟုန်" နဲ့ "မေရီ" တို့ ဇနီးမောင်နှံကို "နဂါးလေးဖော်" အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ "လီဟုန်" နဲ့ "လီပိုင်" တို့က လိုက်လံရှာဖွေ သတ်ဖြတ်ခဲ့ပေမယ့် သားဖြစ်သူ "ဝမ်းကိုကျင်း" ကိုတော့ မြင်းတစ်ကောင်ရဲ့ကျောပေါ်တင်ပေးပြီး မောင်းလွှတ်ခဲ့ပါတယ်။
"ရှားလုံတောင်" ပေါ်မှာ သိုင်းဂိုဏ်းချုပ် ၅ ယောက်ရဲ့ ကောက်ကျစ်စွာ ဝိုင်းဝန်းလုပ်ကြံမှုကို ခံခဲ့ရတဲ့ သိမ်းငှက်ဘုရင် "ရှုပ" နဲ့ အသက်ဘေးက လွတ်မြောက်လာတဲ့ "ဝမ်းကိုကျင်း" တို့ မမျှော်လင့်ဘဲ တွေ့ဆုံကြတဲ့အတွက် "ရှုပ" က "ဝမ်းကိုကျင်း" ကို မြေအောက်ခန်းထဲမှာ ၁၀ နှစ်တိတိ သိုင်းပညာ သင်ကြားပေးခဲ့ပြီး "သိမ်းငှက်သိုင်းသမား" အဖြစ် သူ့ရဲ့အမွေကို ဆက်ခံစေခဲ့ပါတယ်။
အဲဒီနောက် "ဝမ်းကိုကျင်း" ဟာ သိုင်းလောကထဲကို သိုင်းပညာမတတ်တဲ့ ကုန်သည်တစ်ဦးအဖြစ် ဝင်ရောက်လာခဲ့ပြီး ဆရာဖြစ်သူ "ရှုပ" ကို ဝိုင်းဝန်းလုပ်ကြံခဲ့ကြတဲ့ "ရွှေနဂါးဂိုဏ်း" အပါအဝင် ဂိုဏ်းကြီး ၅ ဂိုဏ်းကို စတင်ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့အကြံအစည်တွေကို အကောင်အထည် မဖော်ရသေးခင်မှာပဲ အဆိပ်ဘုရင် "စိမ်းထိကျင်း" ရဲ့ တပည့် "စိမ်းပေယဲ့" ရဲ့လက်ချက်နဲ့ အဆိပ်မိခဲ့ရတဲ့အတွက် "စိမ်းထိကျင်း" ရဲ့ မွေးစားသမီး "စိမ်းယဲ့လျှံ" က ကယ်တင် အဆိပ်ဖြေပေးခဲ့ပြီး သူတိုနှစ်ဦးလည်း ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။
အဲဒီအချိန်မှာ မမျှော်လင့်ဘဲ ဆရာဖြစ်သူ "ရှုပ" နဲ့ ရန်ငြိုးရှိနေတဲ့ သိုင်းပါရဂူ "ချီရီထက်" က "ဝမ်းကိုကျင်း" ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက် "ဝမ်းကိုကျင်း" လည်း "ချီရီထက်" ရဲ့ ရွက်လှေနဲ့ "အရှေ့ပင်လယ်ကျွန်း" ကို ပါသွားခဲ့ပြီး လမ်းခရီးမှာ "ချီရီထက်" ရဲ့သမီး "ချန်းချန်း" က ကြိုးစား ကယ်တင်ပေးပေမယ့် မလွတ်မြောက်ခဲ့ပါဘူး။
ကံကောင်းချင်တော့ " အရှေ့ပင်လယ်ကျွန်း" ကို မရောက်ခင် "ငါးမန်းနက်ဂိုဏ်း" ရဲ့ လက်ချက်နဲ့ ရွက်လှေပျက်စီးသွားရာက "ဝမ်းကိုကျင်း" တစ်ယောက် "ရှောင်ကျိကျွန်း"ကို မျောပါရောက်ရှိသွားခဲ့ပြီး အဖိုးအို "ယိုကျင်ပိ" နဲ့ "သိုင်းမင်းသမီး" တို့ရဲ့ သိုင်းပညာတချို့ရခဲ့တဲ့အပြင် လှေတစ်စင်းနဲ့ ပြည်မကို ချောချောမွေ့မွေ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "ဝမ်းကိုကျင်း" ဟာ သိမ်းငှက်သိုင်းသမားအဖြစ် လှုပ်ရှားရင်း သူ့လိုပဲ ဖခင်ရဲ့ သွေးကြွေးကို ပြန်ဆပ်ဖို့ ကြိုးစားနေတဲ့ "ပုချမ်းမင်း" ရဲ့သား "ပုရှောက်ယင်" နဲ့ မိတ်ဆွေဖြစ်သွားခဲ့ပါတယ်။
"ပုရှောက်ယင်" ရဲ့ဖခင် "ပုချမ်းမင်း" နဲ့ "ဝမ်းကိုကျင်း" ရဲ့ဆရာ "ရှုပ" တို့ဟာ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြသလို "ဝမ်းကိုကျင်း" နဲ့ "ပုရှောက်ယင်" တို့ဟာလည်း အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာကြပြီး ဂိုဏ်းကြီး ၅ ဂိုဏ်းရဲ့ မတရားတဲ့လုပ်ရပ်ကို အတူတကွ ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ ... ။
("မိုးကျော်သူ၊ ဝင်းထွဋ်အောင်" တို့ရဲ့ "ဆည်းဆာဓါးနှင့် သိမ်းငှက်သခင်"၊ ၄ အုပ်တွဲ သိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "ခုနစ်စဥ်ကြယ်ဓါး"၊ ၆ အုပ်တွဲသိုင်းစာစဥ်၊ "ဝဏ္ဏအောင်" ရဲ့ "မိုးသောက်နေဝင် သိုင်းသခင်"၊ ၄ အုပ်တွဲသိုင်းစာစဥ်တို့နဲ့ ဇာတ်ကောင်အမည်သာ ကွဲပြားပြီး ဇာတ်လမ်းဇာတ်ကွက် အတူတူပဲ ဖြစ်ပါတယ်။ "မိုးသောက်နေဝင် သိုင်းသခင်" ကို ၁၉၉၄ ခုနှစ်၊ "ခုနစ်စဥ်ကြယ်ဓါး" ကို ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "ဆည်းဆာဓါးနှင့် သိမ်းငှက်သခင်" ကိုတော့ ၂၀၀၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်)
📚 ၄ အုပ်တွဲ