တစ်ကောင်ကြွက်လူငယ်လေး "ရင်ကျင့်" ဟာ အတွင်းဒဏ်ရာရနေတဲ့ ဗေဒင်ဆရာအဖိုးအို "ကျန်ရှု" ရဲ့ အကူအညီတောင်းခံမှုကြောင့် ကျောက်စိမ်းပြားထည့်သွင်းထားတဲ့ "နံ့သာဖြူသေတ္တာ" လေးတစ်ခုကို "ဟိုလန်စန်း" တောင်၊ ကျောက်ဖြူလိုဏ်ဂူ က "ကျောက်ဖြူဆရာ" ဆီကို ပို့ပေးဖို့ ကတိပြုခဲ့ပါတယ်။
ဒါပေမဲ့ လမ်းခရီးမှာ ခါးပိုက်နှိုက်အဖိုးအို "ပေ့တလူ" က "နံ့သာဖြူသေတ္တာ" ကို ခိုးယူသွားခဲ့ပြီး အဆင့်ဆင့် လုယူခံခဲ့ရရင်း နောက်ဆုံးမှာ ကျင်းလိန်မြို့စားကြီး "ကောင်းဝါ" ရဲ့သမီး "ကောင်းကျက်" ဆီရောက်ရှိသွားခဲ့ပါတယ်။
စိတ်ကောင်းရှိသူ "ရင်ကျင့်" ဟာ "နံ့သာဖြူသေတ္တာလေး" ပြန်ရဖို့ ကြိုးစားခဲ့ရာမှာ သူ့ရဲ့ သိုင်းပညာဟာ အဆင့်နိမ့်လှတာကြောင့် မအောင်မြင်ခဲ့ပေမယ့် ခါးပိုက်နှိုက် အဖိုးအို "ပေ့တလူ" ထံက "လိုဟောင် အတွင်းအားကျင့်စဥ်" ကို ရေးသားထားတဲ့ "ပိုးပဝါ" တစ်ခုကိုတော့ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
"နံ့သာဖြူသေတ္တာလေး" ပြန်ရဖို့ ကြိုးစားနေတဲ့ "ရင်ကျင့်" ကို "ခတ်ပန်းဂိုဏ်း" က သူတောင်းစားကြီး "စီးမင်ကျူ" နဲ့ "ဝမ်းတုစန်း" တောင်က ယောဂီမယ်လေး "စုခိုယို" တို့က ဝိုင်းဝန်းကူညီပေးခဲ့ကြပေမယ့်လည်း အရာမရောက်ခဲ့ပါဘူး။
ဒီလိုနဲ့ တစ်ရက်မှာတော့ "ရင်ကျင့်" တစ်ယောက် မြို့စားဂေဟာထဲ ခိုးဝင်ရင်း သိုင်းပညာထက်မြက်သလောက် စိတ်ထားနူးညံ့လှတဲ့ စိတ်ဝေဒနာသည်မလေး "သက်တန့်" နဲ့ ဆုံတွေ့ခဲ့ရာက ထူးဆန်းတဲ့နေရာတစ်ခုမှာ လအတန်ကြာ အတူနေထိုင်ကြရင်း "ရင်ကျင့်" လည်း "သက်တန့်" ဆီက သိုင်းပညာသင်ကြားခဲ့ပါတယ်။
ဒါပေမဲ့ "သက်တန့်" ရဲ့ စိတ်ဝေဒနာဟာ ထူးခြားလှတာကြောင့် "ကောင်းကျက်" အဖြစ် မူလစိတ် ပြန်ဝင်လာချိန်မှာတော့ "ရင်ကျင့်" ကို မမှတ်မိတော့ဘဲ တိုက်ခိုက်ထွက်ခွာသွားခဲ့သလို "ကောင်းကျက်" ကို ချစ်ကြိုက်နေတဲ့ "လိုဟောင်နန်းတော်" က မင်းသားလေးကလည်း သူတို့နန်းတော်ရဲ့ အတွင်းအားပညာကို ခိုးယူလေ့ကျင့်တယ်လို စွပ်စွဲပြီး "ရင်ကျင့်" ရဲ့ သိုင်းပညာနဲ့ အတွင်းအားတွေ ဖျက်ဆီးပစ်ခဲ့ပါတယ်။
ကံကောင်းချင်တော့ "ထိုက်အိဂိုဏ်း" က "ချင်းတု" နဲ့ ထိပ်တန်းသိုင်းသမားတွေက "ရင်ကျင့်" ကို ကယ်တင်ကုသပေးခဲ့တဲ့အပြင် သိုင်းပညာသင်ကြားပေးခဲ့ပြီး သူတို့ရဲ့ မပြီးဆုံးသေးတဲ့ သိုင်းလောကတာဝန်တွေကို လွှဲပြောင်းပေးခဲ့တဲ့အခါ လိုဟောင်မင်းသားလေး၊ ရင်ကျင့်၊ သက်တန့် နဲ့ စုခိုယို တို့ရဲ့ လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟာ ... ။
("မိုးကျော်သူ" ရဲ့ "စိတ္တဇလိုဏ်ဂူသိုင်းပျိုဖြူ"၊ ၅ အုပ်တွဲသိုင်းစာစဥ်ဟာ "တက္ကသိုလ်နေလင်းအောင်" ရဲ့ "ခြောက်ဆယ့်လေးချက် ရွှေသိုင်းကွက်"၊ ၃ အုပ်တွဲသိုင်းစာစဥ်နဲ့ ဇာတ်ကောင်အမည်၊ ဇာတ်လမ်းဇာတ်ကွက်အချို့ကလွဲပြီး အတူတူပဲ ဖြစ်ပါတယ်။
"စိတ္တဇလိုဏ်ဂူသိုင်းပျိုဖြူ" ကို ၁၉၉၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "ခြောက်ဆယ့်လေးချက် ရွှေသိုင်းကွက်" ကို ၂၀၀၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။)
📚 ၅ အုပ်တွဲ