လျှို့ဝှက်မှုခင်းတွေကို စုံစမ်းဖော်ထုတ်လေ့ရှိတဲ့ နာမည်ကျော် မျက်ခုံးမွေး ၄ ခုရှင် "လုရှောင်ဖုန့်" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
"ငြိမ်းချမ်းရေးမြိုစားကြီး" ရဲ့ ဘဏ္ဍာတိုက်မှာ သိမ်းဆည်းထားတဲ့ သိန်း ၃၅၀ တန် ရတနာပစ္စည်းတွေဟာ ရုတ်တရက်ပျောက်ဆုံးသွားတဲ့အတွက် ထောက်လှမ်းရေးမှူး "သိမ်းငှက်လောက်ချစ်" နဲ့ အာမခံဌာန ၁၃ ခုက သိုင်းသမား ၁၀၃ ယောက်တို့ဟာ တပူတပြင်း စုံစမ်းခဲ့ကြပေမယ့်လည်း သဲလွန်စ ရှာမရတဲ့အပြင် သိုင်းသမား ၁၀၃ ယောက်ပါ ပျောက်ဆုံးသွားခဲ့ပြန်ပါတယ်။
ဒါကြောင့် "လောက်ချစ်" လည်း "လုရှောင်ဖုန့်" ကို အကူအညီတောင်းခဲ့ရပြီး တိုက်တိုက်ဆိုင်ဆိုင် "လုရှောင်ဖုန့်" ကလည်း မကြာသေးမီက ရွက်လှေတစ်စီးနဲ့ ပင်လယ်ပြင် ခရီးထွက်နေစဥ် ကျွန်းတစ်ကျွန်းပေါ်မှာ "ကျောက်သံ ပတ္တမြားတွေ" နဲ့ သိုင်းသမားတွေကို ထည့်သွင်းထားတဲ့ "သစ်သားရုပ်တု" အများအပြားကိုတွေ့ရှိခဲ့တာကြောင့် အဲဒီအမှုကို ဖြေရှင်းဖို ၁၅ ရက် အချိန်တောင်းပြီး ကျွန်းကလေးဆီ နောက်တစ်ကြိမ် သွားရောက်ခဲ့ပါတယ်။
အဲဒီ ကျွန်းကလေးပေါ်မှာ "အဘိုးလေး"၊ "ကုန်းကြူ" စတဲ့ ထိပ်တန်းသိုင်းသမားတွေနဲ့ "အမဲသားဟင်း"၊ "ဆာမန်း"၊ "ရှောင်ယို" စတဲ့ မိန်းမလှလေးတွေရှိနေပြီး "ဆာမန်း" နဲ့ သံယောဇဥ်ငြိတွယ်သွားခဲ့တဲ့ "လုရှောင်ဖုန့်" ကို သူတို့ရဲ့ "လျှို့ဝှက်အဖွဲအစည်း" ထဲကို ဝင်ဖို ကမ်းလှမ်းခဲ့ပေမယ့် "လုရှောင်ဖုန့်" က ငြင်းပယ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် "လုရှောင်ဖုန့်" တစ်ယောက် ကျွန်းကလေးဆီ ထပ်မံရောက်သွားတဲ့အခါ "လျှို့ဝှက်အဖွဲ" ထဲဝင်ဖို့ ချစ်သူ "ဆာမန်း" ကို ဖမ်းဆီးပြီး အကျပ်ကိုင်တာ ခံခဲ့ရသလို "ရတနာပစ္စည်း ဖောက်ထွင်းမှု" တရားခံဟာ "လုရှောင်ဖုန့်" ဖြစ်ကြောင်း သတင်းမှားဖြန့်ပြီး အကျပ်ကိုင်တာကိုလည်း ခံခဲ့ရပါတယ်။
ဒါပေမဲ့ အရာရာကို ခေါင်းငုံ့မခံတတ်တဲ့ "လုရှောင်ဖုန့်" ရဲ့ အကျင့်အတိုင်း "အဘိုးလေး" နဲ့ "ကုန်းကြူ" တို့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရင်း ထောက်လှမ်းရေးမှူး "သိမ်းငှက်လောက်ချစ်" က အရေးကြီးတဲ့ သဲလွန်စတစ်ခုကို သူမသေမီ လုရှောင်ဖုန့် ကို ပြောပြသွားတဲ့အခါ ... ။
("မိုးကျော်သူ" ရဲ့ "ကိုယ်ပျောက်သောသူ" ၊ ၂ အုပ်တွဲသိုင်းစာစဥ်ဟာ "တက္ကသိုလ်နေလင်းအောင်" ရဲ့ "သိန်း ၁၀၀ နှင့် သိုင်းသမား ၆၀"၊ ၂ အုပ်တွဲသိုင်းစာစဥ်နဲ့ ဇာတ်သိမ်းပုံ အနည်းငယ်ကွဲပြားပေမယ့် ဇာတ်လမ်းဇာတ်ကွက် အများစုကတော့ အတူတူပဲ ဖြစ်ပါတယ်။ "သိန်း ၁၀၀ နှင့် သိုင်းသမား ၆၀" ကို ၁၉၇၈ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "ကိုယ်ပျောက်သောသူ" ကတော့ ၁၉၉၄ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။)
📚၂ အုပ်တွဲ