"မိုးမြေဂိုဏ်း" က "မအိုမောင်နှံ" လို တင်စားခေါ်ဝေါ်ကြတဲ့ "ယီကျွင်း" နဲ့ "ဟွေးချုံး" တို့ဟာ လူသတ်ပြီး "တိမ်ခိုးလေထန် သိုင်းပညာကျမ်း" ကို ခိုးယူထွက်ပြေးသွားတဲ့ ဂိုဏ်းရဲ့ သစ္စာဖောက် "ကျန်းလိမ်" ကို နှိမ်နင်းဖို့အတွက် အဖိုးအို "ကျယွမ်း" ရဲ့ မွေးစားသားဖြစ်သူ "ရွှေမြွေငါးရှဥ့်ဖြူ" ရဲ့သွေးကို သောက်သုံးခွင့်ရထားတဲ့ "တာ့လီ" နယ်သား လူငယ်လေး "ရှောင်မင်း" ကို ရွေးချယ်ပြီး သိုင်းပညာ သင်ကြားပေးခဲ့တဲ့အတွက် "ရှောင်မင်း" တစ်ယောက် သူမသိသေးတဲ့ သူ့ဘဝရဲ့ ဇစ်မြစ်ကို စုံစမ်းဖို့အပြင် "ကျန်းလိမ်" ကို ရှာဖွေသုတ်သင်ဖို့ပါ တာဝန်ထပ်တိုးလာခဲ့ပါတယ်။
အဖိုးအို "ကျယွမ်း" မသေဆုံးမီမှာ ပြောပြထားခဲ့တဲ့ သဲလွန်စတွေအရ "ရှောင်မင်း" ဟာ ထူးဆန်းစွာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ကြတဲ့ လေလှိုင်း "လီပဲ့ကျောင်း"၊ ပန်းမင်းသား "ပိုင်ရှောင်းဟုန်း"၊ နှင်းဖြူမယ် "ကျန်းလီကျွမ်း"၊ စန္ဒာမုန်းရသေ့ "ကူထိုက်ရွှီး" တို့ ပါဝင်တဲ့ "သင်္ဂဟလေးဖော်" နဲ့ ပတ်သက်နိုင်တယ်လို သူ့ကိုယ်သူ ယူဆခဲ့ပါတယ်။
ဒါပေမဲ့ အဖိုးအို "ကျယွင်း" အသေးစိတ်ချရေးထားတဲ့ "ဘဝမှတ်တမ်းစာ" က ပျောက်ဆုံးနေတာကြောင့် ဖြစ်နိုင်ချေတွေကိုပဲ အာရုံစိုက်စုံစမ်းရင်း "သင်္ဂဟလေးဖော်" ပျောက်ဆုံးမှုဟာ "မိုးထိဂိုဏ်း" နဲ့ "မြားပျံသယ်ယူပို့ဆောင်ရေးအဖွဲ့ချုပ်" တို့ရဲ့ လက်ချက်ဖြစ်နိုင်ကြောင်း သိလာရသလို သစ္စာဖောက် "ကျန်းလိမ်" ဟာလည်း "မိုးထိဂိုဏ်း" ရဲ့ ဂိုဏ်းချုပ်ဖြစ်နိုင်ကြောင်း သံသယရှိတဲ့အတွက် "မြားပျံ သယ်ယူပို့ဆောင်ရေးအဖွဲ့" ထံမှာ ခေါင်းဆောင်တစ်ဦးအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း ဆက်လက်စုံစမ်းခဲ့ပါတယ်။
"ရှောင်မင်း" ဟာ "မအိုမောင်နှံ" ရဲ့ " အမိန့်ပေး အမတသံပြားဝိုင်း" ကို အသုံးချပြီး မြောက်ပိုင်းကျားသစ် "စင်းကျန်း" နဲ့ မျက်နှာစိမ်းကျားရဲ "ကျိတုန်း" တို့ကို လက်ရုံးတွေအဖြစ် စုစည်းထားနိုင်ခဲ့သလို "မအိုမောင်နှံ" ရဲ့ မြေး "ယီသန်းဟုံ"၊ မြေးတပည့် မိုးပျံမယ် "ဟန်းမေ"၊ သွေးသောက်ညီအစ်မ သရဲအရိပ် "စုလျှံ" တို့လူစုရဲ့ အကူအညီနဲ့ အဖိုးအို "ကျယွမ်း" ရေးသားထားတဲ့ "ဘဝမှတ်တမ်းစာ" ကို ပြန်လည်ရယူ ဖတ်ရှုနိုင်ခဲ့ပါတယ်။
ဒါကြောင့် သူဟာ "သင်္ဂဟလေးဖော်" အထဲက ပန်းမင်းသား "ပိုင်ရှောင်းဟုန်း"နဲ့ နှင်းဖြူမယ် "ကျန်းလီကျွမ်း" တို့ရဲ့ သား "ပိုင်ရှောင်းယင်း" ဖြစ်ပြီး စန္ဒာမုန်းရသေ့ "ကူထိုက်ရွှီး" ရဲ့အကောက်ကြံမှုကြောင့် သူတို့မိသားစု ဒုက္ခကြုံခဲ့ရပုံ၊ "လီပဲ့ကျောင်း"၊ "ပိုင်ရှောင်းဟုန်း" နဲ့ "ကျန်းလီကျွမ်း" တို့ဟာ အသက်မသေသေးဘဲ ဆေးခတ် ဖမ်းဆီးခံနေရပုံတွေကို သိရှိလာခဲ့ရပါတယ်။
အဲဒီနောက် "မိုးထိဂိုဏ်း" ရဲ့ လက်ထောက်ဂိုဏ်းချုပ်အဖြစ် ရာထူးတိုးလာတဲ့ "ရှောင်မင်း" ဟာ "အာရုံထိန်းချုပ်ဆေး" တိုက်ကျွေးခံထားရတဲ့ မိဘနှစ်ပါးနဲ့ "လီပဲ့ကျောင်း" တို့ကို ပြန်လည်တွေ့ရှိခဲ့ရပြီး ကယ်တင်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေခဲ့ပါတယ်။
ဒီလို ရှာဖွေနေရင်း "ကူထိုက်ရွှီး" ကို မုန်းတီးနေတဲ့ "ကူထိုက်ရွှီး" ရဲ့ ဇနီးဟောင်း "ကျန်းယဲ့ဝေါ် " နဲ့ ဆက်သွယ်မိကာ အဖိုးတန် "တိမ်ခိုးလေထန် သိုင်းပညာကျမ်း" ရရှိခဲ့ပေမယ့် တဖက်ကလည်း သူ့အကြံအစည်ကို ရိပ်မိသွားတဲ့ "မိုးထိဂိုဏ်း" ဂိုဏ်းချုပ် "ကျန်းလိမ်" နဲ့ ဒုဂိုဏ်းချုပ် "ကူထိုက်ရွှီး" တို့ရဲ့ ထောင်ချောက်ဆင် ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။
"မိုးထိဂိုဏ်း" မှာ ဂိုဏ်းချုပ် နဲ့ ဒုဂိုဏ်းချုပ် လုပ်နေကြပေမယ့် ဒုစရိုက်သမားတွေပီပီ အချင်းချင်း အကောက်ကြံနေကြတဲ့ "ကျန်းလိမ်" နဲ့ "ကူထိုက်ရွှီး"၊ သူတို့နှစ်ဦး မသင့်မြတ်မှုကို အခွင့်ကောင်းယူပြီး "ရှောင်မင်း" ကို "သူခိုးလက် က သူဝှက်လု" ခဲ့တဲ့ တောင်ကျွန်းမိကျောင်း "ကူတုယိ"၊ "ရှောင်မင်း" ကို ကယ်ထုတ်ဖို ကြိုးစားနေတဲ့ ဇနီးလောင်း "ယီသန်းဟုံ" တို့ ဉာဏ်ကစားရင်း စွမ်းအားပြိုင်ကြတဲ့အခါ ... ။
📚 ၇ အုပ်တွဲ