သိုင်းလောကရဲ့ အနက်ရောင်လူဆိုးကြီး သွေးဘီလူးဟာ မိုင်တစ်ထောင်ဓါးသမား "ပြန့်ဟူ" ရဲ့ သမီး "နှင်းဆီ" ကို ချစ်မိပြီးတဲ့နောက် သိုင်းလောကကို စွန့်ခွာပြီး အေးအေးချမ်းချမ်း ဇာတ်မြှုပ်နေထိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့အတိတ်က လုပ်ရပ်တွေကြောင့် အဖြူရောင်သိုင်းလောကသားတွေက မယုံကြည်ကြတဲ့အပြင် "စုကျန်းနယ်" က သိုင်းသမားနှစ်ယောက်ဖြစ်တဲ့ "မင်းထင်းဟွာ" နဲ့ "စုမာလွေ" တို့က အဆိပ်နဲ့လုပ်ကြံခဲ့တာကြောင့် သွေးဘီလူးဟာ အသက်မသေခဲ့ပေမယ့် နှစ်ရှည်လများ အဆိပ်ဒဏ်ကို ခံစားခဲ့ရပါတယ်။
ဒါကြောင့် "သွေးဘီလူး" ဟာ စိတ်ထားကောင်းမွန်တဲ့ သိုင်းသမားလေး "ဝမ်းကျုံးစန်း" ကို တပည့်အဖြစ် သိုင်းပညာသင်ကြားပေးပြီး သိုင်းလောကကောင်းကျိုး ဆောင်ရွက်စေခြင်းအားဖြင့် သူ့ရဲ့ အတိတ်ကအပြစ်တွေကို ပေးဆပ်ခဲ့ပါတယ်။
"ဝမ်းကျုံးစန်း" ဟာလည်း စိတ်ထား အလွန်ကောင်းမွန်တဲ့ အဖြူရောင်သိုင်းသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ ချစ်သူ မိုးစွေငှက် "လျှံကျူး" ကို ရှားပါး "ကျောက်စိမ်း" လက်ဆောင်ပေးဖို့အတွက် "မြောင်နယ်" မှာ သွားရောက်ရှာဖွေရင်း "ရောင်စုံပန်း" အဆိပ်မိခဲ့ပါတယ်။
အဆိပ်မိသွားတဲ့ "ဝမ်းကျုံးစန်း" ကို အပြတ်ရှင်းဖို့ သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ "ပုယိုကျူး" က ကောက်ကျစ်စွာ ကြံစည်ခဲ့ပြီး "ဝမ်းကျုံးစန်း" သေဆုံးသွားပြီလို့ သိုင်းလောကမှာ သတင်းဖြန့်ရင်း တစ်ဖက်ကလည်း ကြေးစားလူသတ်သမားတွေ ငှားရမ်းကာ "လျှံကျူး" ကို တိုက်ခိုက်စေခဲ့ပါတယ်။
သူကိုယ်တိုင်ကတော့ မိုးစွေငှက် "လျှံကျူး" ကို ရန်သူတွေရဲ့လက်က ကယ်တင်ပေးပြီး ယုံကြည်အားကိုးမှုရအောင် လှည့်စား ဖန်တီးကာ နောက်ဆုံးမှာ "မိုးစွေငှက်" ကို သိမ်းပိုက်ခဲ့ပါတယ်။
ကံကောင်းထောက်မစွာ အဆိပ်ကြောင့် သေလုနီးပါးဖြစ်နေတဲ့ "ဝမ်းကျုံးစန်း" ကို ပျောက်စေသမားတော်ကြီး "ချာလုံ" က ကယ်တင်ပေးခဲ့ပေမယ့် အလုံးစုံ ပျောက်ကင်းအောင် မကုသနိုင်ခဲ့ဘဲ အသက်ရှင်သန်နေထိုင်လိုပါက သိုင်းပညာအသုံးမပြုဖို့ တားမြစ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ "ကောက်ကျင်းနယ်" မှာ နယ်စားကြီး "တန့်ရွှေ" ရဲ့ ထီးနန်းကို ညီဝမ်းကွဲ "တန့်ချောင်း" က လုယူ သိမ်းပိုက်ထားတဲ့အတွက် "တန့်ရွှေ" က နယ်စားရာထူးပြန်ရဖို ကြိုးစားနေချိန် ဖြစ်ပါတယ်။
"ကောက်ကျင်းနယ်စားကြီး" ရဲ့သမီးတော် "တန့်လျှံယု" ကတော့ နှလုံးအားနည်းရောဂါကို "ပျောက်စေသမားတော်ကြီး" ရဲ့ "အသက်ကယ်ခြံဝန်း" အတွင်း လာရောက်ကုသလျက်ရှိတာကြောင့် ရန်သူတွေက လိုက်လံလုပ်ကြံနေပြီး မတရားမှုမှာ လက်ပိုက်မနေသာတဲ့ "ဝမ်းကျုံးစန်း" က ကူညီကယ်တင်ရင်း ... ။
("ဘုန်းကြွယ်" ရဲ့ "ဆိုးမွေ ကောင်းမွေ သိုင်းတေလေ"၊ ၃ အုပ်တွဲသိုင်းစာစဥ်ဟာ "ဝဏ္ဏအောင်" ရဲ့ "သေရွာပြန်ဓါးသမား၏ လွမ်းဝိညာဥ်"၊ ၃ အုပ်တွဲစာစဥ်နဲ့ ဇာတ်လမ်း ဇာတ်ကွက် အတူတူပဲ ဖြစ်ပါတယ်။ စာရေးဆရာ Hotrod ကလည်း "ဝဏ္ဏအောင်" ရဲ့ "သေရွာပြန်ဓါးသမား၏ လွမ်းဝိညာဥ်" ကို ပြန်လည်ရေးသားထားတာ ရှိပါတယ်။
"ဘုန်းကြွယ်" ရဲ့ "ဆိုးမွေ ကောင်းမွေ သိုင်းတေလေ" ကို ၂၀၁၁ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။)
📚 ၃ အုပ်တွဲ