ဓါးပြကြီး "အေးစိမ့်ယက္ခ" ရဲ့ လက်ဝါးရိုက်ချက်ကြောင့် ငယ်စဥ်ကတည်းက အတွင်းဒဏ်ရာရနေခဲ့တဲ့ သူဌေးသား "ချင်းလင်း" ဟာ မိဘတွေ သေဆုံးသွားပြီးနောက် အိမ်ထိန်းကြီး "ကျိမူ" နဲ့အတူ နေထိုင်ရင်း ဒဏ်ရာရလာတဲ့ အမျိုးသမီးကြီး "ယွမ်ရှီ" ကို ကယ်တင်မိခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် "ယွမ်ရှီ" ကို လိုက်ရှာနေတဲ့ သမီးဖြစ်သူ "ယွမ်ချိုင်" ကိုလည်း ကယ်တင်မိခဲ့တာကြောင့် ဂိုဏ်းချုပ်ကြီး ၁၀ ဦးရဲ့လျှို့ဝှက်သိုင်းပညာတွေ ထိန်းသိမ်းထားရှိရာ "သိုင်းကဝိဂေဟာ" ကို ဖွင့်နိုင်တဲ့ "စိန်သော့" နဲ့ ပတ်သက်လာခဲ့ရပြီး သိုင်းပညာမတတ်ပါဘဲ သိုင်းလောက အရှုပ်အထွေးတွေကြားမှာ ပါဝင်လာခဲ့ရပါတယ်။
"ယွမ်ရှီ" သေဆုံးသွားပြီးနောက် "ချင်းလင်း" နဲ့ "ယွမ်ချိုင်" တို့ဟာ "ယွမ်ရှီ" ရဲ့ အရိုးအိုးကို "သေမင်းတောင်ကြား" က ပညာသင်ဘက် အစ်ကို "လူထူးဆန်း" ဆီ ့ပိုဆောင်ပေးနေစဥ် မင်းသားလေး "မွန်တိန်း" ဦးဆောင်တဲ့ "ကန္တာရဂိုဏ်း"၊ "စုယန်ကျူး" ဦးဆောင်တဲ့ "ဝူတန်ဂိုဏ်း"၊ "ပေသီး နဲ့ စုတ်တံ" သိုင်းသမားတွေဖြစ်တဲ့ "စမ်းပါ" နဲ့ "ဝူးယု"၊ "ဇင်ဖုန်းဂိုဏ်း" က "လူပု" နဲ့ "လူရှည်" တိုက "စိန်သော့" ကို ရယူဖို့ ကြိုးစားခဲ့ကြတဲ့အတွက် ရန်သူတွေရဲ့ရန်က လွတ်အောင်ကြိုးစားရင်း "ချင်းလင်း" တစ်ယောက် ချောက်ထဲပြုတ်ကျသွားခဲ့သလို "ယွမ်ချိုင်" လည်း ကန္တာရဂိုဏ်း က "ငွေပန်းမယ်" ရဲ့လက်ချက်နဲ့ မျက်စိကွယ်သွားခဲ့ပါတယ်။
ဒါပေမဲ့ "ချင်းလင်း" က အသက်မသေခဲ့ဘဲ မှိုတွေစားမိတဲ့အတွက် အတွင်းအားတိုးလာတဲ့အပြင် "ငွေမုတ်ဆိတ်"၊ "ကလောင်တံသိုင်းသမား" နဲ့ "ရိုယင်းကူ" တို့ဆီက သိုင်းပညာအမွေရခဲ့သလို "ယွမ်ချိုင်" ဟာလည်း "ငွေပန်းမယ်" ရဲ့ ပြန်လည်ကယ်တင်ပေးမှုကြောင့် မျက်စိ ပြန်မြင်လာရပြီး မင်းသားလေး "မွန်တိန်း" ရဲ့ ချစ်ကြိုက်မှုကိုပါ ရရှိခဲ့ပါတယ်။
အဲဒီနောက် "ချင်းလင်း" နဲ့ "ယွမ်ချိုင်" တို့ဟာ "စိန်သော့" ကိုရှာဖွေဖို "သက်တန့်ရေတံခွန်" ကို အသီးသီး ဦးတည်သွားနေကြစဥ် သိုင်းလောကကို လွှမ်းမိုးဖို့ကြိုးစားနေတဲ့ လျှို့ဝှက်အဖွဲ့က "ဝတ်စုံနီ မျက်နှာဖုံးရှင်" ရဲ့ တိုက်ခိုက်မှုကြောင့် "ချင်းလင်း" ဒဏ်ရာရရှိပြီး အချုပ်အနှောင်ခံခဲ့ရပေမယ့် သူ့ကို ချစ်နေတဲ့ မြောက်ပင်လယ်သိုင်းရာဇာ "စွေစိမ်း" ရဲ့ မြေး "စွေအင်း" က အကြိမ်ကြိမ် ကယ်တင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "ချင်းလင်း" နဲ့ "ယွမ်ချိုင်" တို့ဟာ "စိန်သော့" ကို ရှာဖွေတွေ့ရှိခဲ့ပေမယ့် သိုင်းကဝိဂေဟာကို ရှာမတွေ့သေးဘဲရှိနေချိန်မှာ "လျှို့ဝှက်အဖွဲ့" ကလည်း စိန်သော့ကို လုယူဖို့ ကြိုးပမ်းလာတာကြောင့် သိုင်းလောက မဟာမိတ်အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး "လျှို့ဝှက်အဖွဲ့" ကို နှိမ်နင်းဖို ကြိုးစားနေတဲ့ "မီးရှူးတောင်ကုန်း" ပိုင်ရှင် "ထင်းစုဖုံး" နဲ့ ပူးပေါင်းမိရာက "သိုင်းကဝိဂေဟာ" ကိုအသုံးချပြီး သိုင်းလောကမှာ အရှုပ်အထွေးတွေဖြစ်လာအောင် အကွက်ချ ကြိုးကိုင် ကြံစည်သူကို သိလာရတဲ့အခါ ... ။
("ဘုန်းကြွယ်" ရဲ့ "ကဝိဆယ်ဦး သိုင်းကျမ်းထူး"၊ ၃ အုပ်တွဲ သိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "အပယ်ခံနန်းတော်၏ လျှိဝှက်ချက်"၊ ၄ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဇာတ်ကောင်နာမည်တွေကလွဲပြီး အတူတူပဲ ဖြစ်ပါတယ်။ "ကဝိဆယ်ဦး သိုင်းကျမ်းထူး" ကို ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "အပယ်ခံနန်းတော်၏ လျှို့ဝှက်ချက်" ကိုတော့ ၁၉၈၀ ပြည့်နှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။)
📚 ၃ အုပ်တွဲ