အခက်ခဲဆုံး ပြသနာတွေကို ဖော်ထုတ်ဖြေရှင်းလေ့ရှိတဲ့ နာမည်ကျော် ဇာတ်ကောင် "ဆင့်ဆင့်အိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
"ထိုက်ပိုင်စန်းတောင်ခြေ" က "မြင်းခေါင်းခြံဝန်း" ပိုင်ရှင် သူဌေးကြီး "သံလက်ဝါး ချူးဝမ်းလီ" ဟာ သူ့ရဲ့ သမီးဖြစ်သူ "ရှမ်းယင်" ကို စီးပွားပြိုင်ဘက် "ဘီလူးလက်ဝါး ကျင်းပေချွမ်း" က ဖမ်းဆီးသွားတဲ့အတွက် ပြသနာတွေကို ဖြေရှင်းပေးဖို့ သိုင်းလောက မိတ်ဆွေတွေကို ဖိတ်ခေါ်အကူအညီတောင်းခဲ့ပါတယ်။
"ခြင်္သေ့ ရှောင်လေ" နဲ့ သူ့ရဲ့ မိတ်ဆွေ "ဆင့်ဆင့်အိ" တို့ဟာ "ချူးဝမ်းလီ" ရဲ့ ဖိတ်ခေါ်မှုကြောင့် "မြင်းခေါင်းခြံဝန်း" ကို ရောက်လာခဲ့ကြပြီး "ရှမ်းယင်" ကို "ကျင်းပေချွမ်း" ရဲ့ "ကန်သာယာဂေဟာ" က ပြန်လည် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ "သံလက်ဝါး ချူးဝမ်းလီ" က "ရှောင်လေ" နဲ့ "ဆင့်ဆင့်အိ" တို့ကို အသိမပေးဘဲ "ဘီလူးလက်ဝါး ကျင်းပေချွမ်း" ရဲ့ "ကန်သာယာဂေဟာ" ကို တိုက်ခိုက်ဖျက်ဆီးလိုက်ပြီးနောက်မှာတော့ သူတို့နှစ်ဦးရဲ့ကြားက ပြသနာတွေဟာ ထင်သလောက် မရိုးရှင်းမှန်း "ဆင့်ဆင့်အိ" တို့ သိရှိလာခဲ့ကြပါတယ်။
"ကျင်းပေချွမ်း" မသေဆုံးမီ ဖွင့်ဟပြောဆိုချက်အရ "ချူးဝမ်းလီ" ဟာ ဘိန်းလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်နေသူတစ်ယောက်ဖြစ်မှန်း "ဆင့်ဆင့်အိ" သိရှိလာခဲ့တဲ့အတွက် သက်သေနဲ့တကွ ဖမ်းမိနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အကောက်ဉာဏ်ကြီးမားလှတဲ့ "ချူးဝမ်းလီ" ရဲ့ အကြံအစည်တွေအောက်မှာ "ရှောင်လေ" ကိုယ်တိုင် ဘိန်းစွဲသွားတဲ့အခါ ... ။
("နန္ဒကျော်သူ" ရဲ့ "ဘီလူးလက်ဝါး သံလက်ဝါး"၊ ၄ အုပ်တွဲ [၂ အုပ်တွဲ] သိုင်းစာစဥ်ဟာ "မောင်နှင်းဆွေ" ရဲ့ "နဂါးပွက်ဓါးသမား"၊ ၂ အုပ်တွဲသိုင်းစာစဥ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။
"ဘီလူးလက်ဝါး သံလက်ဝါး" ကို ၁၉၈၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "နဂါးပွက်ဓါးသမား" ကို ၁၉၉၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်)
📚 ၄ ပိုင်း (၂ အုပ်တွဲ)