တရုတ်ပြည်ကို "မွန်ဂို" တွေ တိုက်ခိုက်သိမ်းပိုက်လာချိန်မှာ ဘုရင့်မယ်တော်ကြီး "ယန်စု" ဟာ နန်းတွင်း ဘဏ္ဍာတိုက်ထဲက "ရတနာ" မြောက်များစွာနဲ့အတူ "စစ်မြေပုံ"၊ "သေနင်္ဂဗျူဟာကျမ်း" တို့ကို လျှို့ဝှက်သိမ်းဆည်းပြီး မြေပုံကိုတော့ ကျောက်စိမ်းလက်ကောက် ၇ ကွင်းနဲ့အတူ သစ္စာရှိလူယုံ ၇ ယောက်ကို ခွဲဝေသိမ်းဆည်းစေခဲ့ပါတယ်။
နှစ်ပေါင်းအတန်ကြာ ကြာမြင့်ခဲ့ပြီးနောက် တရုတ်မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ "မိုးနဂါး" ဂိုဏ်းချုပ် "ကျင်းကွမ်ကျင့်" ဟာ မွန်ဂိုတွေရဲ့လက်ချက်နဲ့ သေဆုံးသွားတဲ့အတွက် သားဖြစ်သူ "ကျင်းယီ" လည်း ဖခင်ရဲ့ မှာကြားချက်အတိုင်း စုချွမ်းနယ်မြေခေါင်းဆောင် နဂါးခေါင်းကြီး "ယီချန်ဝှား" ထံ ခိုလှုံဖို့သွားခဲ့ပါတယ်။
"စုချွမ်း" နယ်ကို အသွား လမ်းခရီးမှာ ဓားပြတိုက်ခံနေရတဲ့ ခြင်္သေ့ခေါင်းကိုးလုံး" အာမခံဌာနပိုင်ရှင် "ချင်ဝူ" တို့အဖွဲ့ကို ဝင်ရောက်ကူညီပေးရင်း ခင်မင်ရင်းနှီးခဲ့ကြပြီး "စုချွမ်းနယ်" အရောက်မှာတော့ "ယီချန်ဝှား" ဟာ မွန်ဂိုတွေထံမှာ သစ္စာခံနေသူဖြစ်ကြောင်း သိရှိလိုက်ရတဲ့အတွက် "ကျင်းယီ" လည်း စိတ်ပျက်ထွက်ခွာလာခဲ့ပါတယ်။
တစ်ကိုယ်တည်းဖြစ်နေတဲ့ "ကျင်းယီ" ကို မိစ္ဆာနှစ်ဖော်လို့ နာမည်ကြီးတဲ့ မိစ္ဆာကြီး "စန်းမု" နဲ့ ယက္ခမယ်ကြီး "လိုဟို" တို့က တပည့်အဖြစ် အပြိုင်အဆိုင်သိမ်းသွင်းခဲ့ကြပြီး "ကျင်းယီ" လည်း မိစ္ဆာကြီး "စန်းမု" ထံမှာ "လမ်းလွဲအတွင်းအားပညာ" ကို မလွှဲမရှောင်သာ တပည့်ခံ သင်ယူခဲ့ရပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ "ကျင်းယီ" ဟာ "ကျင့်မင်တောင်" က လူထူးဆန်းကြီး "ဝမ်စု" ရဲ့ တပည့်ဖြစ်လာခဲ့ပြီး "စွယ်စုံသိုင်းကျမ်း" ထဲက လမ်းမှန်သိုင်းပညာကို သင်ယူနိုင်ခဲ့တာကြောင့် သူ့ကိုယ်ထဲက "လမ်းလွဲအတွင်းအား" တွေကို ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ နန်းတွင်းရတနာသိုက်မြေပုံကို ထိန်းသိမ်းထားတဲ့ သစ္စာရှိလူယုံ ၇ ဦးထဲက တစ်ဦးဖြစ်သူ "ကွမ်ပိန်" ရဲ့ မျိုးဆက်ဖြစ်တဲ့ "ကွမ်ယိ" ဟာ "နာမည်မဲ့ဘိုးဘိုး" အဖြစ် သိုင်းလောကမှာ ကျင်လည်နေပြီး သူ့ဆီမှာရှိတဲ့ "ကျောက်စိမ်းလက်ကောက်" တစ်ကွင်းကို အနက်ရောင်သိုင်းသမားတစ်ဦးဖြစ်တဲ့ "မျက်လေးလုံးရှင်" က ခိုးယူဖို့ ကြိုးစားခဲ့ပါတယ်။
"နာမည်မဲ့ဘိုးဘိုး" ဟာ "မိုးနဂါးဂိုဏ်း" ရဲ့ မျိုးဆက်ဖြစ်တဲ့ "ကျင်းယီ" ကို သဘောကျခဲ့တာကြောင့် ကြိမ်ဖန်များစွာကူညီခဲ့ပြီး သိုင်းပညာတချို့သင်ကြားပေးခဲ့တဲ့အပြင် ခြင်္သေ့ခေါင်းကိုးလုံး "ချင်ဝူ" ကလည်း "မိုးနဂါးဂိုဏ်း" ကို ပြန်လည်ထူထောင်ဖို့ တာဝန်ယူပေးခဲ့တာကြောင့် "ကျင်းယီ" လည်း "မိုးနဂါးဂိုဏ်းချုပ်" ဖြစ်လာခဲ့ပါတယ်။
အနက်ရောင်ထိပ်သီး "မျက်လေးလုံးရှင်" ဟာ ကျောက်စိမ်းလက်ကောက် "၇ ကွင်း" အနက် "၃ ကွင်း" ကို ရှာဖွေ ရယူထားပြီး ကျန်လက်ကောက် "၄ ကွင်း" ကို ရယူနိုင်ဖို့ အသည်းအသန်ကြိုးစားနေသလို ရတနာတွေကို "မွန်ဂို" တော်လှန်ရေးရန်ပုံငွေအဖြစ် အသုံးပြုချင်တဲ့ "ကျင်းယီ" ကလည်း ကျောက်စိမ်းလက်ကောက်တွေကို ရယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒီလိုနဲ့ "မျက်လေးလုံးရှင်" နည်းတူ နယ်ချဲ့မွန်ဂိုတွေနဲ့ ပူးပေါင်းပြီး ရတနာတွေကို ရှာဖွေနေကြတဲ့ လားမားကိုယ်တော်ကြီး "လုံးရှန်"၊ နဂါးခေါင်းကြီး "ယီချန်ဝှား" တို့ လူစု၊ သိုင်းလောကမှာ ဒုက္ခပေးနေတဲ့ ယက္ခစိမ်းရှင် "ဖုန်းရှန်" တိုလူစု နဲ့ "ကျင်းယီ" တို့လူစု ရင်ဆိုင်ကြရတဲ့အခါ ... ။
📚 ၁၀ အုပ်တွဲ