လက်တစ်ဖက်မသန်စွမ်းတဲ့ လူငယ်သိုင်းသမား "ကျင်းကို့" ဟာ ပညာစုံတဲ့အခါ ဆရာဖြစ်သူ လူထူးဆန်းကြီး "ချင်ထူနန်း" ရဲ့ တာဝန်ပေးချက်အရ သိုင်းလောကထဲကို ဆင်းလာပြီး "ဖြေရှင်းသူသိုင်းသမား" အဖြစ် ဒုစရိုက်သမားတွေကို နှိမ်နင်းခဲ့ပါတယ်။
"ကျင်းကို့" ဟာ သိုင်းလောကအရေးကိုသာ စိတ်ဝင်စားသူဖြစ်ပေမယ့် နန်းကျဘုရင်ကို နန်းပြန်တင်ဖို့ ကြိုးစားနေတဲ့ "ကျောက်ကွမ်းယင်" ဦးဆောင်တဲ့ အဖြူရောင် သိုင်းသမားတစ်စုကိုတော့ သိုင်းပညာနဲ့ အကူအညီပေးခဲ့ပြီး လိုအပ်တဲ့ ရန်ပုံငွေတွေလည်း ရှာဖွေပေးခဲ့ပါတယ်။
အဲဒီအချိန်မှာ သိုင်းလောကထဲမှာတော့ "လျန်းဂိုဏ်း"၊ "ခေါင်းပေါင်းနီဂိုဏ်း" နဲ့ "မရဏဂိုဏ်း" တို့ဟာ အလွန်ဆိုးသွမ်းနေတဲ့ အနက်ရောင်ထိပ်သီးဂိုဏ်းတွေဖြစ်ပြီး အဲဒီဂိုဏ်းတွေအပါအဝင် ဒုစရိုက်သမားတွေကို နှိမ်နင်းဖို့ "ကျင်းကို့" တစ်ယောက် စိတ်တူကိုယ်တူရှိတဲ့ အဆင့်မြင့်သိုင်းသမားတွေကို တဖြည်းဖြည်း စုဆောင်းခဲ့ရပါတယ်။
ဒီလိုနဲ့ သိုင်းလောကမှာ အမှန်တရားဘက်က ရပ်တည်ကြသူတွေဖြစ်တဲ့ "နဂါးသုံးကောင်"၊ "စီကျန့်"၊ "မိုးတိမ်ဒေဝီ"၊ "တိမ်မည်းသူဇာ" လီယွင်း၊ အဖိုးအို "ကောင်းဟို"၊ လူရိုင်းကြီး "မူခို"၊ မေးတိုင်းသိ ဆရာကြီး "ပါတာတောက်"၊ တိမ်တိုက်စီး "ဟိုင်လေ့စင်း"၊ ဆူးတင်းပုတ် "ဟေးဖန့်ကြည်"၊ "ကျားသစ်ညီနောင် ၃ ဖော်"၊ ရွှေဝတ်စုံ "ကျင်းပါ့"၊ လူပုသိုင်းသမား "ဝူဟန်"၊ ရွှေခြူးသိုင်းသမား "ကူချီလင်း" စတဲ့ အဆင့်မြင့်သိုင်းသမားတွေဟာ တစ်ယောက်ပြီးတစ်ယောက် "ကျင်းကို့" နဲ့ လက်တွဲပူးပေါင်းလာခဲ့ကြပါတယ်။
"ကျင်းကို့" ဟာ တစ်ဖွဲ့ချင်း၊ တစ်ဦးချင်းနေလေ့ရှိတဲ့ အဲဒီသိုင်းသမားတွေကို အစုအဖွဲ့တစ်ခုအဖြစ် စည်းရုံးရတဲ့အခါ ရန်သူသဖွယ် တိုက်ခိုက်ယှဥ်ပြိုင်ခဲ့ရတာမျိုးတွေ ရှိပေမယ့်လည်း နောက်ဆုံးမှာတော့ "ကျင်းကို့" ရဲ့ ဦးဆောင်မှုအောက်မှာ အားလုံး စုစည်းမိခဲ့ကြပါတယ်။
"ကျင်းကို့" ရဲ့ မိတ်ဆွေရင်းဖြစ်သူ "ကျောက်ကွမ်းယင်" ဟာလည်း "စစ်ဦးစီးမှူး" အဖြစ် လူသူလက်နက်စုဆောင်းမိခဲ့ပေမယ့် "ကျင်းကို့" ကတော့ နိုင်ငံရေးထဲ ဝင်မပါခဲ့ဘဲ သိုင်းလောကပြသနာတွေကိုပဲ သူ့အဖွဲ့နဲ့အတူ တစ်ခုပြီးတစ်ခု ရင်ဆိုင်ဖြေရှင်းပေးခဲ့ပါတယ်။
ဒါပေမဲ့ မရဏဂိုဏ်းချုပ်ကြီး "ဝမ်စုကွေ့" က "ကျောက်ကွမ်းယင်" ကို ဖမ်းမိသွားပြီး အကျပ်ကိုင်ဖို့ စီစဥ်တဲ့အခါမှာတော့ မနေသာတော့တဲ့ "ကျင်းကို" တို့ လူစုဟာ ... ။
📚 ၉ အုပ်တွဲ