"အကြမ်းပတမ်း ခရီးဆန်း" ဟာ တရုတ်ဂန္ထဝင်ဝတ္တုရှည်ကြီးဖြစ်တဲ့ Journey to the West (အနောက်ဘက်သို့ ခရီးသွားမှတ်တမ်း) ကို ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။
Journey to the West (အနောက်ဘက်သို့ ခရီးသွားမှတ်တမ်း) ကို တရုတ်ဘာသာနဲ့ "ရှီးယိုကျိ" လို့ ခေါ်ဆိုပြီး ကျော်ကြားတဲ့ တရုတ်ဂန္ထဝင်ဝတ္တုကြီး ၄ ပုဒ် ဖြစ်တဲ့ "သုံးပြည်ထောင်ခေတ်ဇာတ်လမ်းများ"၊ "အနောက်ဘက်သို ခရီးသွား မှတ်တမ်း"၊ "စိမ့်တောမြေမှ ဇာတ်လမ်း (သို့) စိမ့်တောမြေမှ ဝရမ်းပြေးများ" နဲ့ "ခန်းဆောင်နီအိပ်မက်" တို့ထဲက လူသိအများဆုံး ဝတ္ထုရှည်တစ်ပုဒ် ဖြစ်ပါတယ်။
ဒီဝတ္ထုကို "ယွမ်မင်းဆက်" လက်ထက်မှာ "ဝူချင်လင်" ဆိုတဲ့ စာရေးဆရာက ရေးသားခဲ့တယ်လို မှတ်တမ်းတချိုက ဆိုပေမယ့် ဘယ်စာရေးဆရာက ဘယ်အချိန်မှာ စတင်ရေးသားခဲ့သလဲ ဆိုတာနဲ့ပတ်သက်ပြီး ဝိဝါဒကွဲပြားမှုတွေတော့ ရှိနေပါတယ်။
အများစု လက်ခံထားကြတာကတော့ "ယွမ်မင်းဆက်" နှောင်းပိုင်း (A.D.1271-1368)၊ "မင်မင်းဆက်" ကနဦးကာလ ( A.D.1368-1644) မှာ "ယန်နာ"(Yang Ne) အမည်ရှိတဲ့ ပြဇာတ်ရေးဆရာက ပြဇာတ်အဖြစ် စတင်ရေးသားခဲ့ပြီး "မင်မင်းဆက်" လက်ထက်မှာ စာရေးဆရာ "ဝူချင်အင်း" (Wu Cheng En, A.D. 1500-1582) က ဝတ္ထုအဖြစ် စုစည်းရေးသားခဲ့တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် "အနောက်ဘက်သို ခရီးသွား မှတ်တမ်း" ဟာ စိတ်ကူးယဥ် ဝတ္ထုဇာတ်လမ်းသာဖြစ်ပြီး ရဟန်းတော် "ရွှင်ကျန်း" ကိုယ်တိုင်ရေးသားခဲ့တဲ့ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာရှအရှေ့အလယ်ပိုင်းနိုင်ငံများ ခရီးသွားမှတ်တမ်းနဲ့ တိုက်ရိုက်ပတ်သက်မှုတော့ မရှိခဲ့ပါဘူး။
သမိုင်းအထောက်အထားတွေအရ ရဟန်းတော် "ရွှင်ကျန်း" ဟာ ထန်မင်းဆက်ခေတ် ( A.D. 618-709) က အိန္ဒိယနိုင်ငံ၊ နာလန္ဒာတက္ကသိုလ်မှာ (၁၇)နှစ်ကြာ ဗုဒ္ဓကျမ်းဂန်တွေသင်ယူခဲ့ပြီးနောက် ထန်မင်းဆက် နန်းစိုက်ရာမြို့တော် (ယခု ရှီအန်း) ကို ပြန်လည်ရောက်ရှိခဲ့ပြီး အဘိဓမ္မာကျမ်း (၇၅)အုပ်၊ အခန်းပေါင်း (၁၃၃၅)ခန်းကို ဘာသာပြန်ဆိုခဲ့ပါတယ်။
ဒါကြောင့် ရဟန်းတော် "ရွှင်ကျန်း" ကို "ဆန်းချန်းဖာဆစ်" (ပိဋကတ်သုံးပုံ ဆရာတော်) လို့လည်း ခေါ်ဆိုကြပါတယ်။
ဝတ္ထုထဲမှာတော့ ရဟန်းတော် "ရွှင်ကျန်း" ကို "ထန်ဆင်း" အဖြစ် ဖန်တီးရေးသားခဲ့ပြီး "ကွမ်ရင်မယ်တော်"၊ "စွန်းဝူခုန်း"၊ "ကျူးပါကျဲ" စတဲ့ ဇာတ်ကောင်တွေ ပါဝင်လာခဲ့ပါတယ်။
📚 ၉ အုပ်တွဲ