လေလို ထိန်းချုပ်ရခက်ခဲပြီး မတရားမှုကို လက်ပိုက်ကြည့်မနေတတ်တဲ့ နာမည်ကျော် ဇာတ်ကောင် "လုံဆင်ပိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။ (ဒီစာစဥ်မှာတော့ "လုံဆင်ပိ" ကို "လုံချင်တိ" လို သုံးနှုန်းထားပါတယ်။)
"လိပ်ပြာရဲတိုက်" ဟာ နှစ်ပေါင်း ၃၀၀ တိုင် ကျော်ကြားလာခဲ့တဲ့ ရဲတိုက်တစ်ခုဖြစ်ပြီး သိုင်းလောကမှာ ဓါးပညာထူးချွန်ကြသူတွေဟာ "လိပ်ပြာရဲတိုက်" ကို စိန်ခေါ်တိုက်ခိုက်တဲ့နည်းလမ်းနဲ့ နာမည်ကျော်ကြားမှုကို ရှာဖွေလေ့ရှိကြပါတယ်။
ဒါပေမဲ့ နှစ်ပေါင်းရာချီကြာတဲ့တိုင်အောင် "လိပ်ပြာရဲတိုက်" ရဲ့ ဒုတိယအဆောင်ထဲကို ဘယ်သူမှ ကျော်ဖြတ်နိုင်ခြင်း မရှိကြဘဲ စိန်ခေါ်သူအပေါင်းရဲ့ လက်နက်တွေဟာ လိပ်ပြာရဲတိုက်ရဲ့ ဓါးသိုလှောင်ခန်းမှာ ထာဝရ ကိန်းအောင်းသွားခဲ့ကြရပါတယ်။
"လိပ်ပြာရဲတိုက်" ကို နောက်ဆုံး စိန်ခေါ်ခဲ့သူက "လူရေလ" အမည်ရှိ လူငယ်တစ်ဦးဖြစ်ပြီး သူဟာလည်း ဒုတိယအဆောင်ကို ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ သူ့ရဲ့ လက်စွဲတော် "သစ်သားဓါး" ဟာ ဓါးသိုလှောင်ခန်းမှာ အနားယူသွားခဲ့ရပါတယ်။
နောက် ၃ နှစ်အကြာ မိုးသည်းထန်တဲ့ တစ်ရက်မှာတော့ လူငယ်တစ်ယောက်ဟာ "လိပ်ပြာရဲတိုက်" ကို လျှပ်တပြက် ရောက်လာခဲ့ပြီး "သစ်သားဓါး" ကို ပြန်လည်လုယူသွားတဲ့အပြင် နောက်တစ်နှစ်အကြာမှာ လာရောက်ယှဥ်ပြိုင်ဦးမယ်လို့ စိန်ခေါ်သွားခဲ့ပါတယ်။
အဲဒီအဖြစ်အပျက်တွေ ဖြစ်ပွားပြီး သိပ်မကြာခင်မှာ "ဟန်ကျုံမြို့" က လှနတ်မယ် "ထန်ကြူကျင်" ဟာ "ကွမ်စီရင်" ဘုရားကျောင်းကို ဘုရားဖူးသွားနေစဥ် စာပေသမား "ချူစီလော်" ရဲ့ ပြန်ပေးဆွဲခြင်းကို ခံရပါတယ်။
"ချူစီလော်" က "ထန်ကြူကျင်" ရဲ့ဖခင်ဖြစ်သူ "ဆရာကြီးထန်" ကို ဖမ်းဆီး အကျပ်ကိုင်ပြီးလက်ထပ်ဖို့ ဖိအားပေးတာကြောင့် "ထန်ကြူကျင်" ရဲ့ အစ်ကိုဖြစ်သူ အရက်ချိုး "ထန်ကြူချန်" နဲ့ ချစ်သူဖြစ်သူ နှင်းဓါး "လုံချင်တိ" တို့ဟာ ကယ်တင်နိုင်ဖို့ အပြင်းအထန် ကြိုးစားကြရပါတော့တယ်။
ဒါပေမဲ့ "ချူစီလော်" ရဲ့ အကြံအစည်တွေကြားမှာ တိုက်ပွဲများစွာ ရင်ဆိုင်ခဲ့ရပြီး ဒဏ်ရာရ ပွဲပန်းနေကြတဲ့ "လုံချင်တိ" နဲ့ "ထန်ကြူချန်" တို့ဟာ အနိုင်ရဖို အသည်းအသန် ရုန်းကန်နေရချိန်မှာ ဝတ်စုံစိမ်း လူငယ်တစ်ယောက် ရုတ်တရက် ရောက်လာပြီး ... ။
📚 ၂ အုပ်တွဲ