လူငယ်လေး "ဆင်းတု" ဟာ ပညာသင်ဘက် "လူချီ" ရဲ့ အကောက်ကြံမှုကြောင့် ချောက်ထဲပြုတ်ကျသွားခဲ့ပေမယ့် ကံကောင်းထောက်မစွာ အသက်မသေခဲ့တဲ့အပြင် "ယင်စန်း" ဂိုဏ်းချုပ်ဟောင်း "ရီမွန်ချိ" ရဲ့ သိုင်းပညာကို ရရှိခဲ့သလို ရှားပါးပစ္စည်း ၃ မျိုးဖြစ်တဲ့ "ကျမ်းနက်"၊ "နဂါးပုလဲ" နဲ့ "ကျောက်စိမ်းကြေးမုံ" တိုကို ရှာဖွေပြီး ရန်သူတော်ကို ချေမှုန်းပေးဖို့ တာဝန်လည်း ရလာခဲ့ပါတယ်။
အဲဒီနောက် "ဆင်းတု" လည်း "ယင်စန်းဂိုဏ်း" ရဲ့ လက်ရှိ ဂိုဏ်းချုပ် "တုကုကျူး"၊ အမုန်းမိန်းကလေး "လိန်လိန်"၊ "ဘီလူးနန်းတော်" က "ငွေကိုယ်ရံတော်" တို့ရဲ့အကူအညီနဲ့ "နဂါးပုလဲ" နဲ့ "ကျောက်စိမ်းကြေးမုံ" ကို အခက်အခဲမျိုးစုံကြားက အရရှာဖွေနိုင်ခဲ့ပေမယ့် "ဆင်းတု" နဲ့ ဇနီးလောင်း "ချီလိုဖန်"၊ "လိန်လိန်" "ငွေကိုယ်ရံတော်"၊ "ယုယင်းကျူး"၊ ဘီလူးနန်းတော်သခင်မ "လီရှောက်ကြည်" စတဲ့ မိန်းမလှလေးတွေကြားမှာ မေတ္တာရေး အရှုပ်အထွေးတွေလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။
တချိန်တည်းမှာပဲ "ဆင်းတု" ဟာ သူ့ကို အကောက် ကြံခဲ့တဲ့ ရန်သူတော် "လူချီ" ကို ရှာတွေ့ခဲ့တာကြောင့် လက်တုံပြန်ဖို့ စဥ်းစားခဲ့ပေမယ့် အဲဒီအချိန်မှာ "လူချီ" က အဆိပ်မိနေခဲ့တဲ့အပြင် "လူချီ" ရဲ့ချစ်သူ "ပိယို" ကလည်း တောင်းပန်ခဲ့တဲ့အတွက် အသက်ချမ်းသာပေးခဲ့ပြီး အဆိပ်ကိုလည်း ကုသကယ်တင်ပေးခဲ့ပါတယ်။
ဒါကြောင့် နောင်တရသွားတဲ့ "လူချီ" ဟာ "ချီလု" အဖြစ်ရုပ်ဖျက်ပြီး "ဆင်းတု" ကို တိတ်တဆိတ်စောင့်ရှောက်ကာကွယ်ပေးခဲ့တာကြောင့် "ဆင်းတု" လည်း အန္တရာယ်မျိုးစုံ က အကြိမ်ကြိမ်လွတ်ခဲ့ရပြီး နောက်ဆုံးမှာ ရှားပါးပစ္စည်းဖြစ်တဲ့ "ကျမ်းနက်" ကို ရရှိခဲ့တဲ့အတွက် အဆင့်မြင့်သိုင်းပညာကို ဖော်ထုတ် လေ့ကျင့်နိုင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သူ့ဘဝဇာတ်ကြောင်းကို တဖြည်းဖြည်း သိလာခဲ့တဲ့ "ဆင်းတု" ဟာ သိုင်းလောကရဲ့ အမှောင်ထိပ်သီးတွေဖြစ်တဲ့ "ကျောက်စိမ်းမျက်နှာသိုင်းပါရဂူ" နဲ့ "ပန်းသုံးပွင့်ဒေဝီ" တို့နဲ့ ရင်ဆိုင်ရပြီး ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင်နေခဲ့ပြီးနောက် ... ။
( "တက္ကသိုလ်နေလင်းအောင်" ရဲ့ "သိုင်းအလင်္ကာကျမ်းမဟာ"၊ ၆ အုပ်တွဲ သိုင်းစာစဥ်ဟာ "တက္ကသိုလ်နေလင်းအောင်" ပဲ ရေးသားခဲ့တဲ့ "ခေါင်းတလားနှင့်ဓါးသိုင်းရှစ်ကွက်"၊ ၆ အုပ်တွဲ သိုင်းစာစဥ်၊ "ဝဏ္ဏအောင်" ရဲ့ "မေတ္တာကျေးကျွန် သိုင်းတံခွန်"၊ ၆ အုပ်တွဲ သိုင်းစာစဥ်တို့နဲ့ ဇာတ်လမ်းအနည်းငယ် ကွဲပြားပြီး ဇာတ်ကောင်အမည်တွေလည်း ကွဲပြားပေမယ့် တူညီတဲ့ ဇာတ်ကွက်တွေလည်း အများအပြားပါဝင်နေပါတယ်။)
📚 ၆ အုပ်တွဲ