"ပီကင်းမြို့" က စာပေသမား၊ သူဌေးသားလူငယ်လေး "ကွမ်လိန်" တစ်ယောက် အိမ်ဖော်လုလင် "မော်ရှမ်းဝေ" နဲ့အတူ "စစ်မိန်ချွန်း" တောင်တန်းကြီးဆီ အလည်အပတ် ခရီးထွက်ရင်း တောတွင်းတစ်နေရာက လူ ၁၅ ယောက် အစုလိုက် အပြုံလိုက် သေဆုံးနေတဲ့ အိမ်တစ်လုံးထဲ ရောက်ရှိသွားခဲ့ပါတယ်။
သိုင်းပညာကို အပျော်သဘောလောက်သာ သင်ယူဖူးတဲ့ "ကွမ်လိန်" ဟာ ရိုးသားဖြောင့်မတ်သူပီပီ ပိုင်ရှင်မဲ့အလောင်းတွေကို မြှုပ်နှံပေးနေရင်း "ရောင်စုံအင်္ကျီဝတ်" အဖိုးအိုတစ်ဦးက တိုက်ခိုက်လာတဲ့အတွက် "မော်ရှမ်းဝေ" က အသက်စွန့် ကာကွယ်ပေးခဲ့ပါတယ်။
သေဆုံးသွားပြီလို့ သူထင်နေခဲ့တဲ့ အလောင်း ၁၅ လောင်းထဲမှာ အသက်မသေဘဲ အတိတ်မေ့နေတဲ့ "အင်္ကျီဖြူဝတ်" သိုင်းသမားတစ်ယောက်က "ကွမ်လိန်" ကို "ရောင်စုံအင်္ကျီဝတ်" အဖိုးအို လက်က ကယ်တင်ပေးခဲ့ပြီး သူ့ဘဝအကြောင်း ပြန်သတိရလာအောင် စုံစမ်းပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။
"ကွမ်လိန်" နဲ့ "အင်္ကျီဖြူဝတ် သိုင်းသမား" တို့နှစ်ယောက် တောအုပ်ထဲက ပြန်ထွက်လာစဥ်မှာ အရိပ်မဲ့ဒေဝီ "လုရင်" အမည်ရှိ မိန်းကလေးနဲ့ ဆုံတွေ့မိပြီး သူရောက်ရှိခဲ့တဲ့ နေအိမ်ဟာ "စစ်မိန်ဂေဟာ" ဖြစ်ကြောင်းနဲ့ သေဆုံးနေတဲ့ သိုင်းသမားတွေဟာလည်း သိုင်းလောကရဲ့ ထိတ်ထိတ်ကြဲ သိုင်းသမားတွေဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။
အဲဒီနောက်မှာတော့ တောအုပ်အပြင်မှာ စောင့်ဆိုင်းနေကြတဲ့ သေဆုံးသူ ထိတ်ထိတ်ကြဲ သိုင်းသမားတွေရဲ့ တပည့်တွေနဲ့ တခြားသော နာမည်ကြီး သိုင်းသမားတွေက "ကွမ်လိန်" ကို "စစ်မိန်ဂေဟာ" အဖြစ်အပျက်တွေကို မေးမြန်းစုံစမ်းကြပြီး "စစ်မိန်ဂေဟာ" ထဲက "ကွမ်လိန်" ယူဆောင်လာမိတဲ့ "ကြေးပြားတွဲ" ကို သူတို့အချင်းချင်း တိုက်ခိုက်လုယက်ကြပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာ "ကြေးပြားတွဲ" ဟာ အတုတွေဖြစ်နေတာကို သိသွားကြတဲ့အတွက် အားလုံး လက်လျှော့ နောက်ဆုတ်သွားကြပြီး လုယက်တိုက်ခိုက်ကြသူတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ "ကျန်လုဂိုဏ်း"ရဲ့ ဂိုဏ်းချုပ် "ကုန်းစွန်းဘယ်ခြေ" က ကြေးပြားတွေရဲ့ လျှို့ဝှက်ချက်ကို "ကွမ်လိန်" ကို ပြောပြခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က လူထူးဆန်း "သိုင်းဧကရာဇ်ကြီး" တစ်ယောက်ဟာ သူ့ရဲ့ သိုင်းပညာတွေကို "ကြေးဝါပြား ၁၈ ပြား" ပါ ကြေးပြားတွဲတစ်ခုထဲမှာ ထည့်သွင်းထားခဲ့ပြီး "ကြေးပြားတွဲ အတု ၉ ခု" ကိုလည်း ပြုလုပ်ထားခဲ့တာကြောင့် သိုင်းလောကသားတွေဟာ ကြေးပြားတွေနောက် အလိုရမ္မက်ကြီးမားစွာ လိုက်ရှာနေကြတာဖြစ်ကြောင်း "ကွမ်လိန်" သိလိုက်ရပါတယ်။
"ကွမ်လိန်" ခေါ်ဆောင်လာတဲ့ အတိတ်မေ့နေတဲ့ "အင်္ကျီဖြူဝတ် သိုင်းသမား" ဟာ သိုင်းပညာအလွန်ထက်မြက်သူဖြစ်သလို သိုင်းလောကသားတွေကလည်း အလွန် ကြောက်ရွှကြတာကို တွေ့လိုက်ရပေမယ့် သူ့ရဲ့နောက်ကြောင်း ရာဇဝင်ကိုတော့ ဘယ်သူကမှ "ကွမ်လိန်" ကို ထုတ်ဖော်မပြောခဲ့ကြပါဘူး။
ဒါကြောင့် စာပေသမား "ကွမ်လိန်" ဟာ အားလုံးရဲ့ ရန်ရှာခြင်းကို ခံနေရတဲ့ အတိတ်မေ့သိုင်းသမား "အင်္ကျီဖြူဝတ်" ကို ကူညီပေးဖို့နဲ့ "စစ်မိန်ဂေဟာ" က အစုအပြုံလိုက် လူသတ်မှုကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက် သိုင်းသမားတွေ အတုထင်ပြီး စွန့်ပစ်ခဲ့တဲ့ ကြေးပြားတွေထဲက သိုင်းပညာတွေ ရလာတဲ့အခါ ... ။
📚 ၃ အုပ်တွဲ