သွေးကြောလွဲတဲ့ရောဂါ မွေးရာပါ ပါလာတဲ့ အမိမဲ့သားလေး "ယဲ့စီယံ" ဟာ ဖခင်ဖြစ်သူ "ယဲ့ချင်း" ရန်သူတွေရဲ့ ဝိုင်းဝန်းလုပ်ကြံခံရမှုကြောင့် သေဆုံးသွားပြီးတဲ့နောက် ကျန်ရစ်တဲ့ ပစ္စည်းဥစ္စာတွေကို အပိုင်စီးချင်တဲ့ အိမ်ထိန်းတွေ၊ အိမ်ဖော်တွေရဲ့ နှိပ်စက်မှုကိုခံရတဲ့အတွက် အိမ်က ထွက်ပြေးလာခဲ့ရပြီး သိုင်းပညာသင်ပေးဖို့ "ရွှေဓါးဂိုဏ်း" နဲ့ "ဝေစမ်းဂိုဏ်း" ကို အားကိုးတကြီး သွားခဲ့ပေမယ့် နှင်လွှတ်ခံခဲ့ရပါတယ်။
"ယဲ့စီယံ" ဟာ ကံကောင်းထောက်မစွာ "သက်တံ့သီး" နဲ့ "ကျောက်တွင်းရည်" ကို စားသောက်ခဲ့ရတဲ့အတွက် သွေးကြောလွဲတဲ့ရောဂါ ပျောက်ကင်းခဲ့တဲ့အပြင် နဂါးစိမ်းဂိုဏ်းချုပ်ဟောင်း "ကျွန်းအော့"၊ ဖခင်ရဲ့မိတ်ဆွေ "ဝမ်အင်း"၊ ဓါးဝိဇ္ဇာ "တိဝါ" စတဲ့ ထိပ်တန်းသိုင်းပညာရှင်ကြီးတွေနဲ့ ဆုံဆည်းမိရာက "မီးလျှံလက်ဝါးသိုင်း"၊ "ပုလဲနက်သိုင်း"၊ "ငွေကြယ်လက်နက်ပုန်းပညာ"၊ "လူတစ်ကိုယ် စိတ်နှစ်ဖြာပညာ" နဲ့ "နဂါးစိမ်းသိုင်း" တို့ကို တတ်မြောက်ခဲ့ရပါတယ်။
"ယဲ့စီယံ" ဟာ ငယ်စဥ်က စိတ်နာကျည်းချက်တွေကြောင့် "ရွှေဓါးဂိုဏ်း" နဲ့ "ဝေစမ်းဂိုဏ်း" အပါအဝင် တချိန်က သူ့ဖခင်ကိုသတ်ဖြတ်ခဲ့ကြသူတွေကို ပြန်လည်လက်စားချေခဲ့တဲ့အပြင် စိတ်ထင်ရာလုပ်တတ်တဲ့ "ပုလဲနက်သိုင်းသမား" အဖြစ် ကျော်ကြားလာခဲ့ပြီးနောက် တိဗက်နယ်စားကြီး "စွန်းဝူကျင်း" နဲ့ ယှဥ်ပြိုင်ရင်း အတွင်းအား ကုန်ခမ်းသွားခဲ့ပါတယ်။
"ထန်ဂေဟာ" က အိမ်ဖော်မလေး "လောနှင်းစု"၊ "မဟူရာရဲတိုက်" က သခင်မလေး "လျူဝမ်းအော့"၊ "တောင်ဝါတောင်" က ဝတ်ရုံနီသခင်မ "ဝေဟဲနန်း" ၊ "တောင်ပင်လယ်ဂိုဏ်း" က မိန်းကလေး "ဇင်းဝါဝါ"၊ နဂါးစိမ်းဂိုဏ်းချုပ်၊ အဆိပ်လက်ဝါး မြေနဂါး "စန်ရှုယွင်"၊ ဗေဒင်ဆရာ "ကျိုးတကြည်" တို့ရဲ့ ဝိုင်းဝန်းကူညီမှု၊ သမားတော်ကြီး "မုတချို" ရဲ့ ကုသပေးမှုကြောင့် အတွင်းအား ပြန်ရလာတဲ့ "ယဲ့စီယံ" ဟာ စိတ်သစ်လူသစ် ဖြစ်လာခဲ့ပြီး သိုင်းလောကကို ခြိမ်းခြောက်နေတဲ့ "ကြယ်တာရာဓါးပျံသခင်" နဲ့ရင်ဆိုင်ရတဲ့အခါ ... ။
(၂၀၀၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ "တက္ကသိုလ်နေလင်းအောင်" ရဲ့ "မိုက်မိုက်မဲမဲစိန်ခေါ်သံ"၊ ၄ အုပ်တွဲသိုင်းစာစဥ်ဟာ ၂၀၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ "တက္ကသိုလ်ဝင်းကြွယ်" ရဲ့ "ကံကြမ္မာလမ်းကြောင်းပေါ်က သိုင်းသမား"၊ ၄ အုပ်တွဲ သိုင်းစာစဥ်၊ "မိုးကျော်သူ" ရဲ့ "ကြယ်ကြွေဟန်နှင့် ဆည်းဆာမာန်"၊ ၆ အုပ်တွဲ သိုင်းစာစဥ်တို့နဲ့ အတူတူပဲဖြစ်ပြီး ဇာတ်ကောင်အမည်နဲ့ ဇာတ်လမ်း ဇာတ်ကွက်တချို့သာ ကွဲပြားပါတယ်။)
📚 ၄ အုပ်တွဲ