လေလို ထိန်းချုပ်ရ ခက်ခဲပြီး မတရားမှုကို လက်ပိုက်ကြည့်မနေတတ်တဲ့ နာမည်ကျော် ဇာတ်ကောင် "လုံဆင်ပိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
သခင်မ "လီကျန့်ဝှား" ဦးဆောင်တဲ့ "ကျန့်ဝှားချိုးကျေးရွာ" ဟာ သိုင်းပညာအလွန်ထက်မြက်သူတွေချည်း စုစည်းနေထိုင်ကြတာကြောင့် သိုင်းလောကမှာ ထင်ရှားတဲ့ကျေးရွာတစ်ခုဖြစ်ပေမယ့် ဘယ်နေရာ၊ ဘယ်ဒေသမှာ တည်ရှိမှန်း လက်တစ်ဆုပ်စာ လူတချိုကလွဲပြီး ဘယ်သူမှ မသိကြပါဘူး။
ကျော်ကြားမှုကို မလိုလားဘဲ အေးအေးချမ်းချမ်းနေတတ်တဲ့ သခင်မ "လီကျန့်ဝှား" ဟာ လူရှုပ်လူပွေတစ်ယောက်ဖြစ်တဲ့ ခုနစ်စင်ကြယ် လူသတ်သမား "လင့်ချစ်လျှို" ကို ချစ်မိခဲ့ရာက "ကျန့်ဝှားချိုးကျေးရွာ" လည်း မုန်တိုင်းထန်ခဲ့ရပြီး အချစ်စိတ်ကြောင့် "လီကျန့်ဝှား" သေဆုံးသွားပြီးတဲ့နောက် "ကျန့်ဝှားချိုးကျေးရွာ" မှာ အာဏာလုပွဲတွေ ဖြစ်လာခဲ့ပါတယ်။
သခင်မ "လီကျန့်ဝှား" ကို ကြိတ်ချစ်နေတဲ့ "ကျန့်ဝှားချိုးကျေးရွာ" အုပ်ချုပ်ရေးမှူး "ရောင်စုံနတ်ဗျိုင်း" ဟာလည်း "လီကျန့်ဝှား" သေဆုံးသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တဲ့အတွက် ကျေးရွာခေါင်းဆောင်တွေဖြစ်ကြတဲ့ ရုပ်ဖျက်ဝိဇ္ဇာ "ကျွမ်းထိရိ" နဲ့ အထိန်းတော် "စီးစွမ်းဖွေး" တို့က တစ်ဖက်၊ မြစိမ်းရောင်သိုင်းသမား "တိန်းမေရင်း"၊ မိုးကြိုးသရဲ "လီဝူကွေ့" နဲ့ အဆိပ်ဘုရင် "တုရင်း"တို့က တစ်ဖက် အတိအလင်း အားပြိုင်လာကြပါတယ်။
"ကျွမ်းထိရိ" တို့က "ကျန့်ဝှားချိုးကျေးရွာ" ကို မူလအတိုင်း အေးအေးချမ်းချမ်း ရပ်တည်လိုကြပေမယ့် "တိန်းမေရင်း" တို့ကတော့ သူတိုဖော်စပ်ထားတဲ့ အသိဉာဏ်မဲ့ဆေးကို အသုံးချပြီး သိုင်းလောကကို အုပ်စိုးဖို့အထိ ကြံရွယ်လာကြပါတယ်။
အဲဒီနောက်မှာတော့ ဗျိုင်းဝါစံအိမ်ပိုင်ရှင် ဧည့်သည်တော်ဓားသမား "တုထိကျန်း"၊ ဖွေးရှားတောင်ကျေးရွာပိုင်ရှင် ရွှေချိတ်သိုင်းသမား "ဟိုလန်" အပါအဝင် ကျန့်နမ်းနယ်က နာမည်ကျော်သိုင်းသမား ၆ ယောက်ဟာ ရုတ်တရက်ပျောက်ဆုံးသွားခဲ့သလို "ထန်ဂေဟာ" က ထန်အဖိုးအိုရဲ့သမီး "ထန်ကြိုချင်း" ပါ ပျောက်ဆုံးသွားတဲ့အခါ "လုံဆင်ပိ"၊ "ဝေ့ခုံးခုံး"၊ "စုမာရှဲ" တို့လူတသိုက်လည်း ပါဝင်ပတ်သက်လာခဲ့ရပြီး ... ။
📚 ၂ အုပ်တွဲ